Views : 7481  |
Favoured : 105 |
တနင်္ဂနွေ တနင်္ဂနွေသားသမီးများ အူတူတူ အတတ ဖြစ်နေတတ်ပြီး အူကြောင်ကျားများကို ဆရာတင်မိသဖြင့် အုတ်ကြားမြက်ပေါက် ဖြစ်သွားတတ်သည်။ ကူးသန်းရောင်းဝယ်ခြင်းများ အကျိုးပေးဖွယ်ရှိသဖြင့် လူကုန်ကူးခြင်း၊ ဘိန်းရောင်းခြင်းများကို အဖမ်းခံရသည်အထိ လုပ်ပါ။ ကျန်းမာရေးတွင် ပရမ်းပတာဖြစ်နေတတ်သည်။ ယခုမှစ သုံးလအတွင်း ဦးခေါင်း၊ ခြေ၊ လက်၊ ခန္ဓာကိုယ် ဝမ်းဗိုက်နှင့်ဆိုင်သော ရောဂါကြီးများရတတ်ပြီး ကျန်ကိုယ်အင်္ဂါများမှာ အကောင်းပကတိရှိနေနိုင်မည်။ နှလုံးသားရေးရာတွင် ဆွေးစရာလေးများကို ဝမ်းနည်းစရာလေးများ ဖြည့်စွက်လာတတ်သဖြင့် အပျော်ကြီးပျော်ရမည်။ ပညာရေး အကောင်းအညံ့သည် စာမေးပွဲခန်းစောင့် ဆရာမပေါ်တွင် မူတည်နေသည်ကို သတိပြုပါ။ ယတြာအနေဖြင့် ဘူတာနားမှ စမူဆာ ကုလားကို “မူယာများလှချည်လား” ဟု လူတကာ အလည်တွင် စွပ်စွဲကာ ကြံသကာနှင့်ပစ်ပါ။ တနင်္လာ တနင်္လာသားသမီးများ ဟင်းမပါဘဲ ထမင်းစားရသည့်နေ့များ ဆက်နေမည်။ “တက်နိုင်ဖျားရောက်” ဆိုသော စကားကို လက်ကိုင်ထားသင့်သည့်အလျောက် အုန်းပင်၊ ထန်းပင်တက်ခြင်း၊ ကန်ထရိုက်တိုက်ဆေးသုတ်ခြင်း၊ ဘုရားငြမ်းဆင်ခြင်းများ အကျိုးဖြစ်ထွန်းမည်။ မနက်အိပ်ယာနိုးနိုးချင်း ဆီးသွားတတ်လျှင် သင့်တွင် ရောဂါကြီးတစ်ခုခု ရှိနေပြီဟု သတိပြုပါ။ စာမေးသောဆရာသည် သူ မသိသောကြောင့် သင့်ကိုမေးခြင်းလည်း ဖြစ်နိုင်သဖြင့် “ဆရာရော သိလို့လား” ဟု မကြာခဏ ပြန်မေးပါ။ ချစ်စရာကောင်းသူလေးများကြောင့် ခြစ်ချုပ်စုထားသော ငွေစလေးများ ပြောင်သွားဖွယ်ရှိသည်။ ယတြာချေလိုသူများသည် ဘုရားစောင်းတန်းတစ်ခုမှ ဗေဒင်ဟောခန်းဆိုင်းဘုတ်တစ်ခုကို ထိုဗေဒင်ဆရာရှိနေစဉ် ကြေမွသွားအောင် ဖျက်ဆီးပေးခြင်းဖြင့် လက်ငင်းအကျိုး ခံစားရမည်ဖြစ်သည်။ အင်္ဂါ အင်္ဂါနံဖြစ်သော ဆင်ရုပ်များပါသည့် ငွေစက္ကူများ ထုတ်ဝေလာခြင်းကြောင့် အင်္ဂါသားသမီးများသည် စပယ်ယာလက်ထဲမှ ငွေစက္ကူကဲ့သို့ လုံးလည်ချာလည်လိုက် ချေမွခံရလတ္တံ့။ ငါးထောင်တန်ကဲ့သို့ပင် တန်ဖိုးကြီးသလောက် ရုပ်ထွက်ညံ့နေတတ်သည်။ ကံကြမ္မာဆိုးများက ကျန်းမာရေးတွင် ချမ်းသာမပေးဘဲ လမ်းဘေးတွင်ပင် အိမ်သာတက်ရကိန်းရှိသဖြင့် သွားလေရာ ဂန်ဖလားဆောင်သွားပါ။ ပညာရေးလိုက်စားသူများ အကျိုးပေးနည်းနေသဖြင့် လိုက်မစားဘဲ အိမ်တွင်ဝယ်စားပါ။ ကိုယ့်ထက်ငယ်သူများနှင့် အဆင်မပြေ ဖြစ်ချိန်တွင် ကိုယ့်ထက်ကြီးသူများကလည်း အဖတ်မလုပ်တော့သဖြင့် ရင်ကွဲနာကျလတ္တံ့။ ယတြာအနေဖြင့် အင်္ဂါနေ့တိုင်း ခွေးတစ်ကောင်နှင့် ပန်းကန်တစ်ချပ်တည်း ထမင်းအတူတူစားပေးပါ။ ဗုဒ္ဓဟူး အရက်မူးသမားက ရိုက်နှက်လိုက်၍သော်လည်းကောင်း၊ ကိုယ်တိုင်အမူးလွန်သွား၍သော်လည်းကောင်း ရဲစခန်းရောက်ကိန်း မြင်သဖြင့် နှစ်သက်ရာကို ကြိုတင်ရွေးချယ်ထားပါ။ ကံနိမ့်နေသဖြင့် လူရာအသွင်းမခံရဘဲ စိန်ပြေးတမ်းကစားလျှင်ပင် ထမင်းမစား၊ ကွမ်းမစား အဆင့်ကသာ ကစားရတတ်သည်။ စီးပွားရေးလုပ်ရန် စိတ်ကူးသူများ အနေဖြင့် သံလွင်ကဝိ၏ နှစ်ချုပ်ဟောစာတမ်းကို ဘတ်စ်ကားပေါ်လိုက်ရောင်းခြင်းဖြင့် အကျိုးပေးလတ္တံ့။ ပညာရေး အားနည်းသူများ အနေဖြင့် ဖဲရိုက်ခြင်းကဲ့သို့သော အားလျှင်ကစားသည့် အားကစားဘက်ကို ပြောင်းသင့်သည့် အချိန်ကောင်းဖြစ်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွားလျှင် စိတ်မညစ်ပါနှင့်။ မကြာခင် ပြန်ကွဲသွားသဖြင့် ဂုဏ်ရှိသော တစ်ခုလပ်ဖြစ်ခွင့်ရှိနေပါသည်။ ယတြာသိပ်ချေချင်နေပါက ဘလိတ်ဓါးကို မနက်တစ်ချောင်း၊ ညတစ်ချောင်းဖြင့် ၅ ရက်ခန့် ဝါးစားပါ။ အားလုံးပြတ်ပြတ်သားသား ဖြစ်သွားစေရမည်။ ကြာသပတေး ပ၊ဖ၊ဗ၊ဘ၊မ နံများပါသော ကြာသပတေးသားသမီးများအနေဖြင့် မီးပျက်သောအရပ်၊ ဖုန်ထူသောအရပ်၊ ဘိန်းစားပေါသော အရပ်တို့တွင် ပြိတ္တာကဲ့သို့ အငတ်ငတ် အပြတ်ပြတ်ဖြင့် ကျင်လည်ရလတ္တံ့။ မစားရသောနေ့ထက် ငတ်သောနေ့က ပိုများနေတတ်သည်။ သို့သော်လည်း သင့်ပတ်ဝန်းကျင်က ကြင်နာတတ်သဖြင့် တောင်းရမ်းစားခြင်းသည် အကောင်းဆုံး စီးပွားရေးပင်ဖြစ်အံ့။ တက္ကသိုလ်မှ ဘွဲ့မရနိုင်သေးခင် ဘုန်းကြီးဝတ်၍ ဆရာတော်ပေးသော ဘွဲ့ကိုအရင်ရအောင် ယူထားသင့်သည်။ ကွေးသောလက်မဆန့်မီ ဘဝပြောင်းသွားနိုင်သဖြင့် အပျော်အပါးကို အချိန်ရသမျှ လိုက်စားပါ။ ချစ်သူထည်လဲ ထားတတ်သူများအတွက် ဝေဘာဂီအပြင် မင်္ဂလာဒုံတွင်လည်း ကူးစက်ဆေးရုံသစ်ကြီး ဖွင့်လှစ်ပြီးဖြစ်သဖြင့် စိတ်အေးနိုင်ပြီဖြစ်သည်။ ကံတက်စေမည့် ယတြာမှာ ညာဘက်ခြေထောက်တွင် နို့ဆီခွက် ၂ ခွက်ချည်၍ ဖိနပ်မစီးဘဲ Shoppping ထွက်ပါ။ သောကြာ သောကြာသားများ၏ ခေါင်းဆောင်မှုကြောင့် တိုင်းပြည်တွင် သောကများကာ ကြန့်ကြာမှုများရှိတတ်သည်။ အပြောင်းအလဲသည် တကယ့်အပြောင်းအလဲ မဟုတ်ပါက အပြောင်းအလဲ လိုလားသူများအနေဖြင့် အပြောင်းအလဲဖြစ်ရန်အတွက် ၎င်းတို့ကိုယ်တိုင်က အပြောင်းအလဲလုပ်၍ အပြောင်းအလဲ မလုပ်လိုသူများကို အပြောင်းအလဲဖြစ်လာစေရန်အတွက် အပြောင်းအလဲ၏ ကောင်းကျိုးကို ရှင်းပြပြီး အပြောင်းအလဲအတွက် အားထုတ်သင့်သည့် ကာလဖြစ်သည်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအများ အားနည်းနေချိန်တွင် အချစ်ရေး အထူးကံတက်နေသဖြင့် ယောက်ျားချင်းပင် မေတ္တာသက်ဝင် ချစ်ခင်သွားတတ်သည်။ လူကဲခတ်ညံ့သူအနေဖြင့် မိမိသတို့သမီးမှာ ယောက်ျားကြီးမှန်း မင်္ဂလာဦးညမှ သိရတတ်သည်။ အကောင်းဆုံး ယတြာမှာ အခေါင်းကောင်းကောင်း တစ်လုံးဝယ်ပြီး နေအိမ် ဧည့်ခန်းတွင် ထောင်ထားပါ။  စနေ
နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်း၊ နိုင်ငံသားပြောင်းလဲခံယူခြင်းတို့ ကြောင့် ထောင်ကျမည့်ဘေးမှ လွတ်ဖွယ်ရှိသည်။ စီးပွားရေး လုပ်ငန်း စတင်လိုသူများအနေဖြင့် နတ်ဝင်သည်လုပ်ခြင်း၊ နာရီအလစ်သုတ်ခြင်း၊ ထမီလိုက်ရုတ်ခြင်းတို့မှာ ထင်ထင်ရှားရှား အကျိုးပေးဖွယ်ရှိသည်။ ၂၀၁၂ တွင် ကမ္ဘာပျက်မည်ဆိုသောကြောင့် မပျက်ခင် အကြွေးယူသုံးခြင်း၊ အရစ်ကျပေးချေမှုဖြင့် တန်ဖိုးကြီးပစ္စည်း ဝယ်ယူခြင်းများ ပြုလုပ်သင့်သည်။ ကျန်းမာရေးတွင်တော့ မပြောပလောက်သော ဝေဒနာလေးများကြောင့် ခြေလက်များ ဖြတ်ရခြင်း၊ မျက်စိကွယ်ခြင်းများ ကြုံတွေ့နိုင်သည်။ ပညာရေးနှင့် အကျိုးပေးသည့် စနေသားသမီးများအနေဖြင့် ကျောင်းတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်ရသွားခြင်း သို့မဟုတ် သန့်ရှင်းရေးလုပ်သူနှင့် အိမ်ထောင်ကျကိန်းများ ရှိသည်။ ယတြာအနေဖြင့် မှတ်ပုံတင် သို့မဟုတ် ပတ်စ်ပို့ကို မီးရှို့ပစ်ပါ။ သံလွင်ကဝိ
|
|