သို့ အယ်ဒီတာ . . .
သံလွင်အိပ်မက်ကို မက်ခွင့်မရတာ ကြာပါပြီ။ ဘယ်တော့များ ပြန်မက်ခွင့်ရမလဲ။
ခင်တဲ့
မြတ်နိုးသူ
မြတ်နိုးသူရေ -
အခုတော့ သံလွင်အိပ်မက်ကို စာဖတ်သူလက်ထဲ အရောက်ပို့ပေးလိုက်ပါပြီ။ အကြောင်းကြောင်းကြောင့် နှောင့်နှေးရတာကို အမှာစာထဲမှာ တောင်းပန်ထားသလို စိတ်မကောင်းကြောင်း ထပ်ပြောပါရစေ။ အိပ်မက်အသစ်တွေ ထွက်မလာတာကို စိတ်ရှည်စွာ စောင့်စားပေးတဲ့ မြတ်နိုးသူလို စာချစ်သူတွေကို ကျေးဇူးတင်ပါတယ်။
x x x x x x x
သို့အယ်ဒီတာ ...
သံလွင်သတင်းအစီအစဉ်က နားလိုက်ပြီလား။ ကျွန်တော်ကတော့ အားပေးလျက်ပါ။
အမာခံပရိသတ်
သက်အောင်
ကိုသက်အောင်သို့
သတင်းတင်ဆက်ပေးနေတာကို စိတ်မကောင်းစွာနဲ့ ရပ်နားလိုက်ရပါတယ်။ အခြေအနေပေးတဲ့ တနေ့တော့ ပြန်တင်ဆက်နိုင်မှာပါ။ လောလောဆယ်တော့ သံလွင်အိပ်မက်ကိုပဲ ဖတ်ရှုကျေနပ်နိုင်ပါစေ။ အားပေးမှုကို ကျေးဇူးတင်ပါတယ်။ x x x x x x x
အယ်ဒီတာသို့
သံလွင်အိပ်မက်ဆိုတာ အစ်မတို့ အင်တာနက်စသုံးကတည်းက တစိုက်မတ်မတ် ဖတ်ရှုလာရတဲ့ မဂ္ဂဇင်းပါ။ အရင်က Flash နဲ့တင်တဲ့ Issue တွေကတည်းက ဖတ်လာတာပါ။ ဒါကြောင့် အကြံလေး တစ်ခုလောက် မျှဝေချင်ပါတယ်။ လက်ရှိမှာတော့ Facebook နဲ့ Tweeter က လူသုံးအရမ်းများနေပြီး ပရိသတ်လက်ထဲ ပေးချင်တာ ချက်ချင်းပို့ပေးနိုင်ပါတယ်။ သံလွင်ကိုလည်း အဲဒါမျိုးလုပ်ပြီး လစဉ်၊ အပတ်စဉ် ဆောင်းပါး၊ အက်ဆေးအသစ်တွေ စာဖတ်သူလက်ထဲ ချက်ချင်းထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အသစ်ထွက်မယ့် သံလွင်အိပ်မက်ကို ရင်ခုန်လျက်ပါ။
မမျိုးသန္တာခင်ဗျား
အစ်မရဲ့ အကြံပေးချက်ကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ လောလောဆယ်မှာ ချက်ချင်းမလုပ်နိုင်သေးပေမယ့် ကျွန်တော်တို့ ရှေ့ဆက်လုပ်ချင်တဲ့ အစီအစဉ်တစ်ခုပါပဲ။ Facebook ကတော့ ဖွင့်ထားပါတယ်။ အစ်မအကြံပေးသလို စာမူအသစ်တွေတော့ တင်မပေးသေးပါဘူး။ အချိန်ပေးနိုင်တဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့ တတ်နိုင်သလောက် ပရိသတ်နဲ့ နီးနီးကပ်ကပ် ဆောင်ရွက်သွားမှာပါ။ ကျေးဇူးတင်ပါတယ်။
x x x x x x x
အယ်ဒီတာသို့
ကျွန်မတို့ အများအကျိုးပြု ဖောင်ဒေးရှင်းတစ်ခုအတွက် ရံပုံငွေရှာတဲ့အနေနဲ့ စာအုပ်ငယ်တစ်အုပ် လုပ်ဖို့ စီစဉ်နေပါတယ်။ သံလွင်အိပ်မက်က စာမူတချို့ကို သဘောကျတဲ့အတွက် ဖြစ်နိုင်ရင် ထည့်သွင်းအသုံးပြုချင်ပါတယ်။ သံလွင်အိပ်မက်က ယူတယ်လို့လည်း ဖော်ပြပါမယ်။ အကြောင်းပြန်ပေးပါ။
နန္ဒာသောင်း
ဂျပန်
မနန္ဒာသောင်းခင်ဗျား
သံလွင်အိပ်မက်က တတ်နိုင်တာ ထည့်ဝင်ကူညီချင်ပါတယ်။ ဒါပေမယ့် စာမူတွေကို အသုံးပြုမယ်ဆိုရင် မူလစာရေးသူထံက ခွင့်ပြုချက်အရင်ယူဖို့ လိုတာကြောင့် ဘယ်လို ဖောင်ဒေးရှင်းအတွက်ဖြစ်တယ်၊ ဘယ်စာမူကို ရွေးချယ်လိုတယ်ဆိုတာ အရင်သိပါရစေ။ ကျွန်တော်တို့ ဆက်သွယ်ပေးပါမယ်။ ကျွန်တော်တို့အနေနဲ့ ချက်ချင်းပဲ “နှစ်သက်ရာ ယူသုံးပါ” လို့ မပြောနိုင်တာကို နားလည်ပေးနိုင်မယ် ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။