Views : 3431  |
Favoured : 75 |
စာဖတ်သူများထံမှ ပေးစာ

သို့ ကိုသံလွင်ရေ . . .
သံလွင်အိပ်မက်က တို့ရဲ့ အသည်းစွဲ အင်တာနက်မဂ္ဂဇင်းတစ်စောင်ပါပဲ။ သံလွင်အိပ်မက်မှာ အကြိုက်ဆုံးကဏ္ဍတွေကတော့ ၀တ္ထုတိုနဲ့ ဆောင်းပါးတွေပဲ။ အရင်တစ်ခေါက်ထွက်တဲ့ အတွဲ ၂၊ အမှတ် ၃မှာ ခေလွန်းရဲ့ ပေါက္ကရတိုင်းပြည်၊ မွန်မွန်ရဲ့ ဖန်တီးရှင်သာ ဖြစ်လိုက်ချင်၊ နိုင်စွမ်းရဲ့ ငယ်ရည်းစားဦးကြီးရဲ့ စာတို့ကို ကြိုက်တယ်။ ဆောင်းပါးထဲက ဆိုရင်တော့ မောင်ပွတ်ရဲ့ သိထားသင့်တဲ့ စင်္ကာပူနဲ့ ကိုလေး(ဆေး ၁)ရဲ့ အစားအသောက် မဆင်ခြင်တဲ့အခါတို့ကို ကြိုက်တယ်။ သံလွင်မဂ္ဂဇင်းထွက်တိုင်း တို့ အရင်ဆုံး ဖတ်ဖြစ်တာတော့ သံလွင်မောင် ရဲ့ သူငယ်ချင်းသို့ပေးစာပဲ။ သူက အရမ်းရယ်ရတယ်။ ပြီးတော့ ရေးတဲ့ အကြောင်းအရာတွေက လတ်တလောဖြစ်ပျက် နေတာတွေကို သရော်သလိုလို ခနဲ့သလိုလိုနဲ့ ရေးထားတာ။ အရမ်းကောင်းတယ်။ တို့အရမ်းကြိုက်တယ်။ သူ့ရဲ့ အရေးအသားကလည်း ကောင်းတော့ ဖြစ်နိုင်ရင် တခြားဝတ္ထုလေးတွေလည်း ရေးပါလားလို့။ သံလွင်အိပ်မက် အဓွန့်ရှည်ပါစေ။
မိုးကဗျာ
ရန်ကုန်
မမိုးကဗျာရေ
သံလွင်ကို အမြဲအားပေးနေတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း ကောင်းသထက်ကောင်းအောင် အမြဲကြိုးစားနေဆဲပါ။ ကိုသံလွင်မောင်ကိုလည်း ပြောပြလိုက်ပါတယ်။ ကိုသံလွင်မောင်ရဲ့ စာတွေကို ဝေဖတ်ချင်တယ်ဆိုရင် သူ့ဝတ္ထုရဲ့အောက်မှာလည်း Commentပေးပြီး တိုက်ရိုက်ဝေဖန်နိုင်ပါတယ်။
- - - - - - - - - - - - - - - - - -
သို့သံလွင်အယ်ဒီတာ
သံလွင်အိပ်မက်ဟာ အစစအရာရာ ကောင်းမွန်တဲ့ မဂ္ဂဇင်းတစ်စောင်ပါ။ ဒါပေမယ့် သံလွင်အိပ်မက်မှာ စင်္ကာပူအကြောင်းတွေပဲ အများစုပါဝင်သောကြောင့် ကျွန်တော်တို့လို ကမ္ဘာ့အထွေထွေဗဟုသုတတွေ ရှာဖွေလိုတဲ့ စာဖတ်ပရိသတ်အတွက် ဖတ်စရာများများစားစား မရှိဘူးဖြစ်နေပါတယ်။ ဥပမာ၊ အမေရိကန်နိုင်ငံမှာ နေထိုင်ရန်တို့၊ သြစတြေးလျနိုင်ငံအကြောင်း။ အခုဟာက ဖတ်လိုက်ရင် တစ်ခါလာလည်း စင်္ကာပူ၊ တစ်ခါလာလည်း စင်္ကာပူဆိုတာချည်းပဲဖြစ်နေတယ်။ အဲဒီလိုမဖြစ်အောင် အယ်ဒီတာမင်းများအနေနဲ့ ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။
လေးစားစွာဖြင့်
မိုက်ကယ်(စင်္ကာပူ)
ကိုမိုက်ကယ်ရေ
အခုလို ဝေဖန်အကြံပေးလာတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ ကျွန်တော်တို့ သံလွင်အိပ်မက်ရဲ့ မူမှာကိုက စင်္ကာပူနိုင်ငံ၊ မြန်မာနိုင်ငံရယ်လို့ ဦးစားပေးထုတ်ဝေနေတာမျိုး မဟုတ်ပါဘူး။ သံလွင်အိပ်မက်ကို စတင်ထုတ်ဝေကတည်းက ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ မြန်မာလူမျိုးများအတွက် သုတ၊ ရသရရှိအောင် ရည်ရွယ်ပြီး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း သံလွင်အိပ်မက်ရဲ့ စာရေးသူအများစုဟာ စင်္ကာပူနိုင်ငံက ဖြစ်နေရတာတစ်ကြောင်း၊ တခြားနိုင်ငံများမှ စာရေးသူများထံမှလည်း သူတို့နေထိုင်ရာ နိုင်ငံအကြောင်း စာမူများ မရရှိတာက တကြောင်းတို့ကြောင့် တခြားနိုင်ငံများရဲ့ အကြောင်းများကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ငံခြင်းမရှိခဲ့ပါ။ အရင်ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းများမှာ ထိုင်းနိုင်ငံမှာ နေထိုင်မှု ပုံစံအကြောင်း၊ မလေးရှားနိုင်ငံ နယူးယောက်မြို့သို့ အလည်တစ်ခေါက်ဆိုတဲ့အကြောင်း၊ ၀ါရှင်တန်က ပြတိုက်တွေအကြောင်း စတာတွေကို အလျဉ်းသင့်သလို ဖော်ပြခဲ့ပြီး နောက်ပိုင်း တခြားနိုင်ငံအကြောင်း ရသမျှ စာမူများကိုလည်း ကြိုးစားပြီး ဖော်ပြသွားပါမယ်။
- - - - - - - - - - - - - - - - -
ကိုသံလွင်ရေ

ကျန်ခဲ့တဲ့ အောက်တိုဘာလထုတ် သံလွင်အိပ်မက်မှာ ကိုနေဘုန်းလတ်ရဲ့ ကဗျာလေးကို ဖော်ပြပေးလို့ ကျေးဇူးပဲနော်။ သူဘာဖြစ်လို့ အဖမ်းခံရတာလဲဟင်။ သူ့ရဲ့ ဘလော့ခ်ကိုလည်း သွားဖတ်ဖူးပါတယ်။ ဘာပြစ်မှုမှ ကျူးလွန်တဲ့ လူတစ်ယောက်မဟုတ်ဘူးလို့ ဇာတို့တော့ ထင်တာပဲ။ ဇာ့ သူငယ်ချင်းတွေ အားလုံးကလည်းလေ သူ့ကို အရမ်းသနားနေကြတာ။ သူအဖမ်းခံရတဲ့ အတွက် သံလွင်အိပ်မက်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာဦးမှာလဲ။ သူ အမြန်ဆုံးလွတ်မြောက်လာဖို့အတွက်ကလွဲပြီး ကျန်တာ ဘာများတတ်နိုင်ဦးမှာလဲ . . ဟင် ။
ဇာဇာလွင်
(ခေတ္တ - ထိုင်းနိုင်ငံ)
မဇာဇာလွင်ရေ
နေဘုန်းလတ်ရဲ့ ကဗျာ၊ ဆောင်းပါးတွေကို ပုံမှန်လေး ဖော်ပြသွားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားထားပါတယ်။ သူအဖမ်းခံရခြင်း အကြောင်းကတော့ သတင်းတွေမှာ မြင်ရကြားရတဲ့အတိုင်း ဗီဒီယိုအက်၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ အီလက်ထရောနစ်အက်တွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ဝင်တစ်ယောက် အဖမ်းခံထားရတဲ့ အတွက် ကျွန်တော်တို့ ကိုယ်တိုင်လည်း ခံပြင်းမိပါတယ်။ သူထိန်းသိမ်းခံထားရပေမယ့် သံလွင်အိပ်မက်အနေနဲ့ ကျွန်တော်တို့ အတူတကွ ရည်ရွယ်ထားတဲ့ လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာပါ။
|
|