Home စာအုပ်စင်
20 | 06 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1572
mod_vvisit_counterမနေ့က3007
mod_vvisit_counterတစ်ပတ်အတွင်း10477
mod_vvisit_counterယခင်သတင်းပတ်က17809
mod_vvisit_counterတစ်လအတွင်း40807
mod_vvisit_counterယခင်လက48514
mod_vvisit_counterစုစုပေါင်း2943102
Join us in Facebook
Facebook Fanbox 1.5.x.0
စာအုပ်စင်

Views : 5432    

Favoured : 112

Share

သံလွင်စာအုပ်စင်

 

စာအုပ်အမည် - ဗိုလ်ချုပ်နှင့်ခေါင်းဆောင်မှု ရှာပုံတော်
စာရေးသူ - ဇေယျသူ

စာရေးသူဟာ Living Color Media တွင် ဒုတိယအယ်ဒီတာချုပ်နှင့် HR Manager အဖြစ် လည်းကောင်း၊ အပတ်စဉ်ထုတ် The Voice Weekly မှာ တာဝန်ခံအယ်ဒီတာ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက် ရှိပြီး ယခု စာအုပ်ပါ ဆောင်းပါးများဟာThe Voice Weekly မှာ အပတ်စဉ် ဖော်ပြပါရှိခဲ့သော ဆောင်းပါးများ ဖြစ်ပါတယ်။ www.thanlwin.comမြန်မာ့လွတ်လပ်ရေး ဗိသုကာ ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို ရေးသားထားတဲ့ စာအုပ်ပေါင်းများစွာ ဟိုးယခင်ကတည်းက ထွက်ရှိခဲ့ပါတယ်။ အများစုကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတိအပေါ် အခြေခံ ရေးထားတာတွေသာ များပါတယ်။ ယခု စာအုပ်ကတော့ ယခင်ရှိပြီး ဖြစ်တဲ့ စာအုပ်ပေါင်းများစွာ အပေါ် အခြေခံပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုပညာ အကြောင်းကို ပညာရပ် ရှုထောင့်မှ လေ့လာသုံးသပ်ထားသော စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။ အမှာစာမှာ စာရေးသူ ဖော်ပြထားသလို “ဗိုလ်ချုပ်ကို အားကျကြသော်လည်း အားကျသည့် အဆင့်တွင်သာ ရပ်နေတတ်ကြသည်။ အကြောင်းမှာ ဗိုလ်ချုပ်ကို မည်သို့ အတုယူ လုပ်ဆောင်ရမည်ကို မသိကြ၊ ထို့ကြောင့် ပထမ အဆင့်အနေဖြင့် သူ၏ ခေါင်းဆောင်မှုကို သိဖို့လိသည်။ သို့မှသာ အတုယူသည့် နောက်တဆင့်သို့ တက်နိုင်မည်”

ဒီစာအုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှု စွမ်းရည်အမျိုးမျိုးကို လေးစားအတုယူဖွယ် ဖော်ပြထားပါတယ်။ မိမိအကျိုးစီးပွားထက် နိုင်ငံအကျိုးစီးပွား ဦးထိပ်ထားသူ၊ ရိုးဂုဏ်နှင့် ခေါင်းဆောင်သူ၊ EQ နှင့် ဗိုလ်ချုပ်၊ ပါဝါနှင့် ဗိုလ်ချုပ်၊ ဥာဏ်ရည်မြင့်မြင့် ဗိုလ်ချုပ်၊ လက်တွေ့ကျသူ ခေါင်းဆောင်၊ မျှမျှတတ စိတ်ထားရှင်၊ စွန့်စားရဲသူ၊ အပြောအဟောကောင်သူ၊ လူတော်ဗိုလ်ချုပ်၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်၊ အင်္ဂလိပ်စာနှင့် ဗိုလ်ချုပ်၊ စိတ်အားတက်ကြွစေသူ ခေါင်းဆောင်၊ ရှေ့သို့ ကြိုမြင်သော ခေါင်းဆောင်၊ မွေးရာပါလော၊ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ် ဗိုလ်ချုပ်အောင်ဆန်း၊ သံလိုက်ဓာတ်နှင့် ပုဂ္ဂိုလ်၊ သံတမန်ခေါင်းဆောင်၊ စံနမူနာပြ ခေါင်းဆောင်၊ တစ်ချောင်းတည်းသော စိတ်ဓာတ်၊ နောက်လိုက်များပေါက်အောင် ပြောဆိုနိုင်သော ပုဂ္ဂိုလ်၊ ခေါင်းဆောင်တို့၏ ခေါင်းဆောင်၊ သွေးစည်းစေသူ ခေါင်းဆောင်၊ ခေါင်းဆောင်မှု ဆောင်ရာ ဗိုလ်ချုပ်အမြင်များ စသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှု အရည်အသွေးကို ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်လေ့လာ ရေးသားထားပါတယ်။

ဗိုလ်ချုပ်ရဲ့ စွမ်းရည်တချို့ကို ကောက်နုတ် ဖော်ပြရမယ် ဆိုရင် “ဗိုလ်ချုပ်သည် မိန့်ခွန်းရေးသူ မထား။ ကိုယ်တိုင်ရေးသည်။ အင်္ဂလိပ်လို ဟောပြောသည်။ မြန်မာလို ဟောပြောသည်ဖြစ်စေ မိန့်ခွန်းကို အင်္ဂလိပ်လို ရေးသည်။ အင်္ဂလိပ်လို ရေးထားသည့် ထိုမိန့်ခွန်းကို ကိုင်ကာ လက်တန်းမြန်မာပြန် ဟောပြောသည်”။ ထို့အပြင် ဗမာ့ထွက်ရပ်ဂိုဏ်း အမှုဆောင်အစည်းအဝေး၌ ၀ါဒစည်းမျဉ်းနှင့် လုပ်ငန်းစဉ်များ ရေးဆွဲရန် အဖွဲ့ငယ် တစ်ခု ဖွဲ့ရာ ဒေါက်တာဗမော်က ဥက္ကဌ၊ သခင်အောင်ဆန်းက အတွင်းရေးမှူးအဖြစ် အရွေးခံခဲ့ရသည်။ အမှုဆောင်များက လုပ်ငန်းစဉ် မူကြမ်းကို မည်သည့်နေ့တွင် တင်ပြနိုင်မည်လဲဟု မေးမြန်းရာ ဒေါက်တာဗမော်က တနင်္ဂနွေ နှစ်ပတ်အတွင်း တင်ပြမည်ဟု ဖြေခဲ့သော်လည်း သခင်အောင်ဆန်းက ဒီလောက်အလုပ်ကလေးကို ဒီလောက် အချိန်ယူ လုပ်နေရင် ဗမာ့လွတ်လပ်ရေးကြီးသာဆိုလျှင် ၁၀ နှစ်နဲ့ ပြီးနိုင်ပါတော့မလားဟု ပြော၍ “ကဲ .. ခင်ဗျားတို့ လက်ဖက်ရည်သောက်နေတုန်း ကျုပ်ပြီးအောင် ရေးပြီး ၂ နာရီအတွင်း တင်ပြမည်” ဟု ပြောကာ အခန်းထောင့်သို့ ထသွားပြီး အင်္ဂလိပ်လို ရေးပါတော့တယ်။

ယခုကဲ့သို့ တိုင်းပြည်အတွက် အလေးထားရသည့် အာဇာနည်ခေါင်းဆောင်တစ်ဦး ငယ်ငယ်ရွယ်ရွယ် အသက် ၃၃ နှစ်အရွယ်တွင် လုပ်ကြံခံရပြီး သေဆုံးခဲ့ရသဖြင့် တိုင်းပြည်အတွက် အစားထိုး မရသော ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်ကို မည်သူမျှ မငြင်းနိုင်ပါ။ “ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းကရယ် ... ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ်” ဆိုတဲ့ သီချင်းထဲကလို မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရေး အတွက် ရည်ရွယ်ချက် ကောင်းကောင်းဖြင့် ရေးသားထားသာ ယခုလို စာအုပ်ကောင်း တစ်အုပ် ထွက်ရှိလာသည့် အတွက် ၀မ်းသာပီတိ ဖြစ်မိသလို လူငယ်လူရွယ်များ အနေနှင့် ဗိုလ်ချုပ်၏ ခေါင်းဆောင်မှု အရည်အချင်းများကို ဖတ်ရှုအားကျ နေရုံဖြင့် မပြီးဘဲ မိမိကိုယ်တိုင် နိုင်ငံနှင့် လူမျိုးအတွက် အလေးထားရသည့် ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာစေရန် ကျင့်ကြံအားထုတ်ကြစေချင်ပါသည်ဟု သံလွင်စာအုပ်စင်မှ တဆင့် တိုက်တွန်းလိုက်ရပါတယ်။
 
-------------------------------------------------------------------------------------------------
 

 www.thanlwin.comစာအုပ်အမည် - လက်နှိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ
စာရေးသူ - သုခမိန်လှိုင်

ကဗျာတွေ ဖတ်ပြီးတိုင်း ခံစားရလေ့ရှိတယ်။  အခုလည်း သုခမိန်လှိုင်၏ “လက်နှိပ်ဓာတ်မီးထိုးပြီးရေးတဲ့ကဗျာ” စာအုပ်လေးကို ဖတ်မိတော့ ဖြန့်ထွက်တွေးစရာ အတွေးတွေနှင့် နယ်နမိတ် စည်းတစ်ကြောင်းကို လှလှပပလေး မထိတထိ လုပ်နေသည့် ကဗျာလေးတွေမို့ ကြိုက်မိပြန်တယ်။ ကဗျာတွေဟာ ခေတ်ကို ထင်ဟပ်ပြသ စေနိုင်ပါတယ်။ မီးပျက်သွားတဲ့ ညတစ်ညမှာ ထုံးစံအတိုင်း မီးမှောင်သွားရာက ကဗျာတွေ ရေးမိကြောင်း ကဗျာဆရာက အမှာတွင် ရေးထားပါတယ်။ “အမှောင်ဆန်သော ကမ္ဘာကြီးထဲတွင် အလင်းဆန်သော သတ္တိထူးတွေ ရစေချင်လို့ပါပဲ” ဆိုတဲ့ ကဗျာဆရာရဲ့ ရည်ရွယ်ချက်နှင့် “အမှောင်နှင့် အလင်းသည် လှည့်စားခြင်း ဟု ဆိုလျှင်လည်း အမှောင်ကို ကျွန်တော် မမုန်းပါ၊ အလင်းကိုတော့ ချစ်မိပါသည်။” သဘ၀တရားကို လှစ်ပြထားတဲ့ စာစုလေးနှင့် အမှာစာကို အဆုံးသတ်ထားပါတယ်။

ကဗျာတို ၁၉ ပုဒ် ပါဝင်ပြီး အလင်းနဲ့ အမှောင်၊ ဓမ္မနဲ့ အဓမ္မ ယှဉ်ပြိုင်မှုတွေကြားမှာ လူးလွန့်သွားလာနေတဲ့ ကဗျာဆရာရဲ့ အတွေးတွေကို တွေ့ရပါလိမ့်မယ်။ မောင်သာနိုးက ကဗျာတွေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားပြီး မူရင်းကဗျာနှင့်အတူ ယှဉ်တွဲဖော်ပြထားပါတယ်။

 “ကတိ”

 အလင်းရောက်တဲ့ ကဗျာရမယ်ဆိုရင်
(အသက်ပါတဲ့) ကြေးကြီးကြီး ပေးပါ့မယ်။

 

“Promise”

For a poem that leads to light
I'll give a big price -- including life.

အလင်းရောင်အတွက် ကဗျာတဲ့..။ အလင်းရောင်ဆိုတာ ဘာလဲဆိုတဲ့ အတွေးမျိုးရသလို အလင်းရောင်အတွက် ပေးဆက်လိုက်ရတဲ့ တန်ဖိုးကြီးကြီး အရာတွေကို ခံစားမိတယ်။ တချို့တွေဆို ပေးလိုက်ရတာ.. အသက်ပဲ။ ရှင်းပါတယ်။ ပေးဆပ်သူတွေကတော့ ပေးဆပ်နေဆဲပါ။ အလင်းရောင်ဆိုတဲ့ နေရာလေးကို ရောက်ဖို့အတွက် မဆုတ်မနစ် ဇွဲတွေရှိရသလို အင်အားကြီးမားတဲ့ ဒုက္ခတွေ အန္တရာယ်တွေကို ရင်ဆိုင်ရနိုင်ပါတယ်။

“P.S”

အမှောင်က မင်းဘာတတ်နိုင်သေးလဲ တဲ့... မေးတယ်
ကျွန်တော်
၁ လုံး
၂ လုံး
၃ လုံး
၎ လုံး
၅ လုံး......
ကြယ်ကလေးတွေ ရေလို့ မဆုံးသေးဘူး.

“P.S”

Darkness asks : what can you do now?
Me?
1 star
2 stars
3 stars
4 stars
5 stars
I haven't finished counting the stars

ကျွန်တော်တို့တွေဟာ ဘ၀မှာ “ မင်း ဘာတတ်နိုင်မှာမို့လဲ ” ဆိုတဲ့ မေးခွန်းတွေကို ကြုံရလေ့ရှိတယ်။ ကျွန်တော်တို့တွေ လုပ်နိုင်တဲ့ အရာတွေကို ဖြည်းဖြည်းချင်း လုပ်နေရပါ့မယ်။ ဘ၀မှာ အကျဉ်းအကြပ် ဆိုတဲ့ အချိန်ဟာ ဘယ်သူတွေမဆို ကြုံရလေ့ရှိပါတယ်။ ခဏတာအနေနဲ့ ကြယ်လေးတွေကို ရေတွက်နေပေမယ့် တကယ့်ရည်ရွယ်ချက်ပန်းတိုင်က အမှောင်တွေ ကုန်ဆုံးသွားမယ့် အချိန်တစ်ခုကိုပါပဲ။ 

“ကကြိုးများ”

မှောင်နေတယ်
ဘာမှ မမြင်ရဘူး
ဒါပေမယ့်
ကရမယ့် ကကွက်တွေ ဘယ်သူမှ မမေ့ဘူး၊
မပျောက်ဘူး
မင်းရော
သူရော
ငါရော
ဘုရားသခင်ရော။

“Dance movements”

It's dark
you can see nothing
But
the dance movements to dance no one forgets, loses
you
he
me
the lord god too.

သိပ်သည်းတဲ့ အမှောင်ထုထဲကို ရောက်သွားခဲ့ရင် ကိုယ့်အာရုံ အသိဥာဏ်ဟာ အလင်းရောင်ပါ။ ရည်ရွယ်ချက် လှုပ်ရှားမှုမှန်သမျှကို အသိဥာဏ်ထဲမှာ စွဲမြဲနေရင် အမှောင်ဆိုတာက အန္တရာယ်မပေးနိုင်တော့ပါဘူး။

ကဗျာတိုလေးတွေ ပေါင်းစုထားတဲ့ ဒီစာအုပ်ဟာ ပေါ့ပေါ့ ပါးပါးလေးနဲ့တွေးစရာတွေ ပေးတဲ့ အတွက် သံလွင်စာဖတ်သူတွေကို ဖတ်ဖို့ ညွှန်းလိုက်ရပါတယ်။

-------------------------------------------------------------------------------------------------

www.thanlwin.comစာအုပ်အမည် : မိနစ် ၉၀ တစ်ရာသီ
စာရေးသူ : စာရေးဆရာအစုံ

စာရေးဆရာ ၂၂ ဦး၏ ဘောလုံး ရသ၀တ္ထုတိုများကို မဂ္ဂဇင်း၊ ဂျာနယ် များမှ ပြန်လည် စုစည်းထားခြင်းဖြစ်ပါသည်။ ၀တ္ထုတိုပေါင်း ၂၃ ပုဒ် ပါရှိကာ လူထုဒေါ်အမာ၏ ဘောလုံးဆောင်းပါးကို အမှာစာအဖြစ် ဖော်ပြထားသည်။ စာရေးဆရာများ၏ ရုပ်ပြောင်လေးများသည် စာဖတ်သူ၏ စိတ်နှလုံးကို ရွှင်ပြုံးစေသကဲ့သို့ အတွင်း သရုပ်ဖော်ပုံများသည်လည်း လက်ရာမြောက်လှသည်။

ကုသ - ၀ဇီကိုင် (၁)၊ (၃)၊ (၄)
ဇ၀န  - ဟောလီးဒေး
ရွှေဥဒေါင်း - အမှိုက်ကစ ပြသာဒ်မီးလောင်
ကိုငြိမ်း(မန္တလေး) - ရှမ်းပွဲခြောက်ပတ်
ကျော်စွာထက် - စက်ရုပ်ဘောလုံးပွဲ
ခင်ခင်ထူး - ဖွတ်ဘောလ် တေလာ
ခင်မောင်ထွေး(ပျဉ်းမနား) - ဘောလုံးနှစ်ပွဲ စိတ်နှစ်စိတ်
ချစ်ဦးညို - မေမေသား တိုက်စစ်မှူး ဘောလုံးသမား
ဂျူး - ဆဲတတ်သူများနှင့် တစ်ညနေ
ဆောင်းဖြူ - ကွင်းထဲက လက်ဆောင်
ညီပုလေး - မီးသွေးခဲမို့ မည်းသကို
ထူးဆွေအောင် - ဖွတ်ဘော မိတ်အင် သက္ကယ်မြောင်
ဏီမှူး - ရှုံးကွဲ
ပဉ္စမံဒီရိုင်း - ကိုယ့်ရာဇ၀င်မှာ ကိုယ်ဟာ “နည်းပြ” ပါ
မသီတာ (စမ်းချောင်း) - မှောင်ကာမည်းလေမှ လင်းလက်လာသည့် ရောင်စဉ်ဖြာ
မင်းခိုက်စိုးစန် - ကစားမလား နားမလား
မင်းလူ - အိမ်ကွင်း အဝေးကွင်း
မျိုးကိုမျိုး - ပျောက်ဆုံးသွားသော ဘောလုံးပွဲတစ်ပွဲ
ဝင်းစည်သူ - ဖလား
သစ္စာနီ - ကဗျာဆရာဘောလုံးပွဲ
အဏ္ဏ၀ါစိုးမိုး - ကြေညာသူအတွက် ကြေညာချက်

ကုသ- “၀ဇီကိုင် (၁)၊ (၃)၊ (၄)” သည် အင်္ဂလိပ်ခေတ် ကျေးရွာဒေသဘောလုံးပွဲများကို ဟာသနှောကာ၊ ဇ၀န ၏ “ဟောလီးဒေး” ၌မူ ထိုခေတ် တက္ကသိုလ်ကျောင်းသားများ၏ ဘောလုံးပွဲ ကို ပျော်ရွှင်ဖွယ် ဖော်ပြထားသည်။ ရွှေဥဒေါင်း၏ “အမှိုက်ကစ ပြသာဒ်မီးလောင်” တွင် လျှို့ဝှက်သော လူတစ်ယောက်၏ ဘောလုံးအစွမ်းကို ဖွဲ့ထားလေသည်။

ကိုငြိမ်း(မန္တလေး)၏ “ရှမ်းပွဲခြောက်ပတ်”သည် အကြွားလွန်သော သူတစ်ယောက်အား အစလွန်ရာမှ ဘောလုံးပွဲအတွင်း အသက်ဆုံးရှုံးသွားခြင်းအကြောင်းဖြစ်သည်။ ကျော်စွာထက်၏ “စက်ရုပ်ဘောလုံးပွဲ” တွင် စက်ရုပ်များ ဘောလုံးကန်ကြသည့်အကြောင်း၊ ဘောလုံးပညာတွင်မက စက်ရုပ်နည်းပညာပါ ယှဉ်ပြိုင်ကြသည့်အကြောင်း နှင့် လောင်းကစားသမားများ၏ ဆိုးရွားပုံနှင့် နိဂုံးချူပ်ထားသည်။

ခင်ခင်ထူး၏ “ဖွတ်ဘောလ် တေလာ”သည် လူရိုး တစ်ယောက်၏ လူတတ်လုပ်မှုကို ဖော်ပြထားသည်။ ခင်မောင်ထွေး(ပျဉ်းမနား)၏ “ဘောလုံးနှစ်ပွဲ စိတ်နှစ်စိတ်” သည် ချစ်သောသူတစ်ယောက်လာမကြည့်သော ဘောလုံးပွဲနှင့် ချစ်သောသူ လာကြည့်သော ဘောလုံးပွဲတွင် ဘောလုံးသမား တစ်ယောက်၏ ထွေပြားတတ်သည့် စိတ်ကို ရေးသားထားသည်။ 

ချစ်ဦးညို၏ “မေမေသား တိုက်စစ်မှူး ဘောလုံးသမား” တွင် သားဖြစ်သူ တိုက်စစ်မှူးဘောလုံးသမား ပြောသည့် “ ကျင့်သားရတဲ့ ခြေထောက်က ဂိုးပေါက်ထဲဝင်အောင် သွင်းနိုင်ခဲ့ပေမယ့် ဒီဂိုးအတွက် သားစိတ်ထဲမှာ ဘယ်လိုမှ ကျင့်သားရမှာ မဟုတ်ဘူး မေမေ”  စကားလေးသည် တန်ဖိုးရှိ လှပေသည်။ ဂျူးရဲ့ “ ဆဲတတ်သူများနှင့် တစ်ညနေ“ တွင်လည်း ဘောလုံးပွဲတွင် ဆဲတတ်သော သူများနှင့် တွေကြုံခဲ့ပုံကို ရေးသားထားသည်။ 

ဝတ္ထုတို တစ်ပုဒ်စီသည် ရသ တစ်မျိုးစီ ပေးသည်။ တစ်ပုဒ် ဖတ်အပြီးတွင် ခံစားမှုတစ်ခု ရလေသည်။ ဟာသ၀တ္ထုများ ပါဝင်သကဲ့သို့ အချစ်ခံစားမှုဝတ္ထုများ ပါဝင်သည်။ အသိပညာပေးသည့် ၀တ္ထုများ ပါဝင်သကဲ့သို့ သနားစရာ ဇာတ်ကောင်များလည်း ပါဝင်ပေသည်။

၁၉၃၂ ဂန္တလောက မဂ္ဂဇင်းမှ ၂၀၀၆ အိုလံပစ် အားကစားဂျာနယ်တွင် ပါရှိခဲ့သည့် ၀တ္ထုတိုများ ဖြစ်သောကြောင့် ခေတ်အဆက်ဆက်မှ မြန်မာတို့၏ ဘောလုံးလောက အကြောင်းကို တစေ့တစောင်း သိမြင်နိုင်လေသည်။ ဘောလုံးဝါသနာပါသူများသာမက မြန်မာစာပေ စိတ်ဝင်စားသူများ ဖတ်သင့်သော စာအုပ် တစ်အုပ်ဖြစ်လေသည်။
 

-------------------------------------------------------------------------------------------------
www.thanlwin.comစာအုပ်အမည် - Leaving Microsoft to Change The World
စာရေးသူ - John Wood


ကမ္ဘာကျော် ဆော့ဝဲလ်ကုမ္ပဏီကြီး ဖြစ်တဲ့ မိုက်ကရိုဆော့လို ကုမ္ပဏီမျိုးမှာ ရာထူးကြီးကြီး ထမ်းဆောင်နေသူ တစ်ယောက်အနေနဲ့ အဲဒီလို အလုပ်မျိုးကနေ ထွက်ပြီး အများအကျိုးအတွက် အချိန်ပေးဆောင်ရွက်ခဲ့တယ် ဆိုရင် မဖြစ်နိုင်ပါဘူးလို့ အတော်များများက တွေးထင်မိကြပါလိမ့်မယ်။ ဒါဟာ တကယ့် ဖြစ်ရပ်မှန်ပါ။ ၁၉၉၉ မှာ အသက် ၃၅ နှစ် အရွယ် John Wood ဟာ တရုတ်ပြည်မှာ ရှိတဲ့ မိုက်ကရိုဆော့ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာ ရာထူးကနေ နုတ်ထွက်ခဲ့ပြီး NGO တစ်ခုဖြစ်တဲ့ Room to Read ကို တည်ထောင်ခဲ့ပါတယ်။ ဒီစာအုပ်မှာ ဘယ်လိုအကြောင်းအရာတွေက John Wood ကို မိုက်ကရိုဆော့ကနေ ထွက်ဖို့ တွန်းအားပေးခဲ့သလဲဆိုတာ ပြောပြထားသလို Room to Read ကို စတင် တည်ထောင်ပြီး ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ရန်ပုံငွေ ကောက်ခံရေးပွဲတွေနဲ့ အောင်မြင်မှုတွေ အကြောင်းကို စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားပါတယ်။

၂၀၀၀ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ NGO တစ်ခု ဖြစ်တဲ့ Room to Read (www.roomtoread.org) ဟာ ယခုဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကလေးသူငယ်ပေါင်း ၅.၁ သန်းတို့ရဲ့ ဘ၀တွေကို ပြောင်းလဲပေးနိုင်ခဲ့ပါပြီ။ ကျောင်းပေါင်း ၁၄၄၂ ကျောင်းနဲ့ စာကြည့်တိုက်ပေါင်း ၁၁,၂၄၆ ခု တည်ဆောက်ပေးခဲ့သလို စာအုပ်ပေါင်း ၉.၄ သန်း လှူဒါန်းခဲ့ပြီး စာအုပ်ပေါင်း ၅၅၃ အုပ်ကို ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးငယ်လေးများအတွက် ပညာသင်ဆုပေါင်း ၁၀,၅၉၀ ကိုလည်း ပေးအပ်နိုင်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာ နီပေါနိုင်ငံမှာ ကျောင်းတွေ၊ စာကြည့်တိုက်တွေကို စတင် တည်ဆောက်ပေးခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံ၊ ၂၀၀၂ ခုနှစ်မှာ ကမ္ဘောဒီးယား၊ ၂၀၀၃ ခုနှစ်မှာ အိန္ဒိယ၊ ၂၀၀၄ ခုနှစ် ဆူနာမီရေလွှမ်းမှုတွေ အပြီးမှာ သီရိလင်္ကာနဲ့ လာအို နိုင်ငံများအတွက် လိုအုပ်တဲ့ စာသင်ကျောင်းနဲ့ စာကြည့်တိုက်များစွာ တည်ထောင်ပေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ တောင်အာဖရိကနိုင်ငံ၊ ၂၀၀၇ ခုနှစ်မှာ ဇမ်ဘီယာနိုင်ငံ၊ ၂၀၀၈ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ အထိ တိုးချဲ့ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒီစာအုပ်ရဲ့ ကနဦးမှာ နီပေါနိုင်ငံကို ၁၉၉၈ ခုနှစ်က တောင်တက်ခရီးထွက်ခဲ့တဲ့ John Wood ဟာ အနီးအနားမှာ ရှိတဲ့ ရွာကျောင်းလေး တစ်ခုကို အလည်လိုက်ခဲ့ဖို့ ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်။ အဲဒီကျောင်းကို ရောက်တော့ မပြည့်မစုံတဲ့ ဘ၀တွေ အကြား ဖြစ်သလို စာသင်ကြားနေရတဲ့ ကလေးတွေကို တွေ့ခဲ့ရသလို သူတို့လေးတွေရဲ့ စာကြည့်တိုက်လို့ ခေါ်ရမယ့် သော့ခတ်ထားတဲ့ ဗီဒိုထဲက စာအုပ်လေး ၄ အုပ်ကို တွေ့လိုက်ရပါတယ်။ ကျောင်းအုပ်ဆရာကြီးက John Wood ကို နောက်တကြိမ် နီပေါကို အလည်လာတဲ့ အခါ စာအုပ်တွေ လှူဒါန်းဖို့ အကူအညီတောင်းခဲ့ပါတယ်။ အဲဒီနောက် တစ်နှစ်အကြာမှာ သူဟာ မိတ်ဆွေ၊ သူငယ်ချင်းတွေ လှူဒါန်းလိုက်တဲ့ စာအုပ်ပေါင်း ၃၀၀၀ ကျော်နဲ့ အတူ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ဒါဟာ Room to Read ကို စတင် မွေးဖွားခဲ့ခြင်းပါပဲ။ အဲဒီကနေ တဆင့် John Wood ဟာ သူ့ဘ၀တစ်ခုလုံးကို Room to Read အတွက် မြုပ်နှံခဲ့ပြီး အကျိုးပြု လုပ်ငန်းတွေကို တဆင့်ပြီး တဆင့် လုပ်ဆောင်ခဲ့ပါတော့တယ်။

ဒီစာအုပ်မှာ ပေးဆပ်မှု နှလုံးသားပိုင်ရှင် John Wood ရဲ့ အားကျအတုယူဖွယ်ရာ ဆောင်ရွက်မှုတွေ၊ စွန့်လွှတ်မှုတွေကို တွေ့ရမှာ ဖြစ်ပြီး သူ့ရဲ့ စေတနာ၊ သူ့ရဲ့ စိတ်နေသဘောထားတွေကို လေးစားဖွယ်ရာ တွေ့ရမှာပါ။ ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်လို့ ယုံကြည်တဲ့ အတွက် သံလွင်စာအုပ်စင်ကနေ ဝေမျှလိုက်ပါတယ်။
 
User comments Quote this article in website Favoured Print Send to friend
စာအုပ်စင်
Sunday, 15 November 2009 15:30

Rating 1.8/5 (20 votes)