Views : 10665  |
Favoured : 123 |
အမှာစာ
ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ ကမ္ဘာတ၀န်း မကြုံဖူးလောက်အောင် သဘာဝဘေးအန္တရာယ်တွေကို တီဗွီ၊သတင်းစာ၊ ရေဒီယိုတွေမှာ မကြာခဏ ဆိုသလို မြင်နေ၊ ကြားနေ၊ သိနေကြရပါသည်။ လူဦးရေ သန်း ၆၀၀၀ ကျော်ကို ထမ်းပိုးထားရသည်မို့ ကမ္ဘာကြီး လေးလံနေရော့သလား မမှန်းဆတတ်ပါ။ ပြင်းအား ရစ်ခ်ျတာစကေး ၈.၉ အဆင့်ရှိ ပြင်းထန်လှသော ငလျင်ကြီး ဂျပန်နိုင်ငံတွင် လှုပ်ခတ်ခဲ့ပြီး နောက်ဝယ် ငလျင်လှုပ်ခတ်မှု၏ နောက်ဆက်တွဲ ဆူနာမီလှိုင်းလုံးကြီးတွေကပါ မြို့များ ရွာများကို တိုက်စား ဖျက်ဆီး သွားကြသည်။ ထို့အတူ လျှပ်စစ်ဓာတ်အားပေး နျူကလီးယား ဓာတ်ပေါင်းဖိုများ၏ စနစ်များ ပျက်စီးသွားသည့် အတွက် ယခင်က ဖြစ်ပွားခဲ့သည့် ယူကရိန်းနိုင်ငံတွင် ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် ချာနိုဘိုင်း နျူကလီးယားစက်ရုံ ပေါက်ကွဲမှုမျိုးကဲ့သို့ မဖြစ်ပွားစေရန် ဂျပန်အင်ဂျင်နီယာများက စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့ကြသည်။ ရေဒီယိုသတ္တိကြွမှုခြင်းသည် လူ့ခန္ဓာကိုယ်၏ ခံနိုင်ရည်စွမ်းထက် ကျော်လွန်သည့်အခါ အသက်ဆုံးရှုံးသည်အထိ ဆိုးကျိုးပြင်းပြင်းထန်ထန် ခံစားရမည် ဆိုသည်ကို သိလျက်နှင့် ထိုသူရဲကောင်းများသည် အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသည်ကို လေးစားမိသည်။ ၎င်းတို့၏ သက်ဆိုင်ရာ မိသားစုဝင်များကလည်း ၀မ်းနည်းဝမ်းသာ ဂုဏ်ယူမဆုံး ရှိနေကြသည်။ ထိုကဲ့သို့သော စိတ်ဓာတ်အခြေခံများ ရှိခြင်းကပင် ဒုတိယကမ္ဘာစစ်အပြီး ပြာပုံသဖွယ် ဖြစ်ခဲ့ရသော ဂျပန်နိုင်ငံသည် ဆယ်စုနှစ် အနည်းငယ်အတွင်း ကမ္ဘာ့အလယ်တွင် ၀င့်ကြွားစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပေမည်။ ဤလို စိတ်ဓာတ်အခြေခံကောင်းများကို မွေးမြုနိုင်ဖို့ ကျွန်တော်တို့ တတွေ မချင့်မရဲ ဖြစ်နေရုံဖြင့် မပြီးသေးဘဲ ယခုထက် ဆထက်ထမ်းပိုး ကြိုးစားအားထုတ်ကြရဦးမည်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အရေးပေါ် အစီအစဉ်တွေကို သက်ဆိုင်ရာ နိုင်ငံများက ကြိုတင်ရေးဆွဲထားလေ့ ရှိသလို လက်တွေ့ ဖြစ်ပွားလာပြီဆိုလျှင်လည်း အခြားကမ္ဘာ့နိုင်ငံတွေကပါ တတ်အားသရွေ့ ကူညီ အားပေးလေ့ ရှိသည်။ ဤသည်ကပင် အဆိုးထဲက ပြန်ရလိုက်သည့် အကောင်းဟု ဆိုရမည်။ ၂၀၀၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆူနာမီရေလှိုင်း နောက်ဆက်တွဲ အဖြစ် အင်ဒိုနီးရှားရှိ အာချေးသူပုန်နှင့် အစိုးရတို့ အကြား ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့ခြင်းက သာဓကတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဧရာဝတီတိုင်းတွင် ၀င်ရောက်ခဲ့သည့် နာဂစ်မုန်တိုင်း၊ ရခိုင်ပြည်နယ်တွင် ၀င်ရောက်ခဲ့သည့် ဂီရိမုန်တိုင်း၊ ရှမ်းပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် တာလေငလျင်တို့က ပြည်သူ ပြည်သားအချင်းချင်း ရိုင်းပင်းကူညီမှု ပိုမို ရှိလာစေခဲ့သလို တာဝန်ရှိသော်လည်း တာဝန်ကို ရှောင်လွှဲချင်သူများ၏ မျက်ကွယ်ပြုမှုများကို ပေါ်လွင်ထင်ရှားစေခဲ့သည်။
ထိုသို့ သဘာဝဘေးအန္တရာယ်များသာမက ရောဂါ အသစ်အဆန်းများကလည်း လူသားတို့၏ သိပ္ပံပညာ စွမ်းပကားကို သွေးတိုးစမ်းနေပြီ ဖြစ်သည်။ ၎င်းတို့အနက် အမြစ်ပြတ်သည်အထိ ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသည့် အေအိုင်ဒီအက်စ်ရောဂါသည်လည်း တစ်ခု အပါအ၀င်ပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အေအိုင်ဒီအက်စ်ရောဂါက လျင်မြန်စွာ ကူးစက်ပြန့်ပွားနေသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအနက် ၈ % ခန့်သာ လိုအပ်သည့် ဆေးဝါး အကူအညီများကို ရရှိနေသည်ဟူ၍ စိတ်မကောင်းစွာ သိရှိရသည်။ ထိုဝေဒနာသည်များကို ကူညီစောင့်ရှောက်ပေးသော အသင်းအဖွဲ့လေးများ၊ စေတနာ့ဝန်ထမ်းများ ပိုမို များပြားလာသည် ကိုလည်း တွေ့ရှိရသည်။ ယခုစာစောင်တွင် အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်၍ သိရှိနားလည် စေရန် ဖော်ပြပေးနိုင်ဖို့ ကြိုးစားထားပြီး ကိုအောင်နိုင်စိုး (ကူးစက်အထူးကု) ၏ ဆောင်းပါးနှင့် အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် ဂေဟာ တစ်ခု ဖွင့်လှစ်ကာ ကူညီ စောင့်ရှောက်မှု ပေးနေသော မဖြူဖြူသင်းနှင့် အင်တာဗျူးတို့ကိုပါ တင်ဆက်ထားသည်။ အေအိုင်ဒီအက်စ် ဝေဒနာရှင်များသည်လည်း လူသားတွေထဲက လူသားတွေပဲ ဖြစ်တာမို့ လူ့အသိုင်းအ၀ိုင်းက ဖယ်ကြဉ်ထားခြင်း၊ ရွံရှာစက်ဆုတ်သလို ပြုမူ ဆက်ဆံမိခြင်းတို့ မလုပ်မိစေရန် လိုအပ်ပါသည်။ လူတိုင်း ကျန်းမာရေးအသိရှိပြီး တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီခြင်းဖြင့် အေအိုင်ဒီအက်စ်ရောဂါ ပြန့်ပွားမှု မရှိအောင် ကာကွယ်ကြရန်မှာ လူသားတိုင်း၏ တာဝန်ပင် ဖြစ်သည်။
အကြောင်း အမျိုးမျိုးကြောင့် အချိန်ကြာမြင့်စွာ ရပ်နားနေခဲ့ရသည့် သံလွင်အိပ်မက် စာစောင် အတွဲ (၅) အမှတ် (၁)သည် စာဖတ်ပရိသတ်အတွက် ကျေနပ်မှု တစုံတရာ ပေးစွမ်းနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ မင်္ဂလာနှစ်သစ်နှင့်အတူ ပျော်ရွှင်မှု အပေါင်း ခညောင်းစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
သံလွင်အိပ်မက် ၀ိုင်းတော်သားများ
ကျေးဇူးတင်လွှာ
ကျွန်တော်တို့ အတွက် မညည်းမညူ ကာတွန်းများ၊ ကဗျာသရုပ်ဖော်ပုံများ ဆွဲပေးသော KNT ၊ ရင်ဘတ်ချင်း တူညီစွာ စီးဆင်းခဲ့ကြသည့် စာရေးသူများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အစဉ်တစိုက် အားပေးလာကြသော ပရိသတ်များ အပြင် အခြားအခြားသော ကျေးဇူးတင်အပ်၊ ကျေးဇူးတင်ထိုက်သူများ အားလုံးကို သံလွင်အိပ်မက် ၀ိုင်းတော်သားများမှ ကျေးဇူးတင်ရှိပါသည်။
တောင်းပန်ခြင်း
သံလွင်အိပ်မက် မဂ္ဂဇင်းကို ၂၀၁၀ ဇူလိုင်လတွင် ထုတ်ဝေရမည့်အစား တိုက်ဆိုင်လာခဲ့သည့် အခြေအနေ အရပ်ရပ် အခက်အခဲအမျိုးမျိုးတို့ ကြောင့် အလွန့်အလွန်နှောင့်နှေးခဲ့ရပြီး ၂၀၁၁ ယခု ဧပြီလတွင်မှ ထုတ်ဝေနိုင်ခဲ့သည့် အတွက် စောင့်ဆိုင်းနေကြသည့် ပရိသတ်အား အနူးအညွတ် တောင်းပန်အပ်ပါသည်။
|
|