Home အင်တာဗျူး
24 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့285
mod_vvisit_counterမနေ့က2489
mod_vvisit_counterတစ်ပတ်အတွင်း8284
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း9802
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2890209
Join us in Facebook
Facebook Fanbox 1.5.x.0
အင်တာဗျူး

Views : 4208    

Favoured : 89

Share

မဖြူဖြူသင်းနှင့် အင်တာဗျူး


www.thanlwin.comAIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ မြန်မာနိုင်ငံကို နှိပ်စက်နေတဲ့ ရောဂါကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ တတိယကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ရောဂါတိုးပွားမှုနှုန်း မြင့်တက်လာနေတာကို ထိမ်းသိမ်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ သနားစရာကောင်းတဲ့ ဝေဒနာရှင်တွေကို စောင့်ရှောက်ကြဖို့အတွက် အစိုးရကိုချည်း မှီခိုမနေဘဲ ပရဟိတသဘောနဲ့ အဖွဲ့အစည်းလေးတွေဖွဲ့ပြီး တတ်နိုင်သလောက် ဆောင်ရွက်နေကြသူတွေထဲမှာ တောင်ဒဂုံမြို့နယ်က မဖြူဖြူသင်းနဲ့ အဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ပြီး ဝေဒနာရှင်တွေကို စိတ်ရောကိုယ်ပါ နွေးထွေးကျန်းမာလာအောင် စောင့်ရှောက်မှုပေးနေတဲ့ မဖြူဖြူသင်းက သံလွင်အိပ်မက်ရဲ့ မေးခွန်းတွေကို အခုလို ဖြေကြားပေးခဲ့ပါတယ်။


မေး - အစ်မတို့ ဒီလုပ်ငန်းလေး ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းကို သိပါရစေ။

ဖြေ - ဒီလုပ်ငန်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၂ ခုနှစ်မှာ ကျမတို့ လူငယ် ၂၀ ကို UNDP က ပြုလုပ်တဲ့ ခုခံအားကျဆင်း ကာကွယ်တားဆီးတိုက်ဖျက်ရေး သင်တန်းစေလွှတ် တက်ခိုင်းကတည်းက စတင်လုပ်ကိုင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။



မေး - ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ သူ အထိန်းသိမ်းခံကာလ ပြီးဆုံးတော့ အစ်မတို့ဆီကို အလည်လာပြီး အားပေးစကားတွေ ပြောခဲ့တယ်နော်။
ဒေါ်အောင်ဆန်းစုကြည် လာပြီးတဲ့ အချိန်နဲ့ အရင်က အချိန်တွေ ဘာကွာခြားသွားသေးလဲခင်ဗျ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးချိန်နဲ့ လွတ်မြောက်ပြီး အစ်မတို့အိမ်ကိုလာတဲ့ အခြေနေဟာ အစစအရာရာ ကွာခြားတယ် ပြောရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် မလာခင်ကအခြေနေက ပတ်ဝန်းကျင်ကလည်း မကြည်ဖြူ၊ လှုဒါန်းမယ့်သူကလည်း နည်းပါးဆိုသလို ဒုက္ခအမျိုးမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။ အခုတော့ အနည်းငယ် အသက်ရှုချောင်လာပြီလို့ ပြောရင်ရပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေကတော့ ရှိမြဲရှိနေတာပဲ ဖြစ်ပါတယ်။



မေး - ဟုတ်ကဲ့ပါ။ အစ်မတို့က ဝေဒနာရှင်တွေကို လက်တွေ့ကူညီနေတာဆိုတော့ မြန်မာနိုင်ငံမှာ AIDS ဝေဒနာရှင် ဘယ်လောက်လောက်ရှိပါသလဲ။ တစ်နှစ်ကို ဘယ်လောက်နှုန်းနဲ့ တိုးပွားလာနေပါသလဲ သိပါရစေ။

ဖြေ - ဒီမေးခွန်းဟာ အင်မတန်ဖြေရခက်တဲ့မေးခွန်းပါ။ လက်ရှိတိုင်းပြည်ကို ချုပ်ကိုင်အုပ်စိုးထားတဲ့ အာဏာပိုင်များတောင် ဒီစာရင်းကို သေချာမကောက်ယူနိုင်ပါဘူး။ ပျမ်းမျှကို ပြောပါဆိုရင်တော့ အစိုးရက ထုတ်ပြန်တဲ့စာရင်းကိုပဲ ပြောရမှာ ဖြစ်နေပါတယ်။ အစိုးရကလည်း အမြဲတစေ လျော့ပါးနေပြီလို့ ပြောသလို အစိုးရဖက်လိုက်ပြီး လျော့သွား ပြီပြောတဲ့ အန်ဂျီအိုတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် တိကျခိုင်လုံမှုနည်းပါးလို့ မဖြေပါရစေနဲ့။



မေး - ကျွန်တော်တို့ သိရသလောက်တော့ နိုင်ငံတကာအနေနဲ့ ရောဂါဖြစ်နှုန်းလျော့သွားပြီပေါ့နော်။ မြန်မာပြည်မှာတော့ ဆက်ပြီးတိုးပွားလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ - ဒါက သက်ဆိုင်ရာ အစိုးရတွေနဲ့သာ ဆိုင်တယ်ထင်ပါတယ်။ အစိုးရက ပိတ်ပင်ထားလေ ဒီရောဂါဖြစ်နှုန်း တိုးလာလေ ဖြစ်မှာပါ။ အခြားအချင်းအရာတွေကို ပြောရရင်တော့ အချက်လက် တော်တော်လေးများပါတယ်။ မိရိုးဖလာယဉ်ကျေးမှု အရှက်တရား၊ စီးပွားရေးကျပ်တည်းမှု၊ အသိပညာနည်းပါးမှု၊ အထူးသဖြင့်တော့ ကျန်းမာရေး အသိညဏ် မပွင့်လင်းမှုတွေဟာ ဒီရောဂါကို လက်ဆင့်ကမ်းစေတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရောဂါဖြစ်နှုန်း လျော့သွားပြီဆိုပေမယ့် မြန်မာပြည်မှာ ဆက်လက်တိုးပွားနေတာ ဖြစ်ပါတယ်။



မေး - ဒီလိုဆို အခုလို တိုးပွားလာနေတာကို ဘယ်လို ကာကွယ်ရပါမလဲ။

ဖြေ - ဒါကတော့ လူသားမျိုးနွယ်တစ်ခုလုံးနဲ့ကို သက်ဆိုင်ပါတယ်လို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ တံခါးမရ၊ှိ ဓားမရှိဆိုသလို သွားရောက် အလုပ်လုပ်ကိုင်နေရလို့ပဲ ဖြစ်ပါတယ်။ ရောဂါကာကွယ်ဖို့ဆိုတာ အဓိကတာဝန်အရှိဆုံး အစိုးရက စနစ်တကျ လုပ်ကိုင်မှသာ လျော့နည်းသွားမှာပါ။ ဒါပေမယ့် ဒီတိုင်းပြည်မှာတော့ အစိုးရကလုပ်မှာ မဟုတ်တဲ့အတွက် ကျမတို့ပြည်သူလူထု၊ ပြည်သူလူုထုဆိုရာမှာ ပြည်ပရောက်နေသူများကိုလည်း ဆိုလိုပါတယ်။ လူမှုဝန်ထမ်း အဖွဲ့စည်းတွေ အသိသတိရှိရှိ တိုက်ဖျက်ပါလေမှ လျော့နည်းကျဆင်းသွားလိမ့်မယ်လို့ ပြောပါရစေ။


မေး - မြန်မာနိုင်ငံအတွင်းမှာ အစ်မတို့လို လုပ်နေတဲ့ အဖွဲ့အစည်းပေါင်း ဘယ်လောက် ရှိပါသလဲ။

ဖြေ - မြန်မာပြည်မှာ HIV နဲ့ပတ်သက်လို့ လုပ်နေတဲ့အဖွဲ့စည်း နှစ်ရာနီးပါးရှိပါတယ်။ ဒါပေမယ့် အစ်မတို့လို အစိုးရနဲ့ အကင်းဆုံးအဖွဲ့ကို ပြပါဆိုရင်တော့ ကျမတို့အဖွဲ့ရယ်၊ ကိုကျော်သူ၊ မရွှေဇီးကွက်မသန်းမြင့်အောင်တို့ပဲ ရှိတယ်ပြောရမှာပါ။



မေး - ခုလောလောဆယ် အစ်မတို့ဆီမှာ လူနာ ဘယ်နှယောက်လောက် ရှိပါသလဲ။

ဖြေ - ၂၀၀၂ ကနေ ဒီကနေ့ အထိလူနာ ငါးထောင်ကျော် ရှိသွားပါပြီ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ ဂေဟာတွေမှာ လာရောက်ဆေးကုသသူ၊ ဆေးထုတ်သူ အရေတွက်ကတော့ နေ့စဉ် တစ်ရာ့နှစ်ဆယ်ကနေ တစ်ရာ့ငါးဆယ်ကြားရှိပါတယ်။www.thanlwin.com



မေး - မနည်းလှတဲ့ အရေအတွက်ပါ အစ်မရေ။ ဒီလူမှုကူညီရေးလုပ်ငန်းလေးအတွက် တစ်လတစ်လကုန်ကျစရိတ်က ဘယ်လောက်လောက် ရှိပါသလဲ။

ဖြေ - လူနာဆေးဖိုး၊ အာဟာရ၊ လမ်းစရိတ်၊ ဆေးခန်းပြခ အစရှိတာတွေ ပေါင်းလိုက်ရင် တစ်လကို သိန်းတစ်ရာ့သုံးဆယ်ကျော်ကုန်ပါတယ်။



မေး - ဒီတော့ အဓိက ဘယ်က ၀င်ငွေတွေနဲ့ လည်ပတ်နေပါသလဲ။ တကယ်လို့ အလှူငွေတွေ ရပ်တန့်သွားမယ်ဆိုရင် ဘယ်လိုဆက်လက် ရပ်တည်မယ်မှန်းထားပါသလဲဗျာ။

ဖြေ - ကျမတို့ အဓိက အလေးထားတာကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေပဲ ဖြစ်ပါတယ်။ အလှုငွေရပ်တန့်သွားမယ်ဆိုတဲ့ အတွေးမျိုးကိုတော့ မတွေးမိသေးပါဘူး။ မေးခွန်းကို ဖြေရရင်တော့ ကျမတို့ အခြားသော လူနာဖွံ့ဖြိုးရေးတွေ လုပ်ထားတာတော့ ရှိပါတယ်။ ဒီလိုနည်းနဲ့ပဲ ရပ်တည်သွားမယ် စိတ်ကူးထားပါတယ်။


မေး - အလုပ်လုပ်နိုင်စွမ်းရှိနေသေးတဲ့ လူနာတွေအတွက် အသေးစား လက်မှုလုပ်ငန်းလေးများ ဖန်တီးပြီး အဖွဲ့အတွက် ရန်ပုံငွေရှာမယ့် အစီအစဉ်မျိုး ရှိပါသလား။

ဖြေ - အဲ့ဒီအစီစဉ်ကို အစောကြီးကတည်းက လုပ်ထားပေးပါတယ်။ ဥပမာ စိုက်ပျိုးရေးလုပ်ငန်းလိုဟာမျိုး၊ ဥပမာစက်ချုပ်သင်ပေးပြီး အလုပ်ရှာပေးတာမျိုးတွေ၊ မွေးမြူရေုးလုပ်ငန်းတွေ အရင်းနှီးထုတ်ပြီး ဈေးရောင်းစေတာမျိုးတွေကို မပြတ်လုပ်ဆောင်ထားပေးပါတယ်။


မေး - ဟုတ်ကဲ့ပါ။ နောက်တခုက လူနာတစ်ယောက်အတွက် တစ်ရက်စာ ဆေးဖိုးဝါးခက ဘယ်လောက်ရှိပါသလဲ။

ဖြေ - ရောဂါအလေးပေါ့ပေါ် မူတည်ကုန်ကျနေတာဖြစ်လို့ ဒီမေးခွန်းကို တိတိကျကျ ဖြေလို့မရပါဘူး ဒါပေ မယ့် အကြမ်းဖျင်း ကုန်ကျစရိတ် အမြင့်ဆုံးလူနာအတွက် စရိတ်က သိန်းနဲ့ချီ ကုန်ကျပြီးတော့ အနည်းဆုံး လူနာကတော့ သောင်းဂဏန်းရှိပါတယ်။



မေး - AIDS ထိန်းဆေးအကြောင်းလေး အတိအကျ ပြောပြပေးပါလား။

ဖြေ - ဒီဆေးကို ဗမာပြည်မှာတော့ အလွယ် သုံးမျိုးပေါင်းလို့ ခေါ်ဆိုနေကြတာပါ။ ရောဂါဖြစ်ပြီး စီဒီဖိုး အကောင့်နည်းတဲ့ လူနာတွေ သောက်ရတာပါ။ lamivudine 30mg +  stavudine150mg + nipravine200mg ပါဝင်တဲ့ဆေးကို စတင် သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးတန်ဖိုးက သုံးသောင်းဝန်းကျင်ရှိပြီး မြန်မာပြည်မှာ အလွယ်တကူ ၀ယ်လို့ရပါ တယ်။ ဒီဆေးဝါးအာနိသင်ဟာ တစ်လုံးကို ဆယ့်နှစ်နာရီခံတာဖြစ်ပြီး အချိန်တိတိကျကျ သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးသောက်သုံးမှု နှစ်ကြိမ်ထက် ပိုပြီးပျက်ကွက်ရင် ဒုတိယအဆင့်ဖြစ်တဲ့ ဆေးဝါးတွေကိုသောက်သုံးရမှာပါ။ ဒီဒုတိယအဆင့်ဆေးဝါးတွေကိုလသောက်သုံးရရင်တော့ သုံးသိန်းအထက်ဖြစ်ပြီးတော့ ဆေးကလည်း ၀ယ်ဖို့မလွယ်ကူပါဘူး။



မေး - လူနာတွေ အတွက် အဓိက လိုအပ်ချက်တွေက ဘာတွေပါလဲ။

ဖြေ - လူနာတွေကတော့ အဓိက၊ သာမည ကွဲပါတယ်။ တော်တော်ဆင်းရဲတဲ့ လူနာဆိုရင်တော့ အစစအရာရာ ကျမတို့က ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ အဓိက လိုအပ်ချက်တစ်ခု ပြောပါဆိုရင်တော့ ဆေးဝါးသာဖြစ်ပါတယ်။



မေး - လူနာတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေတဲ့အရာတွေကရော။

ဖြေ - လူနာအချင်းချင်းအားပေးခြင်းဟာ သူတို့စိတ်ဓာတ်ကို မြှင့်တင်ရာ ရောက်ပါတယ်။ နောက် သူတို့စိတ်ဝင်စားတဲ့ ရုပ်ရှင်ကြည့်တာ၊ သူတို့ကြိုက်တဲ့ အဆိုတော်တွေ သီချင်းနားထောင်တာနဲ့ လူကောင်းတွေက သူတို့အပေါ် နွေးထွေးပေးတာ၊ သူတို့ကို နားလည်မှု အပြည့်ပေးတာမျိုးတွေဟာ သူတို့စိတ်ဓာတ်ခွန်အား တက်စေတဲ့အရာတွေ ဖြစ်ပါတယ်။


မေး - ဟုတ်ပါပြီ အစ်မရေ။ နောက်တစ်ခု မေးချင်တာက ဒီလုပ်ငန်းလေးအတွက် အဓိက အဟန့်အတား အခက်အခဲတွေက ဘာတွေပါလဲ။

ဖြေ - အာဏာပိုင်တွေ ဟန့်တားနှောင့်ယှက်မှုက လုပ်ငန်းလုပ်ရာမှာ အင်မတန် အခက်တွေ့စေပါတယ်။ ကူညီမှုမရတဲ့အပြင် တောက်လျောက် နှောင့်ယှက်နေတာက အကြီးမားဆုံး အခက်ခဲဖြစ်ပါတယ်။



မေး - ပြည်တွင်းက ကူညီချင်တဲ့လူတွေ ရှိရင် အစ်မကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းလို့ ရပါသလား။ ပြည်ပကဆိုရင်ရော ဆက်သွယ်လှူဒါန်းလို့ ရနိုင်မယ့်လူများ ရှိပါလား။

ဖြေ - ကျမ အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။ ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ၊ ကျမ ဒီလူနာတွေ အသက်ဆက်ဖို့ အလှုငွေကို လက်ခံသွားမှာပါ။ ကျမဆီ တိုက်ရိုက်လှူလည်း ရပါတယ်။


မေး - အခုလို သံလွင်အိပ်မက်ရဲ့ အင်တာဗျူးကဏ္ဍမှာ ဖြေကြားပေးခဲ့တဲ့ မဖြူဖြူသင်းကို စာဖတ်ပရိသတ်ကိုယ်စား အရမ်းကျေးဇူးတင်ပါတယ်။ အစ်မတို့လုပ်ငန်းလည်း ကြိုးစားသလောက် အရာထင်အောင်မြင်ပြီး လူနာတွေကို အကောင်းဆုံး စောင့်ရှောက်ပေးနိုင်ပါစေလို့ သံလွင်ဝိုင်းတော်သားတွေက ဆုမွန်တောင်းအပ်ပါတယ်ခင်ဗျာ။

ဖြေ - ဟုတ်ကဲ့။ ကျမကလည်း နိုင်ငံခြားကို ရောက်ရှိနေပေမယ့် မြန်မာပြည်အကြောင်းတွေကို စိတ်ဝင်တစား မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မဖြူဖြူသင်းနဲ့အဖွဲ့ စောင့်ရှောက်ထားတဲ့ ဝေဒနာသည်တွေအတွက် လှူဒါန်းချင်တယ်ဆိုရင်ဖြင့် ဒီလိပ်စာတွေကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

အမှတ် ၆၃၁၊ ၁၁လမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
အမှတ် ၃၇၆၊ ကမ္ဘောဇ ၂လမ်း၊ ၁၈ဘီရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၅၆၉ ၃၄၆၊ ၀၉၅၀ ၂၄၀ ၅၆။ 


(ဓါတ်ပုံတွေကို www.irrawaddymedia.com နဲ့ www.phyuphyuthin.blogspot.com ကနေ ကူးယူဖော်ပြပါတယ်)
User comments Quote this article in website Favoured Print Send to friend
အင်တာဗျူး
Sunday, 15 November 2009 01:57

Rating 1.9/5 (14 votes)