Views : 14973  |
Favoured : 125 |
အကျင့်ပျက်ခြစားမှုသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်း အသားတကျ နေရာယူနေလျက်ရှိသည့် ဆိုးမွေတစ်ခု ဖြစ်သည်။ ဘောလုံးပွဲများမှ တဆင့် “ခေါက်ဆွဲစားတယ်” ဆိုသည့် တချိန်တခါက တွင်ကျယ်ခဲ့သော ဝေါဟာရမှ အစ၊ “မြန်မြန်အဆင်ပြေချင်ရင် ရေလောင်းမှ ရမယ်” စသည့် ဘန်းစကားတွေ အဆုံး ခေတ်တွေ ဘယ်လိုပင် ပြောင်းပြောင်း လာဘ်ပေးလာဘ်ယူမှုများကတော့ လျော့ပါး ပြောင်းလဲ သွားခြင်း မရှိပါ။ တံစိုးလက်ဆောင် ပေးကမ်းရယူမှုများ၊ တပြည့်မွေး ဆရာမွေး အကျင့်စရိုက်များနှင့် အခွင့်အာဏာကို အလွဲသုံးစားပြုမှုများကြောင့် တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးရေးကို နှောင့်နှေးကြန့်ကြာစေသည်။ အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာ၀၀န်းကျင်ထိန်းသိမ်းရေး စသည့် နယ်ပယ် ၄ ခု တွင် အများဆုံး ပေးဆပ်လိုက်ရသည်ဟု ပညာရှင်များက ဆိုကြသည်။
နိုင်ငံရေးရှုထောင့်က ကြည့်မည်ဆိုလျှင် အကျင့်ပျက်ခြစားမှုသည် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးအတွက် အဓိက အတားအဆီး တစ်ခုဖြစ်သည်။ ဒီမိုကရေစီ စနစ်တွင် ပါဝင်သော အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ အခွင့်အာဏာကို ကိုယ်ကျိုးအတွက် သုံးစွဲမည်ဆိုလျှင် ထိုအဖွဲ့အစည်းများ၏ ရပ်တည်မှုမှာ အခြေမခိုင်နိုင်တော့ပါ။ ထိုအချက်သည် ဒီမိုကရေစီနိုင်ငံကြီးများ အတွက် အရေးကြီးယုံသာမက ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံဖြစ်အောင် ထူထောင်နေသော နိုင်ငံများအတွက် ပိုမို အရေးပါလှသည်။ အကျင့်ပျက်ခြစားမှုများ ကြားမှ လာဘ်ပေးလာဘ်ယူ ကင်းပြီး စိတ်ချရသော နိုင်ငံရေးခေါင်းဆောင်များ ပေါ်ပေါက်လာဖို့ ဆိုသည်မှာ အလွန်ပင် ခဲယှဉ်းပါသည်။
စီးပွားရေးရှုထောင့်က ကြည့်မည်ဆိုလျှင် အကျင့်ပျက်ခြစားမှုများကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေတွေ လျော့ပါးစေသည်။ ဆည်မြောင်းတာတမံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်ငွေ့ပိုက်လိုင်းများ အစရှိသည့် စီမံကိန်းကြီးတွေမှ တဆင့် ပြည်သူ့ဘဏ္ဍာငွေများကို အမြောက်အမြား ကဲ့ယူလေ့ ရှိကြသည်။ ထိုစီမံကိန်းကြီးများ အတွက် ဓားစာခံ ပေးဆပ်လိုက်ရသည်များကတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အခြေခံ လူမှုအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများဖြစ်သည့် ကျောင်း၊ ဆေးရုံ၊ လမ်း၊ မီး၊ ရေ စသည်တို့ ဖြစ်သည်။ ၎င်းအပြင် မျှတသည့် ဈေးကွက်ပုံစံ ဖွံ့ဖြိုးမှုကို အားမပေးဘဲ မျှတမှု ကင်းမဲ့သည့် ယှဉ်ပြိုင်မှုများကိုသာ ဖြစ်လာစေသည့်အတွက် ရင်းနှီးမြုပ်နှံမှုများကို နစ်နာဆုံးရှုံးစေသည်။
လူမှုရေးရှုထောင့်က ကြည့်မည်ဆိုလျှင် အကျင့်ပျက်ခြစားမှုကြောင့် ပြည်သူလူထုအနေဖြင့် အကျင့်ပျက်ခြစားနေသော နိုင်ငံရေးစနစ်၊ အဖွဲ့အစည်းများနှင့် ခေါင်းဆောင်မှုတို့ အပေါ် အယုံအကြည်ကင်းမဲ့ သွားတတ်ပါသည်။ ထိုမှတဆင့် ပေါ်ပေါ်ထင်ထင် လာဘ်တောင်းမှုများ၊ လက်သိပ်ထိုး လာဘ်ပေးမှုများ စသည့် လာဘ်ပေးလာဘ်ယူကိစ္စများသည် နေ့တဓူဝ ကိစ္စတစ်ရပ် ဖြစ်လာနိုင်ပါသည်။ ဤသည်ကို သည်းမခံနိုင်ကြသည့် အဆုံး တချို့တွေက နိုင်ငံကို စွန့်ခွာပြီး ထွက်ခွာသွားကြသည့် အတွက် တိုင်းပြည်အနေဖြင့် ထပ်မံ နစ်နာဆုံးရှုံးရပြန်သည်။
သဘာ၀၀န်းကျင် ထိန်းသိမ်းရေး လျော့ပါးမှုသည်လည်း အကျင့်ပျက်ခြစားမှု၏ နောက်ထပ် ဆိုးကျိုးတစ်ခု ဖြစ်သည်။ သဘာ၀၀န်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများ ကင်းမဲ့ခြင်း၊ လက်ရှိ ဥပဒေများကို တိတိကျကျ ဖော်ဆောင် အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိခြင်း စသည်တို့ကြောင့် သစ်တောပြုန်းတီးမှုများ၊ တွင်းထွက်ပစ္စည်းများ စသည့် သဘာဝသယံဇာတ အရင်းအမြစ်များ အမြောက်အမြား ဆုံးရှုံးနေရပါသည်။ ထိုမျှမက အစိုးရဘဏ္ဍာငွေကို မိမိအိတ်ကပ်ထဲ အလွယ်တကူ ရောက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် သဘာ၀၀န်းကျင် ဂေဟစနစ်ကို ပျက်ပြားစေမည့် စီမံကိန်းများကို အလေးဂရုမပြုဘဲ ကိုယ်ကျိုးတစ်ခုသာ ကြည့်၍ လုပ်ဆောင်နေခြင်းကြောင့်လည်း တိုင်းပြည်အတွက် ထိခိုက်နစ်နာစေသည်။
အချုပ်ပြောရလျှင် အကျင့်ပျက်ခြစားမှုသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအတွင်း နှစ်ပေါင်းများစွာ ကြာအောင် စွဲကပ်နေခဲ့သော ရောဂါဝေဒနာဆိုး တစ်ခုပင် ဖြစ်သည်။ ထိုနာတာရှည်ဝေဒနာကြောင့် တိုင်းပြည်၏ ဘဏ္ဍာငွေများ နေ့မြင်ညပျောက် ဖြစ်နေရခြင်း မဟုတ်ပါလား။ ဤသည်မှာ လာဘ်ယူနေသူများကြောင့်ချည်း မဟုတ်သလို လာဘ်ပေးနေသူများကြောင့်လည်း အမြစ်မပြတ်နိုင် ဖြစ်နေသည်ဟု ဆိုက မှားအံ့မထင်ပါ။ ထို့အပြင် လာဘ်ပေးလာဘ်ယူမှု ပေါ်ပေါက်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးပေးထားသော ခွင်များ (သို့မဟုတ်) မရည်ရွယ်ဘဲ ပေါ်ပေါက်လာရသော အခြေအနေများကိုလည်း မေ့ထား၍ မရပါ။ ၎င်းတို့ကိုလည်း ပပျောက်အောင် အာဏာပိုင်များရော ပြည်သူများပါ အားလုံး ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်ပါမည်။ သို့မှသာ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု စသည့် စကားလုံးများကို ကျွန်ုပ်တို့၏ အဘိဓာန်မှ အပြီးတိုင် ထုတ်ပစ်၍ ရပါမည်ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
သံလွင်အိပ်မက် ဝိုင်းတော်သားများ
ကျေးဇူးတင်လွှာ ကျွန်တော်တို့ အတွက် မညည်းမညူ ကာတွန်းများ၊ ကဗျာသရုပ်ဖော်ပုံများ ဆွဲပေးသော KNT နှင့် ဇနီး၊ သရုပ်ဖော်ပုံများ ရေးဆွဲ ပေးပို့ခဲ့သော မပန်ဒိုရာ၊ သံလွင်နှင့်အတူ ခံစားချက် တူညီစွာ စီးဆင်းခဲ့ကြသည့် စာရေးသူများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အစဉ်တစိုက် အားပေးလာကြသော ပရိသတ်များ အပြင် အခြားအခြားသော ကျေးဇူးတင်အပ်၊ ကျေးဇူးတင်ထိုက်သူများ အားလုံးကို သံလွင်အိပ်မက် ၀ိုင်းတော်သားများမှ ကျေးဇူးတင်ရှိပါသည်။
တောင်းပန်ခြင်း သံလွင်အိပ်မက် အတွဲ (၄) အမှတ် (၁) ကို မူလ သတ်မှတ်ထားသည့် ဇန်န၀ါရီလတွင် ထုတ်ဝေရမည့်အစား တိုက်ဆိုင်လာခဲ့သည့် အခြေအနေ အရပ်ရပ်ကြောင့် နှောင့်နှေးခဲ့ရပြီး ယခုလတွင်မှ ထုတ်ဝေနိုင်ခဲ့သည့် အတွက် စောင့်ဆိုင်းနေကြသည့် ပရိသတ်အား အနူးအညွတ် တောင်းပန်အပ် ပါသည်။
|
|