Home အင်တာဗျူး
19 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့244
mod_vvisit_counterမနေ့က1268
mod_vvisit_counterတစ်ပတ်အတွင်း244
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း1762
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2882169
Join us in Facebook
Facebook Fanbox 1.5.x.0
အင်တာဗျူး

Views : 4104    

Favoured : 90

Share

သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၃ အတွက် ဆင်းရဲမွဲတေမှု (Poverty) ခေါင်းစဉ်နဲ့ ကျွန်တော်တို့တတွေ ပြည်တွင်း ပြည်ပက လက်လှမ်းမီသလောက် ပြည်တွင်းပြည်ပ လူတန်းစား အလွှာပေါင်းစုံကို အင်တာဗျူး မေးခွန်းလေးတွေ မေးထားပါတယ်။ သူတို့တတွေရဲ့ အဖြေ အသီးသီးကို ဖတ်ရှုလေ့လာခြင်းဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားကို ခန့်မှန်းနိုင်မယ်လို့ ယူဆပါတယ်။

(သံလွင်အိပ်မက် ၀ိုင်းတော်သားများ)
 

ပြည်တွင်းရှိ မြန်မာများနှင့် အင်တာဗျူး

ဂျာနယ်လစ်တစ်ဦးနှင့်

ပြည်တွင်းရှိ ဂျာနယ်လစ်တစ်ဦးနှင့် အင်တာဗျူး


သံလွင်။ ဇာတိ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း ပြောပြပေးပါ။
ဖြေ။ ကျွန်တော်က ရန်ကုန်ဇာတိပါ ဂျာနယ်လစ်လုပ်နေတာ ငါးနှစ်လောက်တော့ ရှိနေပါပြီ။ ဥပဒေ နောက်ဆုံးနှစ်နဲ့ ကျောင်းဆက်မတက် ဖြစ်တော့တာပါ..။

သံလွင်။ မြန်မာနိုင်ငံကလူတွေ စား၊ဝတ်၊နေရေး ပိုကျပ်တည်း လာတယ်လို့ လူတိုင်းက ပြောနေတယ်ဗျ။ အဲဒီအခြေအနေလေးတွေကို ပတ်ဝန်းကျင် မှာ သတိပြုမိသလောက် ပြောပြပါလားဗျာ။ နောက်ပြီး သူတို့တတွေ ခက်ခက်ခဲခဲ ရုန်းကန်နေတာ ဆိုတော့ ဘယ်လိုများ ရပ်တည်ရှင်သန်နေကြသလဲဗျ။
ဖြေ။ ပြည်တွင်းမှာ ရှိတဲ့လူတွေရဲ့ စားဝတ်နေရေးက ကျပ်တည်းပါတယ်… ။ အဓိက စားဝတ်နေရေး ကျပ်တည်းတာဟာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးတဲ့အပေါ်ကို မူတည်ပါတယ်။ ပြည်တွင်းမှာ အလုပ်လက်မဲ့ ရာခိုင်နှုန်းတော်တော်များပါတယ်… ပြည်တွင်း မှာ လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်က ပုံမှန်ဝင်ငွေရရှိနိုင်တဲ့ အလုပ်အကိုင် မရှိဘူး ဖြစ်နေတယ်… ။ ပုံမှန်ဝင်ငွေ ရရှိတဲ့ တ၀က်လောက်က သူတို့ လစာဝင်ငွေနဲ့ မလောက်ငတာကိုတွေ့နေရတယ်…။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း ရပ်တည်မှုအရမ်းခက်ခဲတယ်…။ အဲဒီအတွက်
လူတန်းစား ကွာဟမှုက အရမ်းကြီးမားလာပါတယ်..။ လူလတ်တန်းစားဆိုတာ မပြောပလောက်တဲ့ ရာခိုင်နှုန်းပဲရှိတာကိုတွေ့ရပါတယ်..။

သံလွင်။ တချို့ကလည်း ဆင်းရဲလွန်းလာတဲ့အခါ ငွေရလွယ်တဲ့ နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာလာကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ - ချဲထိုးလာကြတာ၊ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြတာ စသည်ဖြင့်ပေါ့။ အစ်ကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဆင်းရဲလွန်းတဲ့ အခါ ထွက်ပေါက်ရှာတဲ့လုပ်ငန်းတွေကို လုပ်တတ်ကြတာ သဘာဝပါ…။ လူဆိုတာ အသက်ရှင်ရပ်တည်ဖို့ ပိုက်ဆံလိုပါတယ်… အရမ်းဆင်းရဲလာတဲ့အခါကျတော့ ဥပဒေနဲ့ ငြိစွန်းတာတွေ စာရိတ္တပျက်ပြားတယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားဖို့ ခက်ခဲလာတတ်ပါတယ်…။ တချို့ ကဆင်းရဲမွဲတေမှုက လောင်းကစားလုပ်ငန်းတွေ ကြီးထွားလာလို့ ထင်မှတ် ကြပါတယ်…။ တစ်ခါတစ်လေမှာ တစ်နေ့စာအသက်ရှင်ဖို့ လောင်းကစားဝိုင်းက ပိုက်ဆံကို မျှော်လင့်ချက်နဲ့ မက်မောနေရတဲ့ အဖြစ်တွေ က အခြေခံ လူတန်းစားတွေထဲမှာ အများအပြား ရှိပါတယ်… ။ တချို့ အမျိုးသမီးငယ်တွေဆို ခန္ဓာကိုယ်နဲ့ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို မျက်စိမှိတ် လုပ်နေရတဲ့အဖြစ်တွေရှိနေပါတယ်…။ အဲဒါ ဆင်းရဲခြင်း သံသရာထဲ နစ်ဆင်းသွားတယ် ဆိုပေမယ့် .. လတ်တလော အသက်ရှင်ဖို့ ဒီကောက်ရိုးတစ်မျှင်ပဲ ရှိတော့မယ်ဆိုရင်…ဆင်းရဲတာ ကြောက်ဖို့ကောင်းပါတယ်… ဆင်းရဲတဲ့အတွက် ပညာမသင်နိုင်ပါဘူး.. ဆင်းရဲတဲ့ လူ့အသိုင်းအ၀ိုင်းမှာ ပြစ်မှုတွေများတတ်ပါတယ်။ ဆင်းရဲတဲ့အတွက် ခေါင်းပုံဖြတ်ခံရမှု ပိုများတယ်။ လူကုန်ကူးခံရမှုတွေလည်းများတယ်။
ဆင်းရဲတဲ့ လူအဖွဲ့အစည်းမှာ ခေတ်သစ်ကျွန်စနစ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်…။ မြန်မာနိုင်ငံအနေနဲ့လည်း လွန်ခဲ့တဲ့ ဆယ်နှစ်က မတွေးရဲခဲ့တဲ့ အနေအထားကို ဒီနေ့ရောက်ရှိနေပါတယ်…။

သံလွင်။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ နိုင်ငံ ၃ - ၄ နိုင်ငံလောက် ပြောပြနိုင်မလားခင်ဗျာ။ အဲဒီလိုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါတယ်လို့ ထင်ပါသလား။
ဖြေ။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ဇင်ဘာဘွေ၊ ကွန်ဂိုတို့ပါဝင်ပြီး ဆီယာလီယွန်က နံပါတ် တစ်ဆယ်မြောက်မှာ ရှိပါတယ်..။ဇင်ဘာဘွေ ရဲ့ GDP per capita က ဒေါ်လာ ၂၀၀ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ GDP per capita က ဒေါ်လာ ၁၂၀၀ ရှိပါတယ်။ အာရှအဆင်းရဲဆုံး နိုင်ငံတွေထဲမှာတော့ နံပါတ်ခြောက်နေရာ ရှိနေတယ်လို့ ကမ္ဘာ့အဆင့် သတ်မှတ်တဲ့ အဖွဲ့အစည်း တစ်ခု နှိုင်းယှဉ်ချက်တွေကို တွေ့ဖူးပါတယ်။ မြန်မာနိုင်ငံအစိုးရ အနေနဲ့ကတော့ ဆင်းရဲတဲ့ အစိုးရ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ မြေပေါ်မြေအောက် သယံဇာတတွေနဲ့ ၀င်ငွေ ရှာဖွေ နိုင်ပါတယ် … တိုင်းပြည်ရဲ့ ရသုံးမှန်းခြေငွေစာရင်းကတော့ အခွန်ရရှိမှုနည်းပါးတာကြောင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားစီမံကိန်းတွေ အတွက်တော့ ဘက်ဂျက် လိုငွေပြမှုတွေ ရှိနိုင်ပါတယ်။ မြန်မာအစိုးရက စစ်တပ်ခေါင်းဆောင်များ ဦးစီးတဲ့ အစိုးရ ဖြစ်တဲ့အတွက် စစ်ရေးတည်ဆောက်မှုတွေမှာ တော့ ငွေကြေး အမြောက်အမြား သုံးစွဲ ပါလိမ့်မယ်။ တိုင်းပြည်ကတော့ စီးပွားရေးဖွံ့ဖြိုးမှု နည်းပါးတာကြောင့် ဆင်းရဲမှုပိုများလာပါတယ်။ ၉၀ လွန်ကာလ ဈေးကွက် စီးပွားရေးခေတ်ဦးမှာ စီးပွားရေးလုပ်ငန်းတွေ ဦးမော့ ခဲ့တယ်ဆိုပေမယ့် ပါမစ်စနစ်၊ အစိုးရလက်ဝေခံ လုပ်ငန်းရှင်များ လက်ဝါးကြီးအုပ် စီပွားရေးပုံစံကြောင့် သာမန်ပြည်သူတွေရဲ့ စီးပွားရေးဘ၀တွေ ကျပ်တည်း
ကျဉ်းမြောင်းလာခဲ့ပါတယ်။

သံလွင်။ လက်ရှိအခြေအနေကနေ တိုးတက်ပြီး ဆင်းရဲမွဲတွေမှုတွေ လျော့ပါးသွားအောင် အစ်ကို့အနေနဲ့ ဘယ်လိုများ အကြံပေးနိုင်မလဲဗျာ။
ဖြေ။ ဆင်းရဲမွဲတွေမှုကို တိုက်ဖျက်ဖို့ ဆိုတာ တော်တော်ခက်တဲ့ ဘာသာရပ်ပါ … ကမ္ဘာ့ဘဏ်တို့ အိုင်အမ်အက်ဖ်တို့လို အဖွဲ့အစည်းတွေတောင် အခုထက်ထိ ဆင်းရဲမွေတေမှု တိုက်ဖျက်တဲ့ကိစ္စကို လုံးချာလည်လိုက်နေတုန်းပါ သီအိုရီတွေက ပါရဂူဘွဲ့ကြို ကျောင်းသားတွေ အတွက် ရေးကောင်း ပြောကောင်းဆိုပေမယ့် … တကယ် လက်တွေ့ဘ၀ ချသုံးကြည့်ရင်တော့ အသက်တွေ ဘ၀တွေ မျှော်လင့်ချက်တွေ ရင်းနှီးစတေး လုပ်ကိုင်ရတာပါ..။ ကျွန်တော် အမေရိကန် ရင်းနှီးမြုပ်နှံမှု သူဌေးကြီး Warren Buffet ပြောတဲ့စကားလေးပြန်ပြောချင်ပါတယ်… ကျွန်တော်တို့ မှာ စီးပွားရေးဂိမ်းတွေမှာ ရှုံးနိမ့်သူတွေအတွက်ပြန်ပေးဆပ်ဖို့ တာဝန်ရှိပါတယ်… အလှူပေးရုံသက်သက် မဟုတ်ဘဲ ဖွံ့ဖြိုးရေးအကူအညီပါ… ငါးကွက် ပြရုံတင်မကပဲ ငါးဖမ်းနည်းပါ သင်ပေးဖို့ လိုပါလိမ့်မယ်…။ ကျွန်တော်တို့က ကမ္ဘာကြီးထဲမှာ နယ်နိမိတ်တွေ တိုင်းပြည်၊ နိုင်ငံ၊ ဥစ္စာဓနတွေ၊ ကော်ပိုရိတ်တွေကို အမှန်တကယ်ပိုင်ဆိုင်နေကြတာမဟုတ်ပါဘူး ခေတ်ပြိုင် အတူတကွ ယှဉ်တွဲနေထိုင်သူတွေနဲ့ မျှဝေ သုံးစွဲနေတာပါ….။ အဲဒီလိုတွေးရင် win- win သီအိုရီကို အောင်မြင်စွာကျင့်သုံးနိုင်ပါလိမ့်မယ်…။

သံလွင်။ ဟုတ်ကဲ့.. အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် သံလွင်အိပ်မက်က အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။


အလုပ်လုပ်ကိုင်နေခြင်းမရှိသူနှင့်

လက်ရှိ အလုပ်လုပ်ကိုင်နေခြင်း မရှိသူတစ်ဦးနှင့် အင်တာဗျူး


သံလွင်။ ဇာတိ၊ အလုပ်အကိုင်နဲ့ ပညာအရည်အချင်းကို ပြောပြပါ။
ဖြေ။ ဇာတိက ပြည်ကပါ။ ပညာအရည်အချင်းက B.C.Sc ဖြစ်ပြီး ကွန်ပျူတာ Sales and Servicing လုပ်နေပေမယ့် အလုပ်တွေက ပါးနေတော့ လောလောဆယ် အလုပ်မရှိဘူးလို့လည်း ပြောလို့ရပါတယ်။

သံလွင်။ မြန်မာပြည်ကလူတွေ စား၊ဝတ်၊နေရေး ပိုကျပ်တည်းလာတယ်လို့ ပြောနေကြတယ်ဗျ။ အဲဒီအခြေအနေလေးတွေကို သတိပြုမိတာရှိလား သိပါရစေ။
ဖြေ။ ကိုယ်လည်း ပါတယ်ဆိုတော့ သတိပြုမိတာထက် ပိုပြီး ခံစားရတဲ့ ထဲမှာ ပါတယ်။ အင်း...တော်တော်ဆင်းရဲတဲ့ သူတွေလည်းတွေ့ဖူးတယ်....။ မြန်မာပြည်လို နေရာမျိုးမှာ တနေ့လုံး ထမင်းရည်ပဲသောက်နေရတဲ့ မိသားစုမျိုးတွေ... တော်တော်များများကို ရှိနေတယ်...။

သံလွင်။ အစ်ကို ပြောသလိုဆို တော်တော်လေးတော့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ သဘောပေါ့နော်။ ဘယ်လိုများ survive လုပ်နေကြသလဲဗျ။
ဖြေ။ အလုပ်မဖြစ်ဘူး၊ အလုပ်တွေပါးနေတယ်ဆိုပေမယ့်...ထိုင်နေလို့မှမရတာ...။ လူတိုင်းရုန်းကန်နေရတာပဲလေ...။ လုပ်သလိုမဖြစ်တော့ ဖြစ်သလိုလုပ်နေကြတာပေါ့...။

သံလွင်။ တချို့ကလည်း ဆင်းရဲလွန်းလာတဲ့အခါ ငွေရလွယ်တဲ့ နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာလာကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ - ချဲထိုးလာကြတာ၊ ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြတာ စသည်ဖြင့်ပေါ့။ အစ်ကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ဟုတ်တယ်..။ဘယ်လိုမြင်လဲ ဆိုတော့ ကျပ်တည်းမှုကို ထွက်ပေါက်ရှာကြတယ်လို့မြင်တယ်...။ ကျပ်တည်းမှုကို သူတို့ လက်လှမ်းမှီတဲ့ နည်းလေးတွေနဲ့ ထွက်ပေါက်ရှာကြတယ်လို့ ပြောရမှာပဲ။ ပညာရည်မပြည့်ဝတဲ့၊ အလုပ်ကောင်းကောင်းမလုပ်ချင်ကြတဲ့ လူပျင်း တော်တော်များများရဲ့ ထွက်ပေါက်လို့လည်း ပြောလို့ရတယ်...။

သံလွင်။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ နိုင်ငံ ၃ - ၄ နိုင်ငံလောက် ပြောပြနိုင်မလားခင်ဗျာ။
ဖြေ။ ကျွန်တော်သိသလောက်တော့ မြန်မာ၊ ဘင်္ဂလားဒေရှ့်၊ လာအို ကျွန်တော်နာမည်မမှတ်မိတော့တဲ့ အာဖရိကနိုင်ငံတွေလည်း ရှိမှာပါ...။

သံလွင်။ ဘယ်လိုအခြေအနေမျိုးကို ဆင်းရဲတယ်လို့ ခေါ်မလဲဗျာ။
ဖြေ။ မျှော်လင့်ချက်မဲ့သွားပြီး စိတ်ကုန်လူပမ်း ဖြစ်သွားချိန်...။ ဘယ်လိုမှ သုံးမရတော့ လူပိုတစ်ယောက်ဖြစ်သွားချိန်မှာပေါ့...။

သံလွင်။ ဘယ်လိုအကြောင်းရင်းတွေကြောင့် အခုလိုမျိုး ပြည်သူတွေဆင်းရဲလာကြတယ်လို့ ထင်ပါသလဲ။
ဖြေ။ ဒါကတော့ ရှင်းပါတယ်... တိုင်းပြည်နေလူတွေရဲ့ စရိုက်နဲ့ စိတ်ဓါတ်ရယ်... တိုင်းပြည်ခေါင်းဆောင်တွေရဲ့ ညံ့ဖျင်းလွန်းတဲ့ အုပ်ချူပ်မှု အတွက်ကြောင့်လို့ထင်ပါတယ်...။

သံလွင်။ လက်ရှိအခြေအနေကနေ တိုးတက်ပြီး ဆင်းရဲမွဲတေမှုတွေ လျော့ပါးသွားအောင် အစ်ကို့အနေနဲ့ ဘယ်လိုများ အကြံပေးနိုင်မလဲဗျာ။
ဖြေ။ အင်း .... ကျွန်တော်အပါဝင် ကျွန်တော်တို့ လူမျိုးတွေအားလုံး စိတ်ဓာတ် ပြုပြင်ဖို့ပါပဲ...။ မြန်မာလူမျိုးဆိုပြီး မြန်မာ စိတ်ဓာတ် ပျောက်ဆုံးနေတာလေးတွေကို ပြန်ပြင်ဆင်မယ်ဆိုရင် အားလုံး အစဉ်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ မဖြစ်နိုင်ပေမယ့် ဖြစ်စေချင်တာ ပြောကြည့်တာပါ။

သံလွင်။ ဟုတ်ကဲ့.. အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် သံလွင်အိပ်မက်က အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

 

ကိုယ်ပိုင်စီးပွားလုပ်နေသူတစ်ဦးနှင့်

ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးနှင့် အင်တာဗျူး


သံလွင်။ အလုပ်အကိုင်အနေနဲ့ ဘာများလုပ်ပါသလဲ။ ပြေလည်မှု ရှိပါသလား။
ဖြေ။ ကျွန်တော်က အင်းစိန်မှာ စတိုးဆိုင်လေး ဖွင့်ထားပါတယ်။ မိသားစုကိုယ်ပိုင်လုပ်ငန်းပါ။ လုပ်ငန်းက သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး မိသားစု စားဝတ်နေရေးကာမိရုံလောက်တော့ ရပါတယ်…။ ဆိုင်မှာက ဖန်စီ ပစ္စည်းနဲ့ လူသုံးကုန် အတော်များများ တင်ရောင်းပါတယ်။ စာရေးကိရိယာ၊ အ၀တ်အစား၊ လွယ်အိတ်နဲ့ တခြားဟာတွေပါ။ ၂၀၀၇ နောက်ပိုင်းထဲက အရောင်းအ၀ယ် တော်တော်ပါးလာပါတယ်။ ပြီးတော့ အရောင်းအ၀ယ်က ပုံမှန် မဟုတ်ဘူး… တက်ချင်ရင်လည်း ဗြုန်းစားကြီး တက်ပါတယ်။ အခုနောက်ပိုင်း ဒီဗီဒီစက်တွေ၊ အခွေတွေပါ တင်ရောင်းပါတယ်။ မီးမလာပေမယ့် ၀ယ်တဲ့ လူက ၀ယ်ပါတယ်။ ဒီဗီဒီစက်တွေက အရင်း ဈေးနည်းတာရယ် လာမေးတဲ့လူများတာနဲ့ တင်ရောင်းဖြစ်တာပါ။ အခြေအနေက အရမ်းအကောင်းကြီးတော့ မဟုတ်ပေမယ့် သူ့ဟာနဲ့သူ လည်ပတ်နေတာမျိုးတော့ ရှိပါတယ်။

သံလွင်။ ခက်ခက်ခဲခဲ ရုန်းကန်နေကြရသူတွေကိုရော ပတ်ဝန်းကျင်မှာ တွေ့နေရသလား။
ဖြေ။ တချို့လူတွေက တော်တော်ရုန်းကန်ကြရပါတယ်။ လက်လုပ်လက်စားနဲ့ လခစားဝန်ထမ်းတွေ အနေနဲ့ကတော့ တော်တော်လေး ရုန်းကန်ကြရမှာပါ။ ကျွန်တော်က ကိုယ်ပိုင်လုပ်ငန်းဆိုတော့ သူများတွေလောက်တော့မဆိုးဘူးပေါ့။ အရင်းက ဈေးတက်ရင် ကိုယ်က လိုက်တက်ရတာပဲလေ။ ကိုယ့်အတွက် အမြတ်နည်းတာ အရောင်းအ၀ယ်ပါးတာ လောက်တော့ ရှိတာပေါ့။

သံလွင်။ တချို့ကလည်း ဆင်းရဲလွန်းလာတဲ့အခါ ငွေရလွယ်တဲ့ နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာလာကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ - ချဲထိုး လာကြတာ၊ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြတာ စသည်ဖြင့်ပေါ့။ အစ်ကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ လောင်းကစားကတော့ ဆင်းရဲတဲ့ နိုင်ငံကော ချမ်းသာတဲ့နိုင်ငံတွေမှာပါ သူ့ဟာနဲ့သူ ရှိနေတယ်လို့ ထင်ပါတယ်။ တချို့လည်း ဆင်းရဲလို့ဆိုပြီး အကြောင်းပြတာလည်း ပါမှာပေါ့။ ဒါပေမယ့် အဲဒါတွေဟာ ထွက်ပေါက် မဟုတ်ဘူးလို့တော့ မြင်ပါတယ်။

သံလွင်။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ နိုင်ငံ ၃ - ၄ နိုင်ငံလောက် ပြောပြနိုင်မလားခင်ဗျာ။ အဲဒီလိုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါတယ်လို့ ထင်ပါသလား။
ဖြေ။ အာဖရိက နိုင်ငံတွေမှာ ဆင်းရဲတဲ့နိုင်ငံတွေ များမယ်လို့ ထင်တယ်။ သေသေချာချာတော့ မလေ့လာဖူးဘူး။ မြန်မာနိုင်ငံပါတယ်ဆိုတာက သေချာတယ်လေ.. မြန်မာနိုင်ငံက တတိယကမ္ဘာက မလွတ်သေးဘူးလေ။

သံလွင်။ ဘယ်လိုအခြေအနေမျိုးကို ဆင်းရဲတယ်လို့ ခေါ်မလဲဗျာ။
ဖြေ။ လူတစ်ဦးတစ်ယောက်မှာ သူရှာတဲ့ငွေထက် သူသုံးစွဲရတဲ့ငွေ ပိုများနေရင် တဖြည်းဖြည်း ဆင်းရဲသွားမှာပဲ။ တချို့က အလုပ်အကိုင် မရှိလို့ ဆင်းရဲရတာ။ တချို့ကျတော့ အလုပ်တွေ ရှိနေပါလျက်က လက်ကြောမတင်းရင်လည်း ဆင်းရဲမှာပဲလေ။ စရိတ်စကတွေ ကြီးမြင့်နေတယ်… ငွေကြေးဖောင်းပွနေတယ် ဆိုရင် အဲဒီနိုင်ငံ ဆင်းရဲမှာပါပဲ။

သံလွင်။ လက်ရှိအခြေအနေကနေ တိုးတက်ပြီး ဆင်းရဲမွဲတွေမှုတွေ လျော့ပါးသွားအောင် အစ်ကို့အနေနဲ့ ဘယ်လိုများ အကြံပေးနိုင်မလဲဗျာ။
ဖြေ။ ဆင်းရဲတာက လွတ်ဖို့ ကြိုးစားဖို့ပဲ ရှိတယ်။ ပညာတတ်အောင်သင် သူများထက် အလုပ်ပိုလုပ်ရမှာပဲ။ ကျွန်တော်တို့ နိုင်ငံက အခြေခံ မကောင်းတော့ဘူး။ အလွယ်လိုက်ချင်တဲ့ လူတွေက များလာပြီ…။ အဲဒါက ဆင်းရဲခြင်း သံသရာကို အမြဲလည်နေမှာပါ။ ကျွန်တော့်အဘိုး ကျွန်တော့်ကို ပြောဖူးတယ်... “ချမ်းသာဖို့ ဖြတ်လမ်းမရှိဘူး ရိုးသားကြိုးစားဖို့ပဲ ရှိတယ်” လို့ … “ဖြတ်လမ်းနည်းနဲ့ ချမ်းသာလည်း ခဏပါကွာ” တဲ့ အဲဒီစကားကို ကျွန်တော် အမြဲ မှတ်ထားတယ်။

 

အခြေခံလူတန်းစားတစ်ဦးနှင့်


အခြေခံလူတန်းစား တစ်ဦးနှင့် အင်တာဗျူး

သံလွင်။ အစ်ကို့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး နည်းနည်းလောက် ပြောပြပါ။
ဖြေ။ ကျွန်တော်က ရာသီကုန်စိမ်းတွေ ရောင်းပါတယ်။ သီရိမင်္ဂလာဈေးက မနက်အစောကြီး သွာယူပြီး ရပ်ကွက်ဈေးမှာ ပြန်ရောင်းတာပါ။ အရင်ကတော့ အရောင်းအ၀ယ်က မဆိုးဘူးလို့ ပြောရပါမယ်။ စုမိဆောင်းမိလေး ရွှေလေးငွေလေး ဖြစ်လာပါတယ်။ အဲဒါက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပါ။ အခုနောက်ပိုင်းတော့ ရရစားစားပါပဲ… ဒီဘက်နှစ်ပိုင်းတွေဆို ပိုဆိုးပါတယ်…။ အရင်းပြုတ်သွားရင် နေ့ပြန်တိုး ဆွဲပြီး အရင်းပြန်ထောင်နဲ့ အရင်က မနက်အစောကြီး သီရိမင်္ဂလာဈေးမှာ သွားဝယ်ပြီး မနက်ဈေးမှာ ပြန်ရောင်း… ဈေးကွဲရင်တော့ အလုပ်ချိန် ပြီးပါပြီ။ အခုတော့ ညမိုးချုပ်တဲ့အထိ ရပ်ကွက်ထိပ်မှာပါ တစ်နေရာယူပြီး ရောင်းရပါတယ်။ ရာသီပေါ်သီးနှံတွေလည်း မျိုးစုံ ရောင်းဖူးပါတယ်။ ရှုံးလိုက်မြတ်လိုက် ပါပဲ။

သံလွင်။ တချို့ကလည်း ဆင်းရဲလို့ ဆိုပြီး ထွက်ပေါက်ရှာလာကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ - ချဲထိုးလာကြတာ၊ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြတာ စသည်ဖြင့်ပေါ့။ အစ်ကို့ ပတ်ဝန်းကျင်မှာရော ဘာတွေ တွေ့ရသလဲ။
ဖြေ။ ကျွန်တော်ကတော့  တခါတလေ နှစ်လုံးထီလေး ဘာလေး အပျော်တမ်း ထိုးပါတယ်… ဒါပေမယ့် စွဲအောင်တော့ မလုပ်ပါဘူး။ နှစ်လုံးသုံးလုံးကြောင့် ဘ၀ပျက်တာ ကျွန်တော်တို့ ဈေးထဲမှာ တပုံကြီးပါ။ တချို့ ဆိုင်ပြုတ်တယ်… အရင်းပြုတ်တယ် … တချို့ အိမ်ပေါင်ယာပေါင်နဲ့ ဖြစ်ကြပါတယ်။ ပျံကျဈေးရောင်းတဲ့ နေရာလေးက သိန်းချီတန်ပါတယ်။ ဈေးသည်တွေ ကြားမှာတော့ သူ့နေရာနဲ့ သူ သတ်မှတ်ထားတာ ရှိပါတယ်… တချို့ အဲဒီနေရာလေးတောင် ပေါင်စား၊ ရောင်းစားတဲ့ အထိ ဖြစ်ကြတယ်…။ ဈေးဆိုတော့ နှစ်လုံး၊ သုံးလုံးရောင်းတဲ့ လူတွေကလည်း တပုံတပင်…။ တချို့ ဈေးရောင်းရင်းကနေ နှစ်လုံးပြောင်းရောင်းတာတွေ ရှိပါတယ်..။
စားရတဲ့အခါ စားရပေမယ့် လျှော်ရလို့ ပြေးတာတွေလည်း ရှိပါတယ်။ ဈေးထဲမှာ တချို့က မဲစုကြတာတွေ ရှိပါတယ်…။ အရင်က တစ်ရာနှစ်ရာ မဲစုကြပေမယ့် အခု အနည်းဆုံးငါးရာ တစ်ထောင် စုကြပါတယ်။ တချို့ နှစ်ထောင်မဲအထိ သုံးထောင်အထိ စုကြတာ ရှိတယ်။

သံလွင်။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ နိုင်ငံ ၃ - ၄ နိုင်ငံလောက် ပြောပြနိုင်မလားခင်ဗျာ။ အဲဒီလိုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါတယ်လို့ ထင်ပါသလား။
ဖြေ။ အီသီယိုပီးယားတို့ ဆိုမာလီတို့ ရှိမယ်ထင်တယ် အများကြီးတော့ မသိဘူး။ မြန်မာနိုင်ငံလည်း အဆင်းရဲဆုံးနိုင်ငံထဲမှာ ပါတယ်လို့ ထင်တယ်… သူများတွေ ပြောတာလည်း ကြားဖူးတယ်…။

သံလွင်။ ဘယ်လိုအခြေအနေမျိုးကို ဆင်းရဲတယ်လို့ ခေါ်မလဲဗျာ။
ဖြေ။ ကုန်ဈေးနှုန်း ကြီးတာပဲပေါ့။ စားဝတ်နေရေးက အကုန်ဈေးကြီးတာပဲလေ။ ဈေးပေါတာက လူတွေပဲရှိမှာပေါ့။

သံလွင်။ လက်ရှိအခြေအနေကနေ တိုးတက်ပြီး ဆင်းရဲမွဲတွေမှုတွေ လျော့ပါးသွားအောင် အစ်ကို့အနေနဲ့ ဘယ်လိုများ အကြံပေးနိုင်မလဲဗျာ။
ဖြေ။ တိုင်းပြည် ချမ်းသာအောင်က အစိုးရပဲ လုပ်မှ ရမယ်ထင်တယ်။ ပြည်သူက သူတို့ထားတဲ့ အတိုင်းပဲ နေနေရတာပဲ…။ ကျွန်တော် အကြံမပေးတတ်ဘူး။ အရောင်းအ၀ယ်လေးကောင်းရင်၊ စားဝတ်နေရေး ပြေလည်ရင်၊ မီးမှန်မှန်လာရင် ကျွန်တော်တို့အတွက်က လုံလောက်ပြီ။

သံလွင်။ ဟုတ်ကဲ့.. အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ပြည်ပရောက် မြန်မာများနှင့် အင်တာဗျူး

ဆရာမတစ်ဦးနှင့်

စင်္ကာပူနိုင်ငံ Ngee Ann ပိုလီတက်ကနစ်တွင် စာသင်ပြနေသော ဆရာမ တစ်ဦးနှင့် အင်တာဗျူး


သံလွင်။ ဆရာမရဲ့ ဇာတိ၊ အလုပ်အကိုင်၊ ပညာအရည်အချင်းကို ပြောပြပေးပါ။

ဖြေ။ မန္တလေးကပါ၊ Currently, Ngee Ann Polytechnic မှာ Lecturer အလုပ်လုပ်ပါတယ်၊NUS ကနေ MEng. (Chemical Engineering) နဲ့ကျောင်းပြီးထားပြီး NTU/NIE က Doctor of Philosophy (Education) Programme မှာ Part-time ဆက်တက်နေပါတယ်။

သံလွင်။ စင်ကာပူရောက်နေတာကြာပြီလား။ မြန်မာပြည်ကို ဘယ်တုန်းက နောက်ဆုံးပြန်ဖြစ်သေးလဲ။
ဖြေ။ ၂၀၀၀ ခုနှစ်ကရောက်ပါတယ်၊၂၀၀၉ ခုနှစ် ဇွန်လမှာ ၂ပတ် ပြန်ဖြစ်တယ်။

သံလွင်။ မြန်မာပြည်က လူတွေ စား၊ဝတ်၊နေရေး ပိုကျပ်တည်းလာတယ်လို့ ပြန်သွားတဲ့လူတိုင်းက ပြောနေတယ်ဗျ။ အစ်မ ပြန်သွားတုန်းကရော အဲဒီအခြေအနေလေးတွေကို သတိပြုခဲ့မိတာရှိသေးလား သိပါရစေ။
ဖြေ။ ကျပ်တည်းမှာပါပဲ။ ပြန်သွားတုန်းကတော့တောင်းစားနေတဲ့သူတွေ များလာတာ သတိပြုခဲ့မိတယ်။ စားသောက်ဆိုင်ထဲက အထွက်တွေမှာ လိုက်တောင်းကြတာပါပဲ။

သံလွင်။ အစ်မ ပြောသလိုဆို တော်တော်လေးတော့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ သဘောပေါ့နော်။ သူတို့ ဘယ်လိုများ survive လုပ်နေကြသလဲဗျ။
ဖြေ။ ပြည်တွင်းပြည်ပ လေဆိပ်တွေမှာ၊ တည်းခဲ့တဲ့ ဟိုတယ်တွေမှာနဲ့ စားသောက်ဆိုင်တွေမှာ လူငယ်လူရွယ်တွေ အများအပြား အလုပ်လုပ်တာ တွေ့တယ်။ မေမြို့က စားသောက်ဆိုင် တဆိုင်မှာ လုပ်တဲ့ ၁၂ နှစ် အရွယ်ကလေးကတော့ လုပ်ခ ၃သောင်းရတယ် ပြောတယ်။ ဒီလိုပဲ ဘ၀အမျိုးမျိုးနဲ့ survive လုပ်နေကြတယ် ထင်ပါတယ်။

သံလွင်။ တချို့ကလည်း ဆင်းရဲလွန်းလာတဲ့အခါ ငွေရလွယ်တဲ့ နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာလာကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ - ချဲထိုးလာကြတာ၊ ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြတာ စသည်ဖြင့်ပေါ့။ အစ်မ အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အဲဒါတွေလည်းကြားရပါတယ်၊အလုပ်ကောင်းကောင်းလုပ်ကိုင်စရာမရှိတဲ့အခါထွက်ပေါက်ရှာကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သံလွင်။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ နိုင်ငံ ၃ - ၄ နိုင်ငံလောက် ပြောပြနိုင်မလားခင်ဗျာ။
ဖြေ။ အီသီယိုးပီးယား၊ဆိုမားလီးယား၊ဇင်ဘာဘွေ၊ကွန်ဂို…

သံလွင်။ အဲဒီလိုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါတယ်လို့ ထင်ပါသလား။
ဖြေ။ ထင်ပါတယ်။

သံလွင်။ ဘယ်လိုအခြေအနေမျိုးကို ဆင်းရဲတယ်လို့ ခေါ်မလဲဗျာ။
ဖြေ။ ပညာရေး၊စီးပွားရေး၊ကျန်းမာရေးဆင်းရဲရင်စိတ်ဓာတ်တွေပါချို့ယွင်းပျက်ပြားဆင်းရဲနိုင်တာမို့ အဲဒီလိုအခြေအနေမျိုးကို ဆင်းရဲတယ်လို့ ခေါ်ပါမယ်။

သံလွင်။ ဘယ်လိုအကြောင်းရင်းတွေကြောင့် အခုလိုမျိုး ပြည်သူတွေဆင်းရဲလာကြတယ်လို့ ထင်ပါသလဲ။
ဖြေ။ Basically စစ်မှန်အဆင့်မီတဲ့ ပညာသင်ကြားနိုင်ခွင့်နဲ့ တဆက်တည်း လွတ်လပ်စွာ အလုပ်ရွေးချယ် လုပ်ကိုင်ခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့် စတဲ့ အခွင့်အရေးတွေ သိပ်မရှိတဲ့အတွက်လို့ ထင်ပါတယ်။

သံလွင်။ လက်ရှိ အခြေအနေကနေ တိုးတက်ပြီး ဆင်းရဲမွဲတွေမှုတွေ လျော့ပါးသွားအောင် အမ အနေနဲ့ ဘယ်လိုများ အကြံပေးနိုင်မလဲဗျာ။
ဖြေ။ အစိုးရနဲ့ ပြည်သူ စစ်မှန်စွာ ပူးပေါင်း အလုပ်လုပ်ရပါမယ်။ ထိုက်တန်ပြီး အရည်အချင်းရှိတဲ့သူတွေ၊ တိုင်းပြည်အတွက် မှန်ကန်စွာ အလုပ်လုပ်မယ့် သူတွေကို သင့်တော်တဲ့ လုပ်ပိုင်ခွင့် နေရာပေးရပါမယ်။ အသုံးမဝင်တဲ့ အတွေးအခေါ်ဟောင်း အယူအဆဟောင်းတွေကို ပြောင်းလဲပစ်ရပါမယ်။

သံလွင်။ ဟုတ်ကဲ့.. အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် သံလွင်အိပ်မက်က အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။


ကုလသမဂ္ဂတွင်လုပ်ကိုင်နေသူနှင့်

ကုလသမဂ္ဂ လုပ်ငန်းတာဝန်နှင့် အာဖရိကတိုက်ရှိ နိုင်ငံတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ၀န်ထမ်းတစ်ဦးနှင့် အင်တာဗျူး


သံလွင်။ ဇာတိ၊ အလုပ်အကိုင်နဲ့ ပညာအရည်အချင်းကို ပြောပြပါ။
ဖြေ။ ရန်ကုန်ဇာတိပါ။ အလုပ်အကိုင်ကတော့ အိုင်တီ Network အင်ဂျင်နီယာ လုပ်ပါတယ်။ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်က ဘွဲ့ရထားပါတယ်။

သံလွင်။ အဲဒီမှာ ရောက်နေတာ ကြာပြီလား၊ မြန်မာပြည်ကို ဘယ်တုန်းက ပြန်ဖြစ်လဲ။
ဖြေ။ ၁ နှစ်ဝန်းကျင်လောက်တော့ ရှိပါပြီ.. ရန်ကုန်ကို ၄ လပိုင်းက ပြန်ဖြစ်ပါတယ်။

သံလွင်။ မြန်မာပြည်က လူတွေ စား၊ဝတ်၊နေရေး ပိုကျပ်တည်းလာတယ်လို့ ပြန်သွားတဲ့လူတိုင်းက ပြောနေတယ်ဗျ။ ခင်ဗျား ပြန်သွားတုန်းကရော အဲဒီအခြေအနေလေးတွေကို သတိပြုခဲ့မိတာရှိသေးလား သိပါရစေ။
ဖြေ။ ဟုတ်ပါတယ်.. အရင်ကထက် ပိုကြပ်တည်းလာတာ သတိပြုမိပါတယ်။ တက်လာတဲ့ ကုန်ဈေးနှုန်း.. ရပ်တန့်နေတဲ့ လစာ ၀င်ငွေ မလောက်င မှုတွေ တွေ့ရမြင်ရပါတယ်။ လူတန်းစားတော်တော် ဟနေပါတယ်။ လူချမ်းသာနဲ့ လူဆင်းရဲ ၂ မျိုးလောက်ပဲ အဓိက ရှိတော့သလိုဖြစ်နေပါတယ်။ အလယ်အလတ်တန်းစား လူတန်းစား က တော်တော့ကို နည်းနေပါပြီ။

သံလွင်။ ခင်ဗျား ပြောသလိုဆို တော်တော်လေးတော့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ သဘောပေါ့နော်။ သူတို့ ဘယ်လိုများ survive လုပ်နေကြသလဲဗျ။
ဖြေ။ မြင်ရသလောက်တော့.. အလုပ်သမားလူတန်းစားက အရမ်းကို များလာပါတယ်.. လက်လုပ်လက်စားတွေလည်းပေါလာပါတယ်။
အဓိက အခြေခံလူတန်းစားရပ်ဝန်းပေါ့။ သိသာတဲ့ အရာတွေကတော့.. Karaoke, အနှိပ်ခန်းတွေ နေရာနဲ့ အနှံ့ နာမည် မျိုးစုံ.. အချိန်ပြည့်.. ၂၄ နာရီဖွင့်လှစ်ပြီး.. အမျိုးသမီးငယ် တော်တော်များများ အလုပ်လုပ်နေကြရပါတယ်။

သံလွင်။ တချို့ကလည်း ဆင်းရဲလွန်းလာတဲ့အခါ ငွေရလွယ်တဲ့ နည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာလာကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ - ချဲထိုးလာကြတာ၊ ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြတာ စသည်ဖြင့်ပေါ့။ ဒါလို လုပ်နေကြတာကို ခင်ဗျား အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ဒါကတော့ မှားယွင်းတဲ့ ထွက်ပေါက်ရှာနည်းလို့ ပြောလို့ ရသလို.. တဖက်က ကြည့်မယ်ဆိုရင်.. လူတွေက ထွက်ပေါက်မရှိတော့ လောက်အောင် နည်းလာကြပါတယ်.. အဲဒီတော့. သူတို့တွေ တွေးမိသလောက်.. ဒီခန္ဓာဝန်ကို ဆက်ဖို့အတွက်.. လက်ရှိ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အတွက်.. အလွယ်ဆုံးနဲ့ ရနိုင်မယ့် လမ်းကို ရေတိုဖြေရှင်းနည်းနဲ့ ဖြေရှင်းလာကြတယ်လို့ မြင်ပါတယ်။

ဒီလို လူတွေရဲ့ စိတ်ဓာတ်နဲ့ ပတ်သတ်ပြီး နည်းနည်းလေး ကျွန်တော်ပြောချင်ပါတယ်.. ကျွန်တော် မြင်သလောက် လူတွေက survive လုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းကြရာကနေ.. မလိုလားအပ်တဲ့ စိတ်ဓာတ်ပျက်ပြားမှု ဆိုးကျိုးတွေ ဖြစ်လာရပါတယ်။ အစိုးရ၀န်ထမ်း.. ကုမ္ပဏီ ၀န်ထမ်း.. လက်လုပ်လက်စား.. အလုပ်လက်မဲ့.. အလွှာပေါင်းစုံ..လူပေါင်းစုံဟာ... ဒီဆင်းရဲမှုကို ဖြေရှင်းဖို့ အတွက်..ခုနက မေးသလို..၂လုံး..၃လုံး ချဲထီ ထိုးကြ.. ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြ တဲ့ အပြင်... အစိုးရရုံးတွေမှာဆို.. လာဘ်စားမှုတွေ... ပုဂ္ဂလိက လုပ်ငန်းတွေမှာဆို.. ဘေးထွက် ၀င်ငွေရှာမှုတွေ စတဲ့ နည်းမျိုးစုံနဲ့ ဆင်းရဲမှုပြဿနာကို ကျော်လွှားဖို့ ကြိုးစားကြပါတယ်။

အခုလက်ရှိ ကျွန်တော် မြင်တွေ့နေရတဲ့ ဒီ အာဖရိကတိုက်က တချို့နိုင်ငံတွေမှာ ပြည်တွင်းစစ်တွေဖြစ်ပြီး လူတွေ ငတ်မွတ်ခေါင်းပါးကြတယ်.. ဆင်းရဲမှု ဒဏ်တွေကြောင့် လူတွေရဲ့ စိတ်ဓာတ်ပါ ယိမ်းယိုင်လာကြတယ်.. အဲဒီလိုပဲ တချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေ စိတ်ဓာတ် လုံးလုံးပျက်စီးသွားမှာကို စိုးရိမ်မိပါတယ်.. အဲဒီလို စိတ်ဓာတ်ပျက်စီးသွားတာဟာ ပြန်ပြီး ပြင်ဆင်ဖို့ အခက်ခဲဆုံးပါ... ပျက်စီးသွားတဲ့ အရာဟာ ပြန်လည်ပြင်ဆင်ဖို့ လွယ်ကူပေမယ့်.. စိတ်ဓာတ်ကတော့ ပြန်လည် တည့်မတ်သွားဖို့ တော်တော်လေး ခဲယဉ်းတဲ့ အရာပါ။ ဥပမာ.. ဒီနေ့ အစိုးရရုံးတွေမှာဆို ဘယ်အရာမှ လွယ်လွယ် မရပါဘူး.. အရာအားလုံးကို ခက်ခဲနေအောင် လုပ်ထားကြပါတယ်.. ဒါမှ အချိန်တိုအတွင်း ကိစ္စပြီးမြောက်ချင်ရင်... အဆင်ပြေချင်ရင်.. လာဘ်ပေးရတာဟာ ထုံးတမ်းစဉ်လာလို ဖြစ်နေပါတယ်.. ဒါဟာ မှားယွင်းနေတဲ့ အချက်ပါ.. ဒါပေမယ့် အခုဆို ဒီလိုကိစ္စမျိုးဟာ ရိုးပြီး အစဉ်အလာဖြစ်နေပါပြီ.. ဒီလို မှားယွင်းတဲ့ စိတ်ဓာတ်တွေနဲ့ လူတွေဟာ ဒီလိုပဲ အရိုးစွဲသွားတော့မယ်ဆို... တစ်နေ့ လူတွေရဲ့ စိတ်ဓာတ် ပြင်ဆင်ဖို့ ဆိုတာ အလွန်တရာ ခက်ခဲသွားပါပြီ။

သံလွင်။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ နိုင်ငံ ၃ - ၄ နိုင်ငံလောက် ပြောပြနိုင်မလားခင်ဗျာ။
ဖြေ။ ကျွန်တော်သိသလောက်..အာဖဂန်နစ္စတန်... အန်ဂိုလာ နဲ့ ဘင်္ဂလားဒေ့ရှ်တို့ အပါအ၀င် နိုင်ငံပေါင်း ၅၀ က LDC (Least Developing Countries) list - ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ စာရင်းမှာတော့ ပါပါတယ်.. မြန်မာကတော့.. နံပါတ် ၃၂ လောက်မှာ ပါ ပါတယ်။

သံလွင်။ ဘယ်လိုအခြေအနေမျိုးကို ဆင်းရဲတယ်လို့ ခေါ်မလဲဗျာ။
ဖြေ။ ဒါကတော့..လူ တစ်ဦးနဲ့ တစ်ဦးခံယူချက်ချင်း ဘယ်တူမလဲ။

သံလွင်။ ဟုတ်ကဲ့.. ခင်ဗျားရဲ့ ကိုယ်ပိုင်အမြင်ကိုပဲ ပြောပြလို့ ရပါတယ်။
ဖြေ။ ကျွန်တော့် အမြင်ကတော့.. ဆင်းရဲတယ်ဆိုတာ.. မပြည့်စုံတာဆိုတော့.. ..ကျန်းမာရေးပဲဖြစ်ဖြစ်..စီးပွားရေးပဲဖြစ်ဖြစ်..ပညာရေးမှာပဲ ဖြစ်ဖြစ်မပြည့်စုံရင်.. အဲဒါ ဆင်းရဲခြင်း တမျိုးပါပဲ။

သံလွင်။ ဘယ်လိုအကြောင်းရင်းတွေကြောင့် အခုလိုမျိုး ပြည်သူတွေဆင်းရဲလာကြတယ်လို့ ထင်ပါသလဲ။
ဖြေ။ ဒါကတော့ အဘက်ဘက်က လိုအပ်မှုတွေကြောင့်ပါ နိုင်ငံ တနိုင်ငံရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ကုန်သွယ်စီးပွားရေး.. အဲဒီ အရာတွေမှာ လိုအပ်ချက်တွေ ဖြစ်နေပြီး..အုပ်ချုပ်မှု..စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အလွန်အားနည်းတာကြောင့်လို့ ထင်ပါတယ်။

သံလွင်။ လက်ရှိအခြေအနေကနေ တိုးတက်ပြီး ဆင်းရဲမွဲတွေမှုတွေ လျော့ပါးသွားအောင် ခင်ဗျား အနေနဲ့ ဘယ်လိုများ အကြံပေးနိုင်မလဲဗျာ။
ဖြေ။
၁)နိုင်ငံတော်ရဲ့ စီးပွားရေးကို တောင့်တင်းခိုင်မာအောင်ကြိုးစားပါ (ကိုယ်ကျိုးမဖက်..အကျိုးစီးပွားမကြည့်ဘဲ)
၂)ပညာရေးကို တိုးတက်ခေတ်မီအောင်..နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် လုပ်ဆောင်ပါ (ပညာတတ် ပြည်သူတွေနဲ့ တိုင်းပြည်ရဲ့တိုးတက်မှုကို ဖော်ဆောင်နိုင်ပါလိမ့်မယ်)
၃) အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ပါ..

ဒီ ၃ ချက်တည်းကို အရင် လုပ်ကြည့်လိုက်တာနဲ့ သိသိ သာသာ တိုးတက်လာပါလိမ့်မယ်။ အဲ.. လျှပ်စစ်မီးမှန်ဖို့ဆိုတဲ့ အခြေခံ လိုအပ်ချက်ကတော့ ပြောဖို့ မလိုလောက်ဘူး ထင်ပါတယ်.. နောက်ပြီး မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကိုချိန်ညှိပြီး.. လူတန်းစား မျှတအောင် ကြိုးစားနိုင်ရင်လည်း ကောင်းပါတယ်...။


သံလွင်။ ဟုတ်ကဲ့.. အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် သံလွင်အိပ်မက်က အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။


ကျောင်းသားတစ်ဦးနှင့်

ပြည်ပတွင် ကျောင်းတက်နေသူ တစ်ဦးနှင့် အင်တာဗျူး


သံလွင်။ ဇာတိ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း ပြောပြပေးပါ။
ဖြေ။ တောင်ကြီး၊ ကျောင်းသား၊ ကောလိပ်တက်တုန်းပါ။

သံလွင်။ အမေရိကား ရောက်နေတာကြာပြီလား။ မြန်မာပြည်ကို ဘယ်တုန်းက နောက်ဆုံးပြန်ဖြစ်သေးလဲ။
ဖြေ။ သိပ်မကြာသေးပါဘူး။ မြန်မာပြည်နောက်ဆုံးပြန်တာကတော့ ၂၀၀၄ ခုနှစ်ကပါ။ အဲဒီတုန်းက တော်တော်ကြာကြာနေခဲ့တယ်။

သံလွင်။ ရန်ကုန်ကလူတွေ စား၊ဝတ်၊နေရေး ပိုကျပ်တည်းလာတယ်လို့ ပြန်သွားတဲ့လူတိုင်းက ပြောနေတယ်ဗျ။ အစ်ကိုပြန်သွားတုန်းကရော
အဲဒီအခြေအနေလေးတွေကို သတိပြုခဲ့မိတာရှိသေးလား သိပါရစေ။

ဖြေ။ အင်း.. သိသာတာကတော့ သူတောင်းစားတွေ သိပ်များလာတယ်.. လမ်းဘေးနေရာတိုင်းမှာ အရွယ်စုံ ရှိတယ်.. လူလတ်ပိုင်း လုပ်နိုင်ကိုင်နိုင်တွေလဲ တနည်းမဟုတ်တနည်းနဲ့ တောင်းစားနေကြတယ်.. ကားခမရှိလို့ ဆိုတာက တမျိုး.. ထမင်းလေး ကျွေးပါ.. ပန်းကန်ဆေးပေးပါ့မယ် ဆိုတာက တဖုံ.. သနားဖို့ အကောင်းဆုံးကတော့ ၇၅နှစ် အဖွားကြီးတယောက် မိုးဖွဲဖွဲထဲမှာတောင် မရှောင်နိုင်ဘဲ အိမ်က ဖုတ်ယူလာတဲ့ ပြောင်းဖူးလေးတွေကို ဗိုလ်ချုပ်ဈေးနား ပလက်ဖောင်းမှာ ဗန်းလေးခင်း၊ ဝပ်လျက်လေး ရောင်းနေတာ တွေ့ခဲ့တယ်.. မိုးကလဲ ရွာနေတော့ ပြောင်းဖူးတွေခမျာ အေးစက်ပျော့ပြဲလို့.. အမေကြီးရဲ့ မျက်လုံးမှာလဲ မိုးရေလား မျက်ရည်လား စိုလို့.. ဒါမကုန်ရင် အိမ်ပြန်လို့ မဖြစ်ဘူးတဲ့... ပြောင်းဖူးတဖူးကို ၂၀၀နဲ့ ရောင်းပြီးမှ အိမ်ပြန်ဖို့ စားရိတ်ရော.. ညစာချက်ဖို့ ရော ရမှာတဲ့... ကျနော် အဲဒီနေ့က ပြောင်းဖူးဖုတ် မိုးရွှဲ ထမင်းလွတ် စားခဲ့ပါတယ်။

သံလွင်။ အစ်ကိုပြောသလိုဆို တော်တော်လေးတော့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ သဘောပေါ့နော်။ သူတို့ ဘယ်လိုများ survive လုပ်နေကြသလဲဗျ။
ဖြေ။ အင်း.. ကြားရတာတွေကတော့ အမျိုးမျိုးပေါ့.. မှုခင်းဂျာနယ်တွေထဲမှာဆို ပိုတောင် စုံသေး.. လူတွေ အားလုံး မြန်မာပီပီ ရယ်ရယ်မောမောနဲ့ ပြောနေတဲ့ ဥပမာတခုကတော့ မနက်မိုးလင်းရင် အိမ်က ခြင်ထောင်၊ ခေါင်းအုံး၊ စောင်၊ အိုးခွက်ပန်းကန် အကုန် အပေါင်ဆိုင်ပို့၊ ရတဲ့ ငွေနဲ့ လမ်းစရိတ်လုပ်ပြီး တမိသားစုလုံး မြို့ထဲတို့ အလုပ်တို့ သွား၊ အမေ အဖေက ရရာအလုပ်လုပ်၊ သားသမီးက ကျောင်းခဏသွား၊ ကျောင်းပြီးရင် ကျောင်းဝတ်စုံလဲပြီး တွေ့ရာလူကိုတောင်း၊ ညနေမှ အားလုံးဆုံပြီး အိမ်ပြန်ကြ၊ မနက်က ပေါင်ခဲ့တာတွေကို ပြန်ရွေး၊ ဆန်လေးဆီလေး ချက်စရာလေးဝယ်၊ ချက်ပြုတ်စားသောက်ပြီး အိပ်၊ နောက်နေ့ကျ ဒီလိုပဲ တပတ်ပြန်လည်ပေါ့တဲ့။

သံလွင်။ တချို့ကလည်း ဆင်းရဲလွန်းလာတဲ့အခါ ငွေရလွယ်တဲ့ နည်းလမ်းတွေနဲ့ ထွက်ပေါက် ရှာလာကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ - ချဲထိုးလာကြတာ။ ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြတာ စသည်ဖြင့်ပေါ့။ အစ်ကို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အင်း.. လောင်းကစားနဲ့ ပြည့်တန်ဆာဆိုတာကတော့ ဘယ်ခေတ်ရောက်ရောက်ရှိနေမှာပါပဲ.. ဒါပေမယ့် အလွန်အကျွံဖြစ်နေပြီဆိုရင်တော့ တခုခု ဆိုးဆိုးရွားရွား မှားနေပြီလို့ ကောက်ချက်ချလို့ရပါတယ်.. လူမွဲတွေရဲ့ အိမ်မက်က ထီပေါက်တာဆိုပြီး စကားရှိတော့ ချဲထိုးတာကို ကြည့်ခြင်းအားဖြင့် လူတွေ လုပ်ကိုင်စားဖို့ အခွင့်အလမ်းတွေ ရှားပါးလာတယ်လို့ ပြောလို့ ရသလို.... ဘယ်အမျိုးသမီးမှလဲ ပျော်လို့ ဝါသနာပါလို့ ပြည့်တန်ဆာဖြစ်မလာဘူးလို့ ရိုးရိုးလေး စဉ်းစားရုံနဲ့လဲ သူတို့ရဲ့ မိသားစုတွေ ဘယ်လောက် ကြပ်တည်းနေတယ်ဆိုတာ သိနိုင်ပါတယ်..အားလုံးကို ခြုံပြောရရင်တော့ အနှုတ်လက္ခဏာ အကြီးကြီး မျက်စိထဲ မဆန့်မပြဲကြီး မြင်နေရတာပေါ့ဗျာ..။

သံလွင်။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ နိုင်ငံ ၃ - ၄ နိုင်ငံလောက် ပြောပြနိုင်မလားခင်ဗျာ။
ဖြေ။ အင်း.. ကျနော်လဲ အတိအကျ ပြောနိုင်လောက်တဲ့ ဗဟုသုတ မရှိတာတော့ အမှန်ပဲ... အင်တာနက်မှာ google လုပ်ကြည့်ရင်တော့ နောက်ဆုံး စစ်တမ်းတွေ တွေ့မှာပါ..  သေချာတာကတော့ အဲဒီအောက်ဆုံးနားမှာ ကျွန်တော်တို့ရဲ့ အမိမြန်မာပြည်ကြီး ရှုံ့မဲ့မဲ့နဲ့ ပါနေမှာပါ..။

သံလွင်။ အဲဒီလိုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါတယ်လို့ ထင်ပါသလား။
ဖြေ။ ပါတယ်ဆိုတာ သိနေတာပဲ.. ထင်စရာလိုသေးလား.. တခြားဥပမာပေးစရာ စဉ်းစားမရလို့ ရုပ်ရှင်တွေနဲ့ပဲ ဥပမာပေးမယ်.. ဟို အရင်က ရုပ်ရှင်တွေထဲမှာ အခြေအနေအဆိုးဆုံး နိုင်ငံတွေအနေနဲ့ ရိုက်ပြမယ်ဆိုရင် အီသီယိုပီးယား၊ အာဖဂန်နစ္စတန်၊ ဆိုမာလီ စသည်ဖြင့် ပြကြတယ်.. ခုဆို ဘားမား ခေါ် မြန်မာ ဖြစ်သွားပြီ.. ရမ်ဘိုဆိုတာတောင် တော်တော် နောက်ကျနေပြီ... Stealth ဆိုတဲ့ ရုပ်ရှင်ကစပြီး မြန်မာပြည်ဟာ အကြမ်းဖက် လူသတ်သမားတွေရဲ့ နိဗ္ဗာန်ဆိုပြီး ကမ္ဘာသူ ကမ္ဘာသားတွေ သိနေကြပြီ... အမေရိကန်ရုပ်ရှင်တွေတင် မဟုတ်ဘူး။ ယိုးဒယား၊ ဂျပန်နဲ့ ဖိလစ်ပိုင်ရုပ်ရှင်တချို့မှာလဲ မြန်မာဆိုတာ လူဆိုးတွေ ဖြစ်ကုန်ပြီ... အင်း.. ကြံဖန်ပြီး ဂုဏ်ယူမယ်ဆိုရင်တော့ ရတာပေါ့နော်။ အရင်က ကျနော် ဗမာပြည် .. မြန်မာပြည်ကပါဆိုရင် တော်တော်များများမသိကြဘူး။ ခုတော့ သံဃာ့ဂုဏ်တော်ပဲ ပြောရမလား.. နာဂစ်ဂုဏ်တော်ပဲ ပြောရမလား။ မြန်မာပြည်ဆိုတာနဲ့ ကမ္ဘာတလွှားက သိတယ် သိတယ် ဆိုတာချည့်ဖြစ်ကုန်ကြပါပြီ..။
အဲဒီတော့ မေးခွန်းကို ပြန်ဖြေရရင်.. ဟုတ်ကဲ့.. ကျနော်တို့ တရားဝင် နံပါတ်တစ် (အောက်ကရေရင်) ဖြစ်နေပြီလားတောင် မသိပါဘူးခင်ဗျာ..။

သံလွင်။ ဘယ်လိုအခြေအနေမျိုးကို ဆင်းရဲတယ်လို့ ခေါ်မလဲဗျာ။
ဖြေ။ လူတယောက်နဲ့ တယောက် အဓိပါယ်ဖွင့်တာခြင်းတော့ မတူနိုင်ဘူးပေါ့လေ.. ဒါပေမယ့် လူစင်စစ်က တိရိစ္ဆာန်လိုဘဝမျိုး နေနေရရင်တော့ ဘယ်သူ့ရဲ့ ပေတံနဲ့ပဲ တိုင်းတိုင်း ဆင်းရဲတယ်လို့ ပြောလို့ သေချာပေါက်ရပါတယ်..။ နေစရာ တဲပုတ်မှ အမိုးမလုံ၊ တနေ့ တနေ့ စားစရာတောင် အလျင်မမီ၊ အလုပ်ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့် ဘဝတက်လမ်းမရှိ၊ ကိုယ့်ကို အုပ်ချုပ် စေခိုင်းနေတဲ့သူက ကိုယ့်ပေါ်မှာ ညှာတာမှု တစက်မှ မရှိ၊ ခိုင်းကောင်းရုံပဲ ကျွေးမွေးထားတယ်ဆိုရင်တော့ .. ဘယ်သူ့ကို မေးမေး တင်းကုပ်ထဲက နွားကြီးပဲ မြင်ကြမှာပါ..။ နွားကမှ သူ့သခင်က မသေအောင် ဂရုစိုက်ဦးမယ်.. မုန်တိုင်းကျမယ်ဆိုရင် လွတ်ရာ ရွှေ့ပေးလိမ့်ဦးမယ်..။ ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုယ့်လယ်ကွင်းထဲ ခိုင်းရတာအားမရလို့ သူများလယ်ကွင်းထဲတောင် အငှားလိုက်ခံထားရတဲ့ ဘဝ...။ ကျွန်တော် ပြောတာ လွန်တယ်ထင်ရင် မလေးရှား၊ ထိုင်းက မြန်မာကျွန်တွေကို ကြည့်ပါ..။ ဒီနေရာမှာ ကျွန်တော် မြန်မာလို့သုံးထားပါတယ်... ကရင်၊ ရခိုင်၊ ရှမ်း၊ တိုင်းရင်းသားအားလုံး အတူတူ ကြုံတွေ့နေရတဲ့ ဘုံဘဝမို့ပါ..။ အဲဒီတော့.. ဟုတ်ကဲ့.. ကျနော်တို့ ပြည်သူ အများစုဟာ တိရိစ္ဆာန်လို ဘဝမှာ နေနေကြရပါတယ်.. ဘယ် "လူ" မှ ဒါကို မဆင်းရဲဘူးလို့ မငြင်းနိုင်ပါဘူး..။

သံလွင်။ ဘယ်လိုအကြောင်းရင်းတွေကြောင့် အခုလိုမျိုး ပြည်သူတွေဆင်းရဲလာကြတယ်လို့ ထင်ပါသလဲ။
ဖြေ။ ကျွန်တော်တို့ မြန်မာပြည်ကြီးဟာ အာရှတခွင် (အရှေ့တောင်အာရှ မဟုတ်ဘူးနော်)မှာ ရှေ့ဆောင်လမ်းပြ အတုယူစရာ နိုင်ငံကြီးတခုဖြစ်ခဲ့တယ်လို့ (ပုံပြင်လိုလို) လူကြီးတွေ ပြောတာကြားဖူးပါတယ်..။ အာရှရဲ့ ဆန်အိုးကြီးရယ်လို့ တမျိုး၊ အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်ပညာရေးရှိရာလို့ တဖုံ၊ ကမ္ဘာတဝှမ်းမှာ အကောင်းဆုံး ကျွန်းသစ်တောကွက်များပေါက်ရာ လို့ တနည်း၊ ကျောက်မျက်ရတနာ တွင်းထွက်ပစ္စည်း စုံညီပေါများသောနိုင်ငံရယ်လို့ တသွယ်၊ ချီးမွမ်းခန်းဖွင့်ခံခဲ့ရတယ်လို့ ဖတ်မှတ်ရဖူးပါတယ်...။ ခုနောက်ပိုင်းဆိုရင် plutonium ခေါ်တဲ့ ကမ္ဘာ့လက်နက်နိုင်ငံတွေအားလုံး လိုချင်ကြတဲ့ အဏုမြူလောင်စာ ကုန်ကြမ်းပစ္စည်းတမျိုး ကိုတောင် ပေါပေါများများ တွေ့နိုင်ခြေတွေ ရှာတွေ့နေရတယ်လို့ သိရပါတယ်..။ ဒီလို စားနပ်ရိက္ခာ သံယံဇာတပေါကြွယ်လှတဲ့ နိုင်ငံပေါ်မှာ တည့်တည့်ကြီးထိုင်ပြီး ကျွန်တော်တို့ အားလုံး ဆင်းရဲငတ်ပြတ်နေတယ်ဆိုတော့.. စဉ်းစားကြည့်ရင် ယုံစရာတောင် မရှိပါဘူး..။

ကျွန်တော်တို့ မြန်မာပြည်ကြီးကို ကုမ္ပဏီတစ်ခုလို့ပဲ မြင်ကြည့်ကြစို့ရဲ့..။ ကုမ္ပဏီတခုမှာ လုပ်ကွက် အခွင့်အရေးတွေ ရှိပါလျက်နဲ့ အရှုံးပေါ်တယ် ဆိုရင်တော့ ဒါ management ညံ့လို့လို့ ကျနော်တို့ ကောက်ချက်ချကြတာပဲ..။ အဲဒီ အချိန်မှာမှ ကုမ္ပဏီ ဒါရိုက်တာကြီးကတော့ ကုမ္ပဏီ မထောင်ခင်ကထက် ငါးဆ ဆယ်ဆ ချမ်းသာနေပြီဆိုရင်တော့ ဒါဟာ corruption၊ ကုမ္ပဏီပိုင် ငွေတွေ အရင်းအမြစ်တွေကို အလွဲ သုံးစားလုပ်သွားပြီလို့ သေချာပေါက်နီးပါးပြောနိုင်ပါတယ်..။ ဖြစ်လေ့ရှိတာကတော့ ဒီလို ဒါရိုက်တာကို ကုမ္ပဏီက နောက်နှစ်မကူးခင်မှာပဲ ရှယ်ယာရှင်တွေက ဝိုင်းလို့ ဖြုတ်လိုက်ကြတာပါပဲ..။ တရားတောင် စွဲလိုက်ဦးမှာ..။ အဲလို သူရှုပ်ထားတာတွေ ပေါ်လုဆဲဆဲ အချိန်မှာ ဒါရိုက်တာကြီးက ရှယ်ယာ အများစုပိုင်တဲ့လူတွေကို sweetener လို့ ခေါ်တဲ့ လာဘ်ထိုးတာမျိုး ဝေစားဖို့ ဆွယ်တာမျိုး လုပ်တတ်ပါတယ်..။ အဲဒီ ရှယ်ယာအများစု ပိုင်သူတွေသာ ရေရှည်ကို မမြင်တတ်လို့ လက်ခံလိုက်ကြ ဝေစားလိုက်ကြပြီး ဒီဒါရိုက်တာကြီးနဲ့ပဲ အလုပ် ဆက်လုပ်နေဦးမယ် ဆိုရင်တော့ အဲဒီ လက်တဆုပ်စာလူတွေပဲ ချမ်းသာလာပြီး ကုမ္ပဏီကြီးခမျာ လှုပ်လေ မြုပ်လေ ဖြစ်တော့တာပဲ..။ နောက်ဆုံးမှာ ကုမ္ပဏီ ပျက်သွားပြီ ဆိုပါတော့။ ဒီဒါရိုက်တာကြီးလဲ ဘာမှ လုပ်စရာမရှိတော့ဘူး.. ရှယ်ယာ အများစုပိုင်တဲ့ သူဌေးကြီးတွေဟာလဲ သူများကုမ္ပဏီတွေမှာ ရှယ်ယာ ထည့်ခွင့်ရအောင် ကြိုးစားရတော့တာပါပဲ...။ ငါတို့ ကုမ္ပဏီကွလို့ ဝံ့ဝံ့ကြွားကြွား လက်မထောင်နိုင်ခွင့်တော့ မရှိတော့ဘူးပေါ့..။ သူများကုမ္ပဏီမှာ ကိုယ့်ပိုက်ဆံလဲ ထည့်ရသေး၊ သူ့မျက်နှာလဲ ကြည့်နေရသေးအဆင့်ကို ရောက်သွားတော့တာပေါ့..။ အင်း.. ကုမ္ပဏီ အလုပ်သမားတွေ အတွက်ကတော့ ရွှေတောင်ကြီးပြိုတာပဲလေ..။  အဲဒီတော့.. ရေရှည်ကို ကြည့်တတ်တဲ့ ရှယ်ယာရှင် စီးပွားရေးသမားတွေ၊ ဒီကုမ္ပဏီဟာဖြင့် ငါ့ရဲ့ ဘဝ လို့ နားလည်တဲ့ အလုပ်သမားတွေဆိုရင် ဒီလို ဒါရိုက်တာကို လက်ခံထားကြမှာ မဟုတ်ပါဘူး.. ဒီလို mismanagement ဖြစ်နေတာကို အမြန်ဆုံးပြင်ဖို့ ကြိုးစားကြရမှာပါ..။

အဲ.. စကားတောင် ဘယ်ရောက်သွားပါလိမ့်..။ မေးခွန်းကို ပြန်ဖြေရရင်တော့ မသိနားမလည်လို့ဖြစ်တဲ့ mismanagement ဆိုတာထက် ငါတစ်ယောက် ကောင်းစားဖို့ဆိုတဲ့ corruption အလွဲသုံးစားလုပ်မှုကြောင့် ကျွန်တော်တို့ မြန်မာပြည်ကြီး ဆင်းရဲလာရတာပါလို့ ဖြေရမှာပါ။

သံလွင်။ လက်ရှိအခြေအနေကနေ တိုးတက်ပြီး ဆင်းရဲမွဲတွေမှုတွေ လျော့ပါးသွားအောင် အစ်ကို့အနေနဲ့ ဘယ်လိုများ အကြံပေးနိုင်မလဲဗျာ။
ဖြေ။ ကုမ္ပဏီဒါရိုက်တာ management အသစ်လိုတယ်လို့ပဲ ရှေ့မေးခွန်းနဲ့ ဆက်ပြီး ပြောချင်ပါတယ်..။ ကုမ္ပဏီကြီးအပေါ် တကယ် စေတနာထားပြီး တိုးတက်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ management ရှိလာမယ်၊ ကုမ္ပဏီလုပ်သားတွေက ပိုပြီးအရှည်ကို မြင်တတ်တဲ့ အမြင်ရှိလာမယ်ဆိုရင် ကောင်းတဲ့ဖက်ကို ဦးတည်လာမှာပါ။

သံလွင်။ ဟုတ်ကဲ့.. အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် သံလွင်အိပ်မက်က အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။


ဆရာဝန်တစ်ဦးနှင့်

ထိုင်းနိုင်ငံရောက် ဆရာဝန်တစ်ဦးနှင့် အင်တာဗျူး


သံလွင်။ အစ်မရဲ့ ဇာတိ၊ အလုပ်အကိုင်၊ ပညာအရည်အချင်းလေး ပြောပြပေးပါ။
ဖြေ။ အစ်မကို ရန်ကုန်မှာမွေးတာပါ။ ဆေးတက္ကသိုလ် ၁ ကနေ ကျောင်းပြီးခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလ ၂၀၀၉မှာ ထိုင်းနိုင်ငံမှာရှိတဲ့ မဟီဒေါတက္ကသိုလ်က အပူပိုင်းဒေသဆိုင်ရာ ဆေးပညာအထူးကုသင်တန်း ပြီးခဲ့ပါတယ်။ ဇူလိုင်မှာ ဘွဲ့ယူမှာပါ။

သံလွင်။ ထိုင်းမှာ ရောက်နေတာကြာပြီလား။ မြန်မာပြည်ကို ဘယ်တုန်းက နောက်ဆုံး ပြန်ဖြစ်သေးလဲ။
ဖြေ။ ၁နှစ် ကျော်ကျော် ပဲရှိပါသေးတယ်။ ဒီကြားထဲမှာ မပြန်ဖြစ်ပါဘူး။

သံလွင်။ ရန်ကုန်ကလူတွေ စား၊ဝတ်၊နေရေး ပိုကျပ်တည်းလာတယ်လို့ ပြန်သွားတဲ့လူတိုင်းက ပြောနေတယ်ဗျ။ အစ်မ ရန်ကုန်မှာ ရှိနေတုန်းကရော အဲဒီ အခြေအနေလေးတွေကို သတိပြုခဲ့မိတာ ရှိသေးလား သိပါရစေ။
ဖြေ။ ဟုတ်ကဲ့ ...အစ်မ ရန်ကုန်မှာရှိတုန်းက ဆေးရုံမှာ အလုပ်လုပ်ခဲ့တာမို့ လူတန်းစားပေါင်းစုံနဲ့ တွေ့ဖြစ်ခဲ့ပါတယ်။ အချို့ကတော့ မလိုအပ်ဘဲ ပိုက်ဆံပိုပိုလျှံလျှံ သုံးနိုင်တာတွေ့သလို အများစုကလည်း ကျန်းမာရေးစောင့်ရှောက်မှုဘက်မှာ ငွေကြေးလောက်လောက်ငင မသုံးနိုင်ခဲ့တာတွေ ကြုံခဲ့ရပါတယ်။ နောက်ပြီး ရန်ကုန်မြို့ဆင်ခြေဖုန်း တစ်ခုမှာ ဆေးခန်းအသေးလေး တစ်ခု စဖွင့်ခဲ့ဖြစ်တဲ့အခါ အဲဒီ နေရာလေးရဲ့ လူနေမှုကျပ်တည်းတာတွေကို သတိထားမိခဲ့တာ ရှိပါတယ်။

သံလွင်။ အစ်မ ပြောသလိုဆို အများစုက တော်တော်လေးတော့ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့သဘောပေါ့နော်။ သူတို့ ဘယ်လိုများ survive လုပ်နေကြသလဲဗျ။
ဖြေ။ အစ်မတို့ ဆေးရုံတွေမှာ လူမှုဆက်ဆံရေး ၀န်ထမ်းတစ်ယောက် ရှိတတ်ပါတယ်။ လူနာတွေရဲ့ လူနေမှုစနစ်နဲ့ သူတို့ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သင့်တော်တဲ့ ထောက်ပံ့ငွေရဖို့ လုပ်ပေးတတ်ကြပါတယ်။ အဲဒါတွေရဖို့ ရပ်ကွက်ထောက်ခံစာတို့ ဘာတို့ ဆိုတဲ့ အဆင့်ကလေးတွေတော့ရှိပါတယ်။ လူအများနဲ့ ခွဲဝေယူရတာမို့ များသောအားဖြင့်တော့ အပြည့်အ၀မရတတ်ကြပါဘူး အမြဲတမ်းလည်း မရတတ်ပါဘူး။ ဒါပေမယ့် မရှိတာထက်စာရင် ရလိုရငြားမို့  ထောက်ပံ့ငွေရဖို့ ဆက်သွယ်လေ့ရှိပါတယ်။ ဆေးရုံက ဆရာဝန်ကြီးတွေကလည်း သူတို့ကိုယ်ပိုင်ငွေကြေးနဲ့ထောက်ပံ့တာတွေ ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေကနေ ဆေးဖိုးထောက်ပံ့တာတွေ ရှိပါတယ်။ အမတို့ စဖွင့်ခဲ့တဲ့ ဆေးခန်းမှာတော့ နီးစပ်ရာ သူငယ်ချင်း တွေ မိဘတွေရဲ့ အသိတွေဆီကနေတဆင့် အလှူခံကောက်ရတာပါပဲ။

သံလွင်။ တချို့ကလည်း ဆင်းရဲလွန်းလာတဲ့အခါ ငွေရလွယ်တဲ့ နည်းလမ်းတွေနဲ့ထွက်ပေါက်ရှာလာကြတာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ - ချဲထိုးလာကြတာ၊ ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်လာကြတာ စသည်ဖြင့်ပေါ့။ အစ်မ အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အဲလိုတော့ အကုန်လုံးကိုခြုံပြီး ပြောလို့မရဘူးလို့ ထင်ပါတယ်။ ငွေဆိုတာ အလွယ်ရမယ်ဆိုရင် အနည်းနဲ့အများ တော့ စမ်းသပ်ကြမှာပါပဲ။ တချို့လည်း ဆင်းရဲပေမယ့် သူ့စာရိတ္တကို ထိန်းပြီး ရိုးရိုး သားသားလုပ်ကိုင်တဲ့သူတွေ ရှိသလို တချို့ကလည်း စားဝတ်နေရေး သိပ်ခက်ခဲ နေတာမဟုတ်ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ငွေရလွယ်တဲ့ အလုပ်ကို လုပ်နေကြတဲ့သူတွေ ရှိပါတယ်။

သံလွင်။ ကမ္ဘာမှာ အဆင်းရဲဆုံးဆိုတဲ့ နိုင်ငံ ၃ - ၄ နိုင်ငံလောက် ပြောပြနိုင်မလားခင်ဗျာ။
ဖြေ။ ဟုတ်ကဲ့။ Afghanistan ၊ cambodia ၊ myanmar တို့ကတော့ အဆင်းရဲဆုံး အာရှဆယ်နိုင်ငံထဲက သုံးခုမှာပါပါတယ်။

သံလွင်။ ဘယ်လိုအခြေအနေမျိုးကို ဆင်းရဲတယ်လို့ ခေါ်မလဲဗျာ။
ဖြေ။ ဆရာဝန်ထဲမှာမှ ဆေးကုသပိုင်းကိုသာ အာရုံစိုက်နေတဲ့ ဆရာဝန်လည်းဖြစ်၊ အစ်မကိုယ်တိုင်ကလည်း စီးပွားရေးဘာသာရပ်မှာ အားနည်းလွန်းတာမို့ အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ဘာသာရပ်ဆိုင်ရာ စကားလုံးတွေနဲ့ အတိအကျ မပြောပြတတ်ပါဘူး။ အစ်မနားလည် သလောက်ကတော့ အခြေခံ စားဝတ်နေရေး ၊ ပညာရေးနဲ့ ကျန်းမာရေးကို လုံလောက်တဲ့ စောင့်ရှောက်မှုလုပ်နိုင်တဲ့ ၀င်ငွေ မရှိတာကို ခေါ်ပါတယ်။

သံလွင်။ ဘယ်လိုအကြောင်းရင်းတွေကြောင့် အခုလိုမျိုး ပြည်သူတွေဆင်းရဲလာကြတယ်လို့ ထင်ပါသလဲ။
ဖြေ။ ပညာရေး၊ လူမှုရေး၊ နိုင်ငံအခြေအနေ ရှုထောင့်အမျိုးမျိုးက အမျိုးမျိုးပြောလို့ရနိုင်ပါတယ်။ ဘာသာရေး ရှုထောင့်အရတော့ ကံ… ကံ၏ အကျိုးပေါ့ ကွယ်။

သံလွင်။ လက်ရှိအခြေအနေကနေ တိုးတက်ပြီး ဆင်းရဲမွဲတွေမှုတွေ လျော့ပါးသွားအောင် အစ်မ အနေနဲ့ ဘယ်လိုများ အကြံပေးနိုင်မလဲဗျာ။
ဖြေ။ အိမ်တစ်အိမ်မှာ မိသားစုတစ်စု စုစည်းရုန်းကန်သလိုပါဘဲ။ အားလုံးစည်းစည်းလုံးလုံး နဲ့ သူ့နေရာနဲ့သူ တာဝန်ယူကြမယ် ဆိုရင် အကောင်းဆုံး မဟုတ်တောင် အခြေအနေတစ်ခုအထိ ဆင်းရဲမှုကို လျော့ပါးနိုင်မယ်ထင်ပါတယ်။

သံလွင်။ ဟုတ်ကဲ့.. ခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။


User comments Quote this article in website Favoured Print Send to friend
အင်တာဗျူး
Saturday, 18 July 2009 23:34

Rating 3.4/5 (21 votes)