Views : 7611  |
Favoured : 92 |
ဗေဒင်
သံလွင်ကဝိ
မြန်မာ့အမှု၊ ရှေးကပြုသည့်၊ မဟာသင်္ကြန်၊ ရောက်ကျချိန်ဝယ်၊ ပုဏ္ဏားပုရောဟိတ်၊ ပညာ့ထိပ်တို့၊ ဧကရာဇ်အပါး၊ ခစားရှိခိုး၊ အမျိုးမျိုးသည့်၊ နက္ခတ်ဝိကြုံ၊ ပြဿဒါးနဂါး၊ ဂြိုလ်သွားဂြိုလ်လှည့်၊ တခုမလပ်၊ တစ်နှစ်စာဖတ်ညွှန်း၊ ဤမော်ကွန်းကို၊ သင်္ကြန်စာခေါ်၊ မဟာအကျော်တို့၊ စီစဉ်ဖတ်ညှပ်၊ စီရင်အပ်သည်၊ အို...သံလွင်ဖတ်သူ၊ စာချစ်သူတို့၊ မှတ်သားဖတ်ရှု၊ သတိပြုလော့။
ခရစ်သက်နှစ်၊ ၂၀၁၁၊ လ-ကားဧပြီ၊ သင်္ကြန်ရောက်ပြီ၊ မြန်မာနှစ်ကား၊ မနှစ်ထက်တစ်နှစ်တိုး၊ ကျွန်ုပ်မသိရိုး၊ မှန်ပါသဖြင့်၊ ကိုယ့်ဟာကိုယ်ကြည့်၊ သိကြလေရော့။
ဂြိုလ်ခွင်နက္ခတ်၊ အရပ်ရပ်တွင်၊ ကောင်းစွာသတ်မှတ်၊ သိကြားအမှန်၊ သူ့စက်ပျံမှာ၊ ကြက်ဆူဆီသုံး၊ စက်မှုဇုန်ထုတ်၊ ဖုတ်ဖုတ်မြည်သံ၊ ကာရံညီလျက်၊ နတ်နန်းမှဆင်း၊ တဗျင်းဗျင်းနဲ့၊ ပရာဒိုအခွံပြောင်း၊ သူများပြန်ရောင်း၊ ကားအဟောင်းကို၊ မာတလိမောင်း၊ မာဃနောက်ခန်း၊ ဘယ်ညာမောင်းမ၊ ချွေရံထိမ်းလျက်၊ နဝင်းလည်းကိုက်၊ အရင်းမစိုက်ရအောင်၊ ဟိုင်းဝေးမှဆင်း၊ ကြပ်ပြေးနန်းတွင်း၊ ပါကင်ဝင်ထိုး၊ ထင်တိုင်းဆိုး၏။ ခေတ်ပေါ်သိကြား၊ အဆင်းအားတွင်၊ ဘယ်လက်iPad ၊ သွက်သွက်ပွတ်၍၊ အင်တာပျက်အား၊ ဆက်ဆက်ဆင့်ခေါ်၊ အော်ပါသော်လည်း၊ ကော်နက်ရှင်ဒေါင်း၊ လက်ပါညောင်းအံ့။ ထိုသိကြားသည်၊ ညာလက်အတွင်း၊ ဘောလုံးကိုပိုက်၊ ဓာတ်ရိုက်ဓာတ်ဆင်၊ ပြည်သူရွှင်အောင်၊ ချစ်ကြည်ရေးလည်း၊ ကစားအံ့။ နတ်တစ်သောင်းအား၊ ရှိငြားသော်လည်း၊ ထားစရာမရှိ၊ ဟိုလူကိုင်ဘိ၊ ဒီလူကိုင်ကြည့်၊ ပြုတ်ကျရဲဘိ၊ ဇယားကပ်မည့်၊ ဗြဟ္မာဦးခေါင်း၊ လှည့်အပြောင်းတွင်၊ LuckyDraw ဖောက်၊ နောက်တစ်ယောက်လွှဲ၊ တဲနန်းအတွင်း၊ စောင့်စားစံပျော်၊ ဟိုလူ့ကတော်၊ ကြိုင်မယ်တော်ကို၊ အလှည့်ပေးခိုက်၊ စရိုက်မလျော်၊ ဦးခေါင်းတော်ကို၊ တရုတ်ပြည်ရောင်း၊ ငွေအိတ်ဖောင်းအံ့။ ဤကား မဟာသင်္ကြန်အလိုတည်း။
တနင်္ဂနွေ
ယခုနှစ်သစ်ကူးသည် တနင်္ဂနွေနေ့တွင် ကျရောက်သဖြင့် တနင်္ဂနွေသားသမီးများအနေဖြင့် ကံကောင်း၊ ကုသိုလ်ထူးမည်ဆိုသည်မှာ ပြောအံ့ပင် လိုမည်မထင်ပါ။ အုန်းပင်အောက်ရပ်နေခိုက် အုန်းသီး ခေါင်းပေါ်ကြွေကျခြင်း၊ အရက်နာကျကာ အံဖတ်ဆို့ခြင်းများသည် တနင်္ဂနွေသားသမီးများအတွက် နံတူအကျိုးပေးခြင်းပင်ဖြစ်သည်။ စီးပွားရေးလုပ်ချင်သူများအနေဖြင့် အိမ်သာတွင် ဝင်ကြေးကောက်ခံခြင်းဖြင့် ဝင်ငွေရှာပါ။ ကျန်းမာရေးတွင် အကြိတ်အဖုများကြောင့် အောက်ပိုင်း သေတတ်သည်။ ယတြာအနေဖြင့် အပ်တစ်ချောင်းကို ဦးနှောက်ထဲရောက်အောင် ရိုက်သွင်းပြီး “အလံခိုးခဲ့ပြီ” ဟု ရပ်ကွက်ထဲ လှည့်ပြောပါ။
တနင်္လာ
ကြောင်စီစီနိုင်သော တနင်္လာသားသမီးများ ငွေကုန်ကိန်းများနှင့် ဆက်တိုက်ကြုံရဖွယ်ရှိသည်။ ပညာရေးတွင် ထွန်းပေါက်လိုသူများ ဂိမ်းကစားခြင်း၊ ကျောင်းပြေးခြင်း၊ ဂျင်ပေါက်ခြင်းများ ကြိုးစားပြုလုပ်ပါ။ နိုင်ငံရေးစိတ်ဝင်စားသူများ အနေဖြင့် ငတ်ကိန်း၊ ခြေကျင်းခတ်ခံရကိန်းများကို ရွေးကောက်ပွဲမတိုင်ခင်ကလိုပင် ထင်ထင်ရှားရှား မြင်နေရသည်။ ကျန်းမာရေးတွင် ကင်ဆာဖြစ်တုန်း ခွေးကိုက်ခံရသဖြင့် ကြက်တုပ်ကွေးမိပြီး ငှက်ဖျားဖြင့် ကွယ်လွန်သွားတတ်သည်။ ယတြာချေလိုသူများအနေဖြင့် တနင်္လာနေ့တစ်နေ့လုံး ခွေးကို ကုန်းနှီးဆင်၍ ခွေးစီးခရီးထွက်ပါ။
အင်္ဂါ
ဒီနှစ်အတွင်း စောရနက္ခတ်နဲ့ ယှဉ်နေတဲ့ အင်္ဂါသားသမီးတွေဟာ ညရေးညတာ စိတ်မချသင့်ပါဘူး။ ဆံပင်ဖြောင့်ရင်း မီးကျွမ်းသွားတာ၊ ဇီးသီးစားရင်း  အစေ့နင်တာ၊ ဆော်နောက်လိုက်ရင်း ဆိုက်ကားနင်းခံရတာတွေ ကြုံနိုင်တာကြောင့် ကံကောင်းနေတဲ့ကာလပါ။ ပညာရေးမှာ စာမေးပွဲကို စိတ်မပါ၊ လက်မပါဖြေမိတာကြောင့် မအောင်ဘူးဆိုတာကို စိတ်ချထားနိုင်ပါတယ်။ ဈေးထဲမှာ ဆပ်ပြာပူဖောင်းရောင်းခြင်းဟာ အင်္ဂါသားသမီးတွေအတွက် အသင့်တော့်ဆုံး စီးပွားရေးပါပဲ။ ကျန်းမာရေးမှာတော့ ဆေးမှားသောက်မိလို့ ဆေးရုံအထိတောင် မခံဘဲ ဇရပ်မှာပဲ အသုဘအချခံရကိန်းရှိနေပါတယ်။ ယတြာအနေနဲ့ ဆိတ်တစ်ကောင်ကို စားပွဲပေါ်တင်၊ “တစ်ဆိတ်ကို တစ်အိတ်လုပ်ပါတယ် ဆရာကြီးခင်ဗျာ/ရှင့်” လို့ ရိုရိုသေသေပြောပြီး ဆိတ်ချေး(ချီး)ကို ဆန်အိတ်တစ်လုံး အပြည့်ရအောင် စုပါ။
ဗုဒ္ဓဟူး
ရေငတ်တုန်း ရေတွင်းထဲကျသွားတဲ့ ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ရေပါနစ်သွားတတ်ပါတယ်။ လူတကာနဲ့ ရေလိုက်ငါးလိုက်နေမိတာကြောင့် ရောဂါမျိုးစုံရတတ်ပါတယ်။ ယောင်ကိုင်းတဲ့ရောဂါခံစားရပြီး ရေဝေးရောက်ကိန်းရှိပေမယ့် မုန့်ဟင်းခါးကောင်းရင် ရက်လည်ကတော့ စည်ကားမှာပါ။ ပညာရေးမှာ ရူးကြောင်မူးကြောင် လုပ်မိတာကြောင့် ဘွဲ့ရဖို့အရေး နှောင့်နှေးနိုင်ဖွယ်ရှိသည်။ ရည်းစားစကားလိုက်ပြောရင်း ရဲစခန်းရောက်ပြီး လေးညခန့် အချုပ်ခံရနိုင်သည်။ လမ်းတကာလှည့် လျက်ဆားရောင်းခြင်းဖြင့် အသက်မွေးပါ။ ကံကောင်းမှုများ ရရှိနိုင်စေရန် ညတိုင်း ရေနံချေးတစ်ခွက်သောက်ပြီး ရပ်ကွက်ထဲ လှည့်ဆဲပါ။
ကြာသပတေး
ယခုလများအတွင်း ကြာသပတေးသားများ ပိုးထိနိုင်ပြီး ကြာသပတေးသမီးများ မိချောင်းကိုက်ခံရနိုင်သည်။ သို့သော် ပရုတ်ဆီလိမ်းက  ပျောက်နိုင်သည်(အသက်)။ ဖယောင်းတိုင်မီးကြောင့် အရှေ့ ၇ အိမ်၊ အနောက် ၇ အိမ် ပြာဖြစ်အံ့။ နှလုံးသားရေးကို ဦးစားပေးမိသူတို့ကြောင့် ပထွေး၊ မိထွေး ပေါပေါများများ ရကိန်းရှိသည်။ ပညာရေးတွင် အစိုးရကျေးဇူးကြောင့် ဘုန်းကြီးလူထွက်များ ပါရဂူဘွဲ့ရအထိဖြစ်တတ်သည်။ စီးပွားရေးစတင်လိုသူများ ဖဲရိုက်ခြင်း၊ မိလ္လာကျင်းတူးခြင်းတို့သည် အကောင်းဆုံးဖြစ်အံ့။ ယတြာအနေဖြင့် ပျားအုံကို ခဲဖြင့်ပေါက်ပြီး ထိုပျားအုံအောက်တွင် တရားထိုင်ပါ။
သောကြာ
သ၊ဟ ပါသော သောကြာ သားသမီးများ သချိုင်းမသွားမီ သမ္မတဖြစ်ကိန်းရှိသည်။ ဖြစ်ကိုဖြစ်ရမည်။ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ရမ်းသမ်းပြောတတ်သဖြင့် သွေးရဲရဲ သံရဲရဲ ဖြစ်တတ်သည်။ သိပ်ချစ်တတ်သူများ သူရဲဘောကြောင်သူနှင့် ရည်စားဖြစ်တတ်သည်။ ပညာရေးတွင် သိပ်မဟန်ဘဲ ကျပြီးရင်း ကျနေတတ်သဖြင့် အတန်းပိုင်နှင့် ကျူရှင်အမြန်ယူပါ။ စီးပွားရေးတွင် ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်တတ်သည်။ အကောင်းဆုံးလုပ်ငန်းမှာ သန်းခေါင်စာရင်းအတုလုပ်ခြင်း၊ သင်္ကန်းခိုးခြင်းများဖြစ်သည်။ ယတြာမှာ “သေးမပေါက်ရ” ဟု ရေးထားသောနေရာ ၅ ခုတွင် “ဒါဆို အီအီးပါတယ်ကွာ” ဟု ရေရွတ်ပြီး ကျင်ကြီးစွန့်ပါ။
စနေ

စနေသားသမီးများ တောင်တောင်အီအီ စဉ်းစားနေခြင်းကြောင့် ထုံထုံထိုင်းထိုင်းဖြစ်နေတတ်သည်။ ထိပ်တန်းတွင် နေချင်သော်လည်း တံတွေးခွက် ပက်လက်မျောနေတတ်သည်။ ပညာရေး ကံကောင်းသော စနေသားသမီးများမှာ တောင်ကိုရီးယား၊ ထိုင်းစသော နံတူနိုင်ငံများ မသွားရသော်လည်း နေပြည်တော်တွင် ကြီးပွားအံ့။ စီးပွားရေးတွင် “တုတ်” နှင့်ပတ်သတ်သော လုပ်ငန်းများ ဥပမာ ဝက်သားတုတ်ထိုး၊ သွားကြားထိုးတံလုပ်ငန်းများ အကျိုးပေးသည်။ ကျန်းမာရေးတွင် နှလုံးကြေမွသော ဒဏ်ရာဖြင့် အသက်ဆုံးနိုင်သည်။ ယတြာမှာ ရေအပြည့်ရှိသော တိုင်ကီတစ်လုံးထဲ တစ်ရက်လုံး ဝင်ထိုင်နေပါ။
သံလွင်ကဝိ
|