Home ဆောင်းပါးများ ၀က်တုပ်ကွေးနှင့် စိုးရိမ်စိတ်လွန်ကဲမှု ပြဿနာ
20 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့149
mod_vvisit_counterမနေ့က1451
mod_vvisit_counterတစ်ပတ်အတွင်း1600
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း3118
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2883525
Join us in Facebook
Facebook Fanbox 1.5.x.0
ဝက်တုပ်ကွေးနှင့် စိုးရိမ်စိတ်လွန်ကဲမှု ပြဿနာ

Views : 2057    

Favoured : 91

Share

ဝက်တုပ်ကွေးနှင့် စိုးရိမ်စိတ်လွန်ကဲမှု ပြဿနာ
ကိုလေး (ဆေး-၁)
 
တစ်နှစ်နဲ့ တစ်နှစ် မရိုးနိုင်ဘဲ ဖြစ်နေကျ ဖြစ်တဲ့ တုပ်ကွေးရောဂါကြောင့် မိုးဦးကျပြီ ဆိုတာနဲ့ ဆေးခန်းငယ်လေးတွေမှာရော ဆေးခန်းကြီးတွေပါမကျန် လူစည်ကား တတ်မြဲဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နှစ်ဦးပိုင်းကတည်းက ၀က်တုပ်ကွေး ခေါ် swine flu ဆိုတဲ့ နာမည်ဆန်းကလေးနဲ့ တုပ်ကွေး အသစ်စက်စက် ကလေးက လူသားတို့ဆီကို အခြားတုပ်ကွေးတွေထက် အရင်ရောက်လို့ နေပြန်ပါတယ်။

အရင် ဖြစ်ဖူးခဲ့တဲ့ ကြက်ငှက်တုပ်ကွေးတုန်းကလို အာရှနိုင်ငံများက အစပြုတာ မဟုတ်ဘဲ မက္ကစီကိုမှာ စတင်ဖြစ်ပွားပြီး နာမည်ကျော်လာတဲ့ ၀က်တုပ်ကွေးဟာ အချိန်တိုလေးအတွင်းမှာ တော်တော်ကို ခေတ်စားလာခဲ့တာ တွေ့ရပါတယ်။ အဲဒီ swine flu လို့ ခေါ်ကြတဲ့ ၀က်တုပ်ကွေးဟာ သိပ်မကြာလှတဲ့ သက်တမ်းမှာပဲ သူ့အတွက် ရောဂါရှာဖွေနည်း၊ ကုထုံး၊ ကာကွယ်နည်း စတာတွေနဲ့ စုံစမ်း ဟန့်တားတဲ့ကြားက ကမ္ဘာတ၀ှမ်းမှာ ခေါင်းထူလာတာ တွေ့နိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ထုတ်ပြန်ထားတဲ့ ၀က်တုပ်ကွေးအကြောင်း၊ ဆောင်ရန်ရှောင်ရန် သတင်းအချက်အလက်တွေနဲ့ လက်ကမ်း စာစောင်တွေကိုလည်း နေရာအချို့မှာ တွေ့နေရတတ်ပြီး ၀က်တုပ်ကွေးဟာ အင်တာနက် စာမျက်နှာများနဲ့ အခြားသော အင်တာနက်ပေါ်မှ လူမှုရေး ပတ်ဝန်းကျင်များမှာပါ ခေတ်စားတဲ့ ရောဂါတစ်ခု ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတစ်ခုမှာ ၀က်တုပ်ကွေး ကူးစက်ခံစားရသူကို တွေ့တယ် ကြားလိုက်တာနဲ့ တယ်လီဗွီးရှင်းမှာ မျက်နှာဖုံးအချို့နဲ့ လူတွေ သွားလာနေတဲ့ မြင်ကွင်းကို ယှဉ်တွဲမြင်တွေ့ရတာဟာလည်း ၀က်တုပ်ကွေးရဲ့ ဖက်ရှင်တစ်ခုလို ဖြစ်ခဲ့ပါတယ်။

တစ်နှစ် မပြည့်ခင် သက်တမ်းမှာပဲ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားမှုပေါင်း ၉၄၅၀၀ ကျော်နဲ့ လူပေါင်း ၄၂၀ ကျော်သေဆုံးစေခဲ့တယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက ၂၀၀၉ ခုနှစ်၊ ဇူလိုင် ၆ ရက်မှာ စာရင်းထုတ်ပြန်ခဲ့တဲ့ ၀က်တုပ်ကွေးဟာ သူ့နည်းတူ အသက်ရှုလမ်းကြောင်း စနစ်ကို ထိခိုက်စေပြီး ကမ္ဘာအ၀ှမ်းမှ လူပေါင်း သန်း ၅၀၀ ခန့် ကူးစက်ခံရစေကာ သန်း ၅၀ ကနေ ၁၀၀ အတွင်း သေဆုံးစေခဲ့တဲ့ Spanish flu ထက်စာရင် ပမဏနည်းပါးပေမယ့် လျစ်လျူစရာ ရောဂါ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ Spanish flu လို့ခေါ်တဲ့ Influenza A virus strain ဟာလည်း H1N1 ရဲ့ subtype တစ်ခုဖြစ်ပြီး ၁၉၁၈ ခုနှစ် မေလ ကနေ ၁၉၂၀ ခုနှစ် ဇွန်လအတွင်း အတွင်းမှာ ကပ်ရောဂါအဖြစ် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ တခြားတဖက်မှာလဲ စိုးရိမ်စိတ် လွန်ကဲတဲ့စိတ်တွေ များလွန်းတဲ့အခါ မလိုအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတာကို သတိချပ်ရမယ့် အချက်လည်း ဖြစ်ပါတယ်။

Keith J Petrie နဲ့ Kate Faasse တို့ရဲ့ လေ့လာချက်များအရ twitter လို့ခေါ်တဲ့ တစ်ကြိမ်ကို စာလုံးပေါင်း အများဆုံး ၁၄၀ လောက်ထိ ရိုက်နှိပ်ခွင့်ရှိတဲ့ အင်တာနက် လူမှုဆက်သွယ်ရေး ၀က်ဆိုဒ်မှာ swine flu ဆိုတဲ့ စာလုံးပါတဲ့ သတင်းအချက်အလက်တွေ ပေးပို့မှုဟာ ဧပြီလ လဆန်းမှာ သုည ဖြစ်နေရာက မေလ ၁ ရက်နေ့မှာ ၁၂၅,၀၀၀ ထိ တက်လာခဲ့တယ်လို့ ဆိုပါတယ်။

အင်တာနက် ဘလော့စာမျက်နှာများမှ နေ့စဉ် ဖြစ်ပွားမှုများးကို blogpulse မှတဆင့် လေ့လာကြည့်တဲ့ အခါမှာလည်း မက္ကစီကိုမှာ ဖြစ်ပွားပြီးနောက်ပိုင်းမှာ swine flu ဒါမှမဟုတ် H1N1 အကြောင်း ရေးသား ဖော်ပြတဲ့ ရာခိုင်နှုန်းများ သိသိသာသာ တက်လာပြီး တဖန် မေလ ၂၁ ရက်နေ့မှာ အမေရိကန်ရှိ ကျောင်းများ ပိတ်လိုက်ရတဲ့အခါနဲ့ ဂျပန်နိုင်ငံမှာ ၀က်တုပ်ကွေးတွေ့ခဲ့ရပြီး နောက်ပိုင်းရက်တွေမှာ မြင့်တက်ခဲ့ပြန်ပါတယ်။ ထို့အတူ အင်တာနက်မှ လူမှုရေး စာမျက်နှာများတွင်လည်း ၀က်တုပ်ကွေးအကြောင်းများ ရေးသားဖော်ပြခြင်း၊ မိမိတို့ကိုယ်ပိုင် အမြင်များကို ဆွေးနွေးခြင်းများ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် facebook ဟုခေါ်သော လူမှုရေးစာမျက်နှာတွင် ယခုအခါ ၀က်တုပ်ကွေးအကြောင်း ဆွေးနွေးတဲ့ အဖွဲ့ပေါင်း ၅၀၀ ကျော်ရှိပြီဖြစ်လို့ ပြည်သူလူထူရဲ့ စိုးရိမ်စိတ်ကြီးမားမှု၊ သိချင်စိတ် ပြင်းပြမှုတို့ကို တစေ့တစောင်း လေ့လာနိုင်တယ်လို့လည်း Keith J Petrie နဲ့ Kate Faasse တို့ရဲ့ လေ့လာချက်များက ဆိုပြန်ပါတယ်။

မြန်မာဘာသာနဲ့ ရေးသားထားတဲ့ အင်တာနက် စာမျက်နှာများမှာပင် “၀က်တုပ်ကွေး” ဆိုတဲ့ နာမည်နဲ့ ရှာကြည့်လျှင် ဇွန်လပိုင်းကုန်မှာ ရလဒ် ၅၀ ထက်မနည်းကို တွေ့နေရပြီ ဖြစ်ပြီး မြန်မာ အင်တာနက် စာမျက်နှာများကလည်း အခြားဘာသာရပ် အင်တာနက် စာမျက်နှာများလိုပင် ဧပြီလကုန်ပိုင်းမှာ စတင် ရေးသားလာကြတာကို တွေ့ရပါတယ်။ စာရေးသူရဲ့ အသိမိတ်ဆွေများမှလည်း စိုးရိမ်စိတ်လွန်ကဲကာ စာရေးသူထံ လူနှင့်တမျိုး ဖုန်းနှင့် တသွယ် ဆက်သွယ်လို့ သူတို့ သိချင်တာတွေကို မေးမြန်းတာတွေ ရှိလာကြပါတယ်။

Keith J Petrie နှင့် Kate Faasse ကတော့ ရောဂါတစ်ခုဟာ လူထုကျန်းမာရေးကို အထိတ်တလန့် ဖြစ်စေပြီး နောက်ဆက်တွဲ လေ့လာရန် လိုအပ်နေစဉ်မှာ  အင်တာနက် စာမျက်နှာများမှ သတင်းအချက်များဟာ မထင်မှတ်ဘဲ ဆိုးကျိုးများကို ပေးနေတတ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အကြောင်းကတော့ သတင်းအချက်အလက် တစ်ခုကြောင့် ကြောက်စိတ်နှင့် စိုးရိမ်စိတ်များ မွှန်ထူနေချိန်မှာ  အခြား အင်တာနက်စာမျက်နှာပါ သတင်း အချက်အလက်များကို ဆက်လက်ပြီး ဖတ်မိတဲ့အခါ တခြားရောဂါများနဲ့ ယခုလက်ရှိ စိုးရိမ်ဖွယ်ရှိတဲ့ ရောဂါတို့ရဲ့ ဆင်တူရိုးမှား လက္ခဏာများကြောင့် စိုးရိမ်ပူပန်မှုကို လွန်ကဲစေလို့ ဖြစ်ပါတယ်။ အဲဒီအခြေအနေမျိုးဟာ မိမိမှာ အဲဒီလို အကြီးစား ရောဂါဖြစ်နေတယ်လို့ စိတ်ထင်မှတ်စေတဲ့ အခြေအနေကို ဖြစ်စေပြီး student’s disease နဲ့ ဖြစ်ပျက်ပုံခြင်း တူကြောင်း  ဇွန်လ ၁၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

Students’ disease ဆိုတာကတော့ စာရေးသူတို့ တတိယနှစ် ဆေးကျောင်းဘ၀မှာ ကျောင်းသားများ ဖြစ်တတ်တဲ့ စိတ်အခြေအနေကို တင်စားခေါ်ဝေါ်တဲ့ Third MB syndrome နဲ့ အခေါ်အဝေါ်ခြင်းသာ ကွဲလွဲတဲ့ တင်စားမှုတစ်ခု ဖြစ်ပါတယ်။ စာရေးသူတို့ ဆေးကျောင်းတက်ရစဉ်က ပထမနှစ်မှာ သင်ကြားရတဲ့ ဘာသာရပ်တွေဟာ အခြား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များနှင့် သင်ခန်းစာ အတော်များများ တူညီပြီး ဒုတိယနှစ်မှာတော့ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်တာများဖြစ်တဲ့ ဓာတုဖြစ်စဉ်၊ ဇီဝဖြစ်စဉ် စတာတွေကို လေ့လာခဲ့ရပါတယ်။ တတိယနှစ်ကို ရောက်လာတဲ့အခါ ခန္ဓာကိုယ် ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့ ရောဂါဗေဒကို စာတွေ့ရော လက်တွေ့ပါ သင်ကြားရတဲ့အခါ စူးစမ်းချင်စိတ်ရှိတဲ့ အရွယ်ကလေးလည်းဖြစ် လူမှုပတ်ဝန်းကျင်ကနေ ဖြစ်တာတွေနဲ့လည်း သုံးသပ်ပြန်တော့ တနေ့ တနေ့ သင်ခန်းစာပြီးတိုင်း မိမိကိုယ်တိုင်ခံစား ရတာတွေကို စဉ်းစားတတ်ပြီး ငါတော့ဖြင့် ဒီရောဂါဖြစ်နေပြီ ထင်တယ် ဟိုရောဂါဖြစ်နေပြီ ထင်တယ် စသည်ဖြင့် တွေးခေါ်တတ်ကြပါတယ်။

သူငယ်ချင်းများနှင့် ပေါင်းဖွဲ့ နေတတ်သူများကတော့ အချင်းချင်း စမ်းသပ်စစ်ဆေးပြီး အငြင်းပွားကြကာ ဆရာကြီးများမှ ၀င်ရောက် ဖြေရှင်းခဲ့ရသည်များ၊ ဆရာဝန်ကြီးများထံ စိုးရိမ်စိတ်ကြီးစွာ သွားရောက်ပြသခဲ့သည်များ ရှိခဲ့သလို၊ ဆိတ်ဆိတ်နေတတ်သူများမှာလည်း မိမိကိုယ်တွင်း၌ပင် ရောဂါပေါင်းစုံ ခိုအောင်းနေတယ်လို့ ယူဆကာ စိတ်အခြေအနေ ဆိုးရွားသွားသည်များလည်း နှစ်စဉ်လိုလို ဖြစ်ခဲ့ဖူးကြပါတယ်။

လူမှုရေး လောကမှာလည်း စာရေးသူရဲ့ ဦးလေး၊ အဒေါ် အပျိုကြီး လူပျိုကြီးများ ကိုယ်တိုင် ကျန်းမာရေး မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ကာ အလားတူ စိုးရိမ်ပူပန်စိတ် လွန်ကဲမှုများကို ခံစားခဲ့ကြရပါတယ်။ ထိုမဂ္ဂဇင်း စာစောင်များတွင် စာရေးဆရာကြီးများက သေချာစွာ ရှင်းလင်း ရေးသားထားပါသော်လည်း စာရေးသူ၏ ဦးလေးနှင့် အဒေါ်မှာ သူတို့ဖတ်ချင်သည့် စာပိုဒ်များကိုသာ ဖတ်ကာ မဖတ်ချင်သည့် စာပိုဒ်များကို ကျော်သွားတတ်ကြပြီး ကိုယ်ထင်ရာ ကိုယ်ဆွဲတွေးကြတာမို့ စာရေးသူမှာ တစ်နေ့တစ်နေ့ သူတို့အား ရှင်းပြရသည်က အလုပ်တစ်ခု ဖြစ်ခဲ့ဖူးပြန်ပါတယ်။

ယခုခေတ် လူငယ်များအနေဖြင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များအပြင် အခြားအခြားသော သတင်းအချက်အလက်များကိုပါ အင်တာနက်စာမျက်နှာများတွင် ရှာဖွေလာတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် အကြောင်းအရာ သတင်းအချက်အလက်များကို ပုံနှိပ်ထုတ်ဝေသော စာအုပ်စာပေ၊ ရေဒီယို များထက် အင်တာနက်စာမျက်နှာပေါ်တွင် ဖတ်ရှုမှုနှုန်း များပြားလာတဲ့ ရာခိုင်နှုန်းအများစုဟာ ဆယ်ကျော်သက်အရွယ်များ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ၀က်တုပ်ကွေးဟာ အမှန်တကယ် ကူးစက်တဲ့ နည်းလမ်းဖြစ်တဲ့ လူအချင်းချင်း အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်ခြင်း မဟုတ်တော့ဘဲ အင်တာနက်စာမျက်နှာမှ သတင်းအချက်အလက်များကို ဖတ်ယူပြီး မိမိတွင်လည်း ခံစားနေရသည်မှတ်ယူတတ်ကြပြီး Third MB syndrome လို အင်တာနက် ကွန်ယက်မှတဆင့် ကူးစက်ခြင်းများလည်း ဖြစ်ကုန်တတ်ကြပါတယ်။

အဲလိုအခါမျိုးမှာ မိမိကိုယ်တိုင်အတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ကြောင့်ကျမှုများ လွန်ကဲလာနိုင်သည့်အပြင် ဆေးရုံဆေးခန်းများ ၊ ၀က်တုပ်ကွေး အထူးစုံစမ်းမှုအတွက် တာဝန်ယူနေရသော ကျန်းမာရေးဝန်ထမ်းများ အတွက်လည်း မလိုအပ်တဲ့ဝန်ပိမှုများ ပိုလာတတ်ပါတယ်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေး ပညာပေးမှုကို ပြုလုပ်ခြင်း အချိန်မလောက်ခဲ့ပါမူ ကာယကံရှင်တွင်လည်း နားလည်နိုင်မည် မဟုတ်တဲ့အပြင် စိုးရိမ်စိတ်သာ ပိုဝင်စေမှာ ဖြစ်ပါတယ်။

ယခုအခါမှာ အင်တာနက်စာမျက်နှာများဟာ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်တွေကို ဖြန့်ဖြူးပေးဖို့ အရေးကြီးတဲ့ နေရာက ပါဝင်နေသလို ကျန်းမာရေး ဆိုင်ရာ စိုးရိမ်မှုကို ပြသတဲ့ အညွှန်းတစ်ခုလည်း ဖြစ်ခဲ့ပြန်ပါတယ်။ လတ်တလော ဂူဂယ်လ် စာမျက်နှာမှ တဆင့် swine flu ဆိုတဲ့ ရှာဖွေမှု မြင့်တက်လာမှုဟာ အမှန်တကယ် တုပ်ကွေး ဖြစ်ပွားမှု အရေအတွက်ထက် ပြည်သူလူထူရဲ့ စိုးရိမ်ပူပန်မှုကို ပြသနေပါတယ်လို့ Keith J Petrie နဲ့ Kate Faasse ရဲ့ ဇွန်လ ၁၁ နေ့က ထုတ်ပြန်တဲ့ လေ့လာချက်က ဆိုပါတယ်။

ထို့ကြောင့် အင်တာနက်စာမျက်နှာဟာ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို ရယူဖို့ အကောင်းဆုံး နေရာတွေထဲက တစ်ခုဖြစ်သလို အင်တာနက်စာမျက်နှာမှ တဆင့် ကျန်းမာရေးပညာပေးခြင်းဟာလည်း အလွန်ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းချက်ထုတ်နိုင်မယ် မဟုတ်ပါဘူး။ ထို့အတူပင် တိကျသော သတင်းအချက်အလက်များကို မပေးနိုင်သောအခါတွင်လည်းကောင်း၊ စာဖတ်သူများအနေဖြင့် အရေးကြီးသော အချက်အလက်များကို လျစ်လျူရှုမိသော အခါတွင်လည်းကောင်း၊ တလွဲအမြင်ရမိလျှင်သော်လည်းကောင်း စိုးရိမ်စိတ်လွန်ကဲမှုမှတဆင့် ဆိုးကျိုးများ ရလာနိုင်ပါတယ်။ ဒါကြောင့် အများပြည်သူအနေနဲ့ အင်တာနက်စာမျက်နှာ တစ်ခုတည်းကို အားကိုး ဖတ်ရှုပြီး ရပ်တန့်မနေကြဘဲ မိမိ သိလိုပြီး မရှင်းလင်းသော အချက်အလက်များနှင့် ရောဂါလက္ခဏာများအား ကျွမ်းကျင်သည့် ကျန်းမာရေး ၀န်ထမ်းများနှင့် အေးဆေးစွာ တိုင်ပင်သင့်ပါတယ်။ သို့မှသာ လိုအပ်သည်ထက်ပိုတဲ့ စိုးရိမ်ပူပန်မှုများ မဖြစ်စေဘဲ ၀က်တုပ်ကွေးဆိုင်ရာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းများကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုလေး (ဆေး-၁)

ကိုးကား
1.Petrie KJ, Faasse K. Monitoring public anxiety about flu. BMJ Group2009 11 june 2009.
2.http://en.wikipedia.org/wiki/Spanish_flu
3.WHO. Epidemic and Pandemic Alert and Response (EPR). Influenza A(H1N1) - update 58. WHO; 6th July 2009 [cited 2009 6th july].
4.L. D. Sims, BVSc, MACVSc, MRCVS1 JD, DVM P, C. Benigno, DVM2, et al. Origin and evolution of highly pathogenic H5N1 avian influenza in Asia



User comments Quote this article in website Favoured Print Send to friend အပြည့်အစုံဖတ်ရန်
ဝက်တုပ်ကွေးနှင့် စိုးရိမ်စိတ်လွန်ကဲမှု ပြဿနာ
Sunday, 19 July 2009 16:17

Rating 3.0/5 (10 votes)