
မကြာမီ ပန်းပွင့်ချိန် ရောက်တော့မယ်။ အခုတောင် အရောင်အသွေးစုံလင်တဲ့ အဖူးအငုံလေးတွေ စီရီနဲ့ နေရောင်အောက်မှာ ပန်းခင်းကြီးက ယိမ်းနွဲ့လှပလို့…..။ တိုးတိုးလွှလွှ တိုက်ခတ်လာတဲ့ လေညင်းဖွဖွကလည်း ရနံ့အပိုင်းအစလေးတွေကို သယ်ဆောင်ရင်း…. ပန်းတွေ ပွင့်တော့မယ်ဆိုတဲ့ သတင်းကို ပန်းဥယျာဉ်မှူးကြီးဆီ သယ်ဆောင်သွားတယ်။
အဲဒီလိုနဲ့ တစ်ရက်.. နှစ်ရက်.. သုံးရက်.. ရေလောင်း၊ ပေါင်းသင်၊ ပိုးရှင်း…။ သူ့ဘက်က တာဝန်တွေ မလစ်ဟင်းပါဘဲနဲ့ ဘာကြောင့်များ ဒီပန်းတွေ အခုထိ အဖူးအငုံဘ၀က မတက်ကြတာပါလိမ့်။ ဥယျာဉ်မှူး နည်းနည်း စိတ်ညစ်လာတယ်။ တစ်ခုခုတော့လွဲနေပြီလို့ပဲ စိတ်ထဲကနေ မ၀ံမရဲထင်နေမိတယ်။ သူ ထင်သလိုပါပဲ။ ပန်းခင်းကြီးထဲမှာလဲ တစ်ခုတည်းကပ်လွဲပြီး မပွင့်နိုင်ဘဲ ဖြစ်နေကြတယ်။ အနီရောင်အဆင်းကိုဆောင်ထားတဲ့ နှင်းဆီနီရဲ့ စကားတစ်ခွန်းကနေ စတဲ့ပြဿနာပေါ့။
“နှင်းဆီနီနီကို ဥယျာဉ်မှူးရဲ့ ကောင်မလေးက အရမ်းကြိုက်တာကွ။ ဒီအပင်က ပွင့်သမျှပန်းတိုင်း အရင်ဆုံးအခူးခံရပြီး အဲဒီကောင်မလေးရဲ့ကေသာကို အမြန်ဆုံးရောက်သွားရတာချည်းပဲ။ လူတစ်ယောက်ရဲ့ ဆံပင်ပေါ်တင်ပြီး သွားလေရာကိုပါနေရတော့…..ပန်းသက် မရှည်ရှာဘူးပေါ့ကွာ။ အဲဒါကြောင့် ငါလဲ ပွင့်လိုက်ဖို့အရေး တွေးကြောက်နေမိတယ်….. သူငယ်ချင်းတို့ရေ။”
နှင်းဆီနီရဲ့စကားကိုကြားတော့.. အရင်ကဘာမှမစဉ်းစားမိကြတဲ့ ပန်းတွေအားလုံးလဲ တွေဝေမှိုင်ငေးသွားကြပြီး သူတို့အပင်မှာပွင့်ခဲ့တဲ့ အတိတ်ကပန်းတွေအကြောင်းကို ကိုယ်စီကိုယ်စီ ပြန်တွေးမိကြတယ်။ ကိုယ့်အတွေးနဲ့ကိုယ်… သူတို့တွေ တိုးတိုးလေး စီးမျောနေကြတုန်းမှာ အ၀ါရောင် နှင်းဆီဖူးတွေ များစွာထဲက တစ်ဖူးက သူ့မှတ်ဥာဏ်ထဲက စကားတစ်စကို ထုတ်ပြောပြတယ်။
“မနေ့တုန်းက ဟိုဘက်ခြံထဲက အဘွားကြီး ဥယျာဉ်မှုးကြီးဆီကို မနက်အစောကြီး ရောက်ချလာတယ်။ ပြီးတော့ အ၀ါရောင်နှင်းဆီတွေကို ဘယ်သူ့ကိုမှ မရောင်းနဲ့လို့… ပွင့်ပွင့်ချင်း အကုန်လုံး သူယူမယ်လို့ပြောတာ ငါသေသေချာချာကြီးကို ကြားလိုက်ရတယ်ကွ”
“သူက နှင်းဆီဝါတွေ အများကြီး ဘာလုပ်မလို့လဲမသိဘူးနော်။”
ပန်းနုရောင် ရေမွှေးနှင်းဆီလေးရဲ့ ကြားဖြတ်အမေးကို နှင်းဆီဝါ၀ါလေးက သူ့စကားကို ဆက်ပြောပြီး ဖြေပေးတယ်။
“အိမ်တွင်းရေးက ငြိမ်ငြိမ်လေးဖြစ်ရအောင် နှင်းဆီအ၀ါတွေ ဘုရားပန်းတင်ရမယ်လို့ သူ့ဗေဒင်ဆရာက ဟောလိုက်တယ်လို့ ဆက်ပြောသေးတယ်ကွ ”
သူ့ရဲ့စကားအဆုံးမှာပဲ သက်ပြင်းချသံအရှည်ကြီးတစ်ခု နင်းဆီဝါတွေ စုနေတဲ့ဘက်ကနေ ထွက်လာတယ်။ စကားတစ်ခွန်းနဲ့ အတူပေါ့။
“ဟင်…. ဒါဆို ငါတို့လည်း ပွင့်ပွင့်ချင်းပဲ အခူးခံရပြီး အဲဒီအဘွားကြီးရဲ့ ဘုရားစင်ရှိရာကို တစ်အုံတစ်မကြီး ချီတက်ရမှာပေါ့နော်….. မပွင့်ဘဲ ဒီအတိုင်း ငုံနေတာပဲ ကောင်းမယ် ထင်ပါတယ်ကွာ…”
နှင်းဆီဝါတွေရဲ့ ညဉ်းတွားသံသဲ့သဲ့အဆုံးမှာ ပန်းနုရောင်ရေမွှေးနှင်းဆီလေးကလည်း သူသိထားတဲ့ အရင်က သူ့နောင်တော်ပန်းပွင့်တွေရဲ့ ဖြစ်အင်ကို ၀င်ပြောတယ်။
“ကျွန်တော့် အရင်က အခူးခံရတဲ့ နောင်တော်ပန်းပွင့်တွေရဲ့ ဖြစ်အင်ကတော့ စုံတယ်ဗျ။ ရနံ့က အခြားသူတွေထက် ပိုမွှေးလေတော့ ဧည့်ခန်းထဲမှာထိုး၊ စာကြည့်စားပွဲမှာထိုးနဲ့။ အဆိုးဆုံးကတော့ မှောင်မှောင်မဲမဲ စာအုပ်တွေကြားထဲ အညှပ်ခံရတာပါပဲဗျ။ အဆိုးဆုံးရဲ့ အဆိုးဆုံးက ကွယ်လွန်သူတွေရဲ့ ခန္ဓာကိုယ်အနှံ့မှာ အပုပ်နံ့ ပျောက်အောင်သွားနေရတဲ့ အဖြစ်ပေါ့ဗျာ။ ကျွန်တော်လဲ ပွင့်ပြီးရင် ဘယ်ဘ၀ရောက်မယ် မသိပါဘူး”
ရေမွှေးနှင်းဆီလေးရဲ့ စကားကို သဘောကျလို့ အားလုံး မချိပြုံးလေးတွေ ကိုယ်စီနဲ့ဖြစ်သွားချိန်မှာပဲ.. အဖြူရောင်နှင်းဆီပွင့်လေးက သူခံစားနေရတဲ့ ဝေဒနာကို ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ဟတယ်။
"ပန်းပွင့်တွေ အားလုံးကတော့ အခူးခံလိုက်ရပြီး တစ်နေရာရာ ရောက်သွားမှာကို ကြောက်နေကြတယ်။ ငါကတော့တမျိုးကွ…အခူးခံရမှာကို မကြောက်ဘူး။ ငါပွင့်လိုက်ပြီဆိုတာနဲ့ ဘယ်ကမှန်းမသိ ရောက်ရောက်လာကြပြီး ငါ့ရဲ့နှလုံးသားတည့်တည့်ကို နှာခေါင်းချွန်ချွန်တွေနဲ့ လာ လာထိုးကြတဲ့…ပျားတို့၊ ပိတုန်းတို့ဆိုတဲ့ အကောင်တွေကို အကြောက်ဆုံးပဲ။"
နှင်းဆီဖြူလေးရဲ့ စကားကို နှင်းဆီနီက ‘ဒါလည်းဟုတ်တာပဲ’ ဆိုတဲ့ အာလုပ်စကားနဲ့ ထောက်ခံပြီး သူဘ၀င်မကျတာ တစ်ခုကိုပါ ထပ်မံတင်ပြပြန်တယ်။
"ဥယျာဉ်မှုးက ငါတို့ကို ခူးခုးပြီး သူ့ကောင်မလေးကို မပေးခင်မှာ ဆူးတွေကို ဓားနဲ့ခုတ် ခုတ်ပစ်တာကလည်း ဆိုးလွန်းပါတယ်ကွာ…. နှင်းဆီ သိက္ခာကျတယ်။"
အဲဒီလို…အဲဒီလို… တစ်ခွန်း…တစ်ခွန်းနဲ့ စကားလုံးတွေ ဖောင်ဖွဲ့ မပွင့်ရဲခြင်း ပြဿနာတက်နေလိုက်တာ…. နေမင်းတောင် အနောက်ဘက်ယွန်းယွန်းမှာ မေးတင်ရင်း တနေ့တာအတွက် နောက်ဆုံးနှုတ်ဆက်ချိန်ကို ရောက်လာခဲ့တယ်။ ထူးခြားတာကတော့ စကားဝိုင်းတလျှောက်လုံး ဘာမှ ၀င်မပြောပဲ….. ငြိမ်ငြိမ်ကလေး စဉ်းစားခန်းဝင်နေတဲ့ နှင်းဆီဖူးလေး တစ်ဖူးရှိတယ်။ သူက အနက်ရောင်။ သေချာအောင် ထပ်ပြောရရင် နှင်းဆီနက်။ အခြားနှင်းဆီတွေအားလုံး မရေရာတဲ့ တွေးဆချက်တွေနဲ့ သေချာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ဘဲ… နောက်တစ်နေ့စီကို လေးပင်တဲ့စိတ်တွေနဲ့ ဒီအတိုင်း ကူးဖြတ်လိုက်ကြဖို့ ပြင်ဆင်နေချိန်မှာ…။ အဲဒီနှင်းဆီနက်လေးရဲ့ တစ်ခွန်းတည်းသောစကားက ဆည်းဆာနဲ့အတူ ပီပီသသ လျှံကျလာတယ်။
‘မနက်ဖြန် မနက် အာရုဏ်ကျင်းတာနဲ့ ပွင့်ပစ်လိုက်ဖို့ ငါဆုံးဖြတ်လိုက်ပြီ"
အိပ်ဖို့ပြင်ဆင်နေကြတဲ့ အားလုံးရဲ့မျက်လုံးတွေ အဲဒီစကားကြောင့် ပြန့်ကျယ်သွားကြတယ်။ ဘယ်လိုဖြစ်တာလဲ။ ပွင့်ပစ်လိုက်ဖို့ သူများတွေ ကြောက်ရွံ့ တွန့်ဆုတ်နေချိန်မှာ… သူက ဘာကြောင့် ကောက်ကာငင်ကာ ရဲရင့်သွားရတာလဲ။

"မင်းတို့ပြောနေတာတွေကို ကြားရင်း အတွေးတစ်မျိုး ရသွားလို့ပါ။"
သူက တည်တည် ငြိမ်ငြိမ်နဲ့ ပြောနေပေမယ့် အားလုံးက ပြာပြာသလဲနဲ့မေးကြတယ်။
“မင်းကို တစ်ယောက်ယောက်က ခူးပြီး ခေါင်းပေါ် ပန်ပစ်လိုက်မှာကို မကြောက်ဘူးလား ။”
“ဟင့်အင်း….. ငါ့ရဲ့အလှနဲ့ ပေါင်းစပ်ပြီး ပန်လိုက်တဲ့သူရဲ့အလှ ပိုလို့ တင့်တယ်သွားနိုင်တာပဲလေ… ဒီအတွက် သူကျေနပ်နိုင်သလို ငါလည်း ကျေနပ်နိုင်ပါတယ်”
“ဘုရားခန်းကျဉ်းကျဉ်းလေးထဲမှာ ညှိုးနွမ်းသွားတဲ့ အချိန်ထိနေရင်း ဘ၀ဆုံးသွားမှာကိုရော မကြောက်ဘူးလား။”
“ဘုရားစင်ရဲ့ခန်းနားသပ္ပာယ်မှုကို ငါတို့ရဲ့လှပကျက်သရေရှိမှုနဲ့ ထပ်ဆင့်ပူဇော်ခွင့်ရတာ သိပ်ကို ကျေနပ်စရာပေါ့ကွာ။ ငါတို့ကြောင့် ဘုရားပူဇော်သူတွေရဲ့ စိတ်မှာ နဲနဲလေးပဲဖြစ်ဖြစ် ငြိမ်းအေးမှု ပိုရသွားတယ်ဆိုရင်….. နေရင်းထိုင်ရင်း ကုသိုလ်တောင် ပိုရသွားဦးမှာကွ။”
“ပန်းအိုးထဲ ထိုးကြတာကိုတော့ ထားလိုက်ပါတော့။ ခင်ဗျား…စာအုပ်ကြား အညှပ်ခံရတာကိုရော မကြောက်ဘူးလား။”
“စာအုပ်ကြားထဲမှာ ဘယ်လိုပဲညှပ်ညှပ် ထုတ်နမ်းတဲ့အချိန်မှာမွှေးနေရင် ပြီးတာပါပဲကွာ။ အရေးကြီးတာက ကိုယ့်ရနံ့ကိုထိန်းသိမ်းဖို့နဲ့၊ နမ်းရှိုက်သူကို ကျေနပ်စေဖို့ပါ့ပဲ”
“အခေါင်းထဲမှာ အလောင်းကောင်ကြီးနဲ့ အတူတူနေရမယ် ဆိုရင်ကောဗျာ။”
“ဒါဟာ အင်မတန် မွန်မြတ်တဲ့အလုပ်ပါကွာ.. အနံ့ဆိုးတစ်ခုကို ရနံ့တစ်ခုနဲ့ ဖုံးလွှမ်းပစ်လိုက်နိုင်တာ ဂုဏ်ယူစရာကောင်းတဲ့ အောင်ပွဲတစ်ခုပါ။”
“ပျားတွေ ပိတုန်းတွေ နှုတ်ခမ်း ချွန်ချွန်ကြီးတွေနဲ့ လာထိုးတာကိုလဲ မင်းမကြောက်ဘူးပေါ့….ဟုတ်လား။”
“ငါတို့တွေ အခုလိုဖူးငုံလာကြတာ သူတို့ရဲ့ ကျေးဇူးမကင်းပါဘူးကွာ။ ပျားတို့ ပိတုန်းတို့ဆိုတာ သူတို့အလုပ်လုပ်ရင်းနဲ့ ငါတို့ရဲ့ မျိုးဆက်ပြန့်ပွားမှုကို တစ်ဘက်တစ်လမ်းက အထောက်အကူပေးနေတဲ့ သတ္တ၀ါတွေပါ… ကျေးဇူးတင်စရာ ကောင်း ပါတယ်။”
နှင်းဆီနက်လေးရဲ့ ချက်ကျလက်ကျ အဖြေတွေက အားလုံးကို ရှဲခနဲ ငြိမ်ကျသွားစေတယ်။ သူ့ရဲ့ အဖြေစကားတွေကို အလေးအနက်ထားပြီး တွေးတော ချိန်ဆနေကြတဲ့ သူငယ်ချင်း နှင်းဆီတွေကို အပြုံးတစ်ပွင့်နဲ့ ကြည့်ရင်း သူက စကားဆက်တယ်။

“အပင်ပေါ်မှာ ဒီအတိုင်းနေရင်လဲ တစ်နေ့နေ့မှာ ညှိုးနွမ်း ကြွေကျကြရမှာပါပဲကွာ။ နှေးတာနဲ့ မြန်တာပဲ ကွာမှာပါ။ အဲဒီတော့… တစ်ယောက်ကိုပဲဖြစ်ဖြစ်၊ အများကိုပဲ ဖြစ်ဖြစ်ပေါ့.. ငါတို့ ပိုင်ဆိုင်တာလေးနဲ့ တတ်နိုင်သလောက်လေး.. စိတ်ကျေနပ်မှုတွေပေးရင်း ဘ၀ကို ကုန်ဆုံးလိုက်ရတာ ပိုကောင်းပါတယ်”
သူ့ရဲ့စကားကို အားလုံးက တွေးတွေးဆဆနဲ့ ခေါင်းညိတ်လက်ခံကြတယ်။ သူက နောက်ဆုံးစကားတစ်ခွန်းကို အားလုံး ကြားရအောင် လေသံကိုမြှင့်ပြီး ထပ်ပြောတယ်။
“ဒီထက် ပိုပြီး ရှင်းရှင်းပြောရရင်တော့… ပန်းတစ်ပွင့်ရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတော့ … အလှပဆုံး ပွင့်ပစ်လိုက်ဖို့ပဲ မဟုတ်ဘူးလားကွာ…”