အယ်ဒီတာရှင့်
သံလွင်အိပ်မက် April Issue ကို ဖတ်ပြီး ခံစားမိသမျှကို ရေးပြပါမယ် ရှင်။
ကဗျာတွေ ကောင်းတယ်။ အထူးသဖြင့် လက်ရှိခေတ်ကာလကို ဖော်ပြထားတဲ့ ခေလွန်းနဲ့ ဇေသန်း ရဲ့ ကဗျာတွေကို နှစ်သက်မိပါတယ်။ နေဘုန်းလတ်ရဲ့ ကဗျာက ဂရုဏာရသကိုပေးပြီး ကဗျာရှင်ရဲ့ စိတ်ခံစားချက်ကို ဖောက်ထွင်းမြင်ရပါတယ်။ သိုးထိန်းရဲ့ ကဗျာကလည်း နိမိတ်ပုံက ထိမိပြီးတော့ လှပါတယ်။ ပန်ဒိုရာကတော့ ပန်ဒိုရာပါပဲ လို့ ပြောရအောင် ပန်ဒိုရာ့ ကဗျာကို နှစ်သက်မိပါတယ်။ မနှစ်က နာဂစ်ကို ပြန်သတိရ နာကျင်မိပါတယ်။
ကာတွန်းတွေကို တကယ် ကြိုက်ပါတယ်။ အနှစ်သက်ဆုံးကတော့ တရားရုံး ကာတွန်းလေးပါပဲ။
ဝထ္ထုတိုများမှာ တချို့စာမူတွေက ၀ထ္ထုတိုလား ဆိုတာ ဇဝေဇ၀ါဖြစ်မိပါတယ်။ ၀ထ္ထုတို ကဏ္ဍထဲမှာမို့ ၀ထ္ထုတိုလို့ပဲ မှတ်ယူလိုက်ပါတယ်။ နေဘုန်းလတ်ရဲ့ ညီလေးရေက စာဖတ်သူကို သုတများစွာပေးပါတယ်။ သံလွင်မောင်ကတော့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးလေးနဲ့ ၀င်္က၀ုတ္တိအလင်္ကာနဲ့ စာဖတ်သူကို သုတပေးသွားပါတယ်။ ညနေဥာဏ်ရဲ့ ၀ထ္ထုတိုကို နှစ်သက်မိပါတယ်။ ရင်မောသွားပါတယ်။ လက်ရှိမြန်မာပြည် ခေတ်ကာလကို သိမ်မွေ့စွာ ဖွဲ့ထားပါတယ်။ ညီသစ်ရဲ့ ၀ထ္ထုတိုကတော့ စင်္ကာပူ လူနေမှုဘ၀ကို ထင်ဟပ်မြင်စေပြီး နှစ်သက်မိပါတယ်။ ရေးထားတာ ထိမိလို့ ကြိုက်ပါတယ်။ အိမ့်ချမ်းမြေ့ရဲ့ ၀ထ္ထုတိုက ပါးပါးလေးနဲ့ ပြသွားတာ နှစ်သက်မိပါတယ်။ အရေးအသား ပြောင်မြာက်တဲ့အတွက် စာရေးသူ ဘာကို ပေးတယ်ဆိုတာ ချက်ချင်းသဘောပေါက်ပါတယ်။ မွန်းသက်ပန် ၀ထ္ထုက ပေါ့ပေါ့ပါးပါးနဲ့ သွက်ပါတယ်။ ခရေဖြူရဲ့ စာမူက ကိုယ့်ဘက်က ကြည့်တော့ လက်ဖ၀ါး၊ သူ့ဘက်ကကြည့်တော့ လက်ဖမိုးဆိုတာကို ခံစားရစေပါတယ်။
သံလွင် ဆောင်းပါးများကတော့ အမြဲ သုတတွေနဲ့ ရယူစရာတွေ ပြည့်နေတာပဲမို့ ဆောင်းပါးတွေကို အကြိုက်ဆုံးပါ။ ဘာမှ ပြောစရာမရှိအောင် ၁၀၀% ကောင်းတဲ့ ဆောင်းပါးတွေလို့ပဲ။
အက်ဆေးတွေထဲမှာ ကိုငယ်ရဲ့ အက်ဆေးက ဖတ်ပြီးတော့ လွမ်းသွားပါတယ်။ ကိုဖြိုး ရဲ့ အက်ဆေးက ဒီပရက်ရှင် ၀င်နေတဲ့ လူတစ်ယောက်ရဲ့ ဟားတိုက် ရယ်မောသံကို နားထောင်လိုက်မိရသလို ခံစားမိပါတယ်။ ပန်ဒိုရာရဲ့ အက်ဆေးကတော့ စာရေးသူက ရေးထားတာ မြင့်လွန်းတယ်လို့ ခံစားရတယ်။ မနည်းလိုက်မီအောင် ခံစားဖြစ်ဖို့ သုံးခေါက်လောက် ဖတ်လိုက်ရပါတယ်။ မျိုးချစ်မေ၊ ညီညီ (သံလွင်)၊ စည်သူ (သံလွင်)၊ ဇေသန်း၊ ခေလွန်းရဲ့  အက်ဆေးတွေက ၁၀၀% သုတပေးထားတာ စာဖတ်သူကို အကျိုးရှိ နှစ်သက်မိပါတယ်။ မိုးလှိုင်ညရဲ့ ဖိနပ်ကတော့ ဖတ်အပြီးမှာ မွန်းကြပ် ရင်မောသွားပါတယ်။ ခေတ်ကာလကြီးမှာ ဒီလိုပဲ ဖြစ်နေ ခံစားနေရတာကို ရေးပြထားတာ ထိပါတယ်။
အင်တာဗျူး ကဏ္ဍကတော့ ၁၂၀% ကောင်းလွန်းနေပါတယ်။
အားလုံးကို ခြုံပြောရရင် သုတများပြီး ရသပိုင်းနည်းနေပါတယ်။ ဒါကလည်း သံလွင် စတိုင်လ်ပါပဲ။ စာဖတ်သူတွေကို Educate လုပ်ပေးတာ ၊ သုတပေးတာ။ အဲဒါတွေ ခံစားရပါတယ် ရှင်။
ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
ဟနစံ
မဟနစံရေ
အခုလို Issue တစ်ခုလုံးကို ဖတ်ပြီး တစ်ပုဒ်ချင်း ဝေဖန်အကြံပေးလာတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ မဟနစံတို့လို စာဖတ်ပရိသတ်တွေဟာ ကျွန်တော်တို့ မဂ္ဂဇင်းအတွက်သာမက စာရေးသူများအတွက်လည်း အားအင်တွေပဲ ဖြစ်တယ်။ နောင်ကိုလည်း ဒီလို Feedback မျိုး ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီအတွက်ကြောင့် စာရေးသူများနဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းအဖွဲ့သားတွေ အားလုံးကိုယ်စား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပြီး ကျေးဇူးတင်ကြောင်း ထပ်လောင်းလို့ ပြောလိုက်ပါတယ်။
အယ်ဒီတာသို့
ဒီတစ်ခေါက်ထွက်မယ့် သံလွင်အိပ်မက် မဂ္ဂဇင်းအတွက် ရွေးချယ်ထားတဲ့ အကြောင်းအရာက ဆင်းရဲခြင်းမှ လွတ်ကင်းခြင်းဆိုတာ သိရတဲ့အတွက် အရမ်းကို ၀မ်းသာ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အမိမြေအတွက် အဲဒီကိစ္စဟာ အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်တယ်လို့ ထင်မိပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း အဲဒီ ဆင်းရဲမွဲတေသူတွေအတွက် တစ်ခုခု ကူညီနိုင်ဖို့ စတင်ကြိုးစားနေပါပြီ။ မြန်မာနိုင်ငံရဲ့ ဆင်းရဲသားများနှင့် ဆင်းရဲမွဲတေမှု အကြောင်း ရေးထားတဲ့ ဆရာမဂျူးရဲ့ “သူ . . မင်းကို ဘယ်တော့မှ” ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့မိပါတယ်။ အဲဒီစာအုပ်ကို သံလွင်အိပ်မက်ရဲ့ စာအုပ်စင်ကဏ္ဍမှာ တွေ့ပြီးကတည်းက ဖတ်ချင်လွန်းလို့ အသည်းအသန် လိုက်ရှာပြီး ဖတ်လိုက်တာပါ။ အဲဒီစာအုပ်က ကျွန်တော်တို့ အမိမြေရဲ့ တနေ့တခြား တိုးပွားလာတဲ့ ဆင်းရဲမွဲတေမှုတွေကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေတဲ့အတွက် အရမ်းကို နှစ်သက် မိပါတယ်။ အဲဒီအတွက် စာရေးဆရာမ ဂျူးနဲ့ ဆင်းရဲမွဲတေသူတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အကြောင်း အင်တာဗျူးလေး ထည့်ပေးဖို့ အတွက် တောင်းဆိုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
လေးစားစွာဖြင့်
ဧရာဝတီ
ဧရာဝတီသို့
ကျွန်တော်တို့ သံလွင်အိပ်မက် စာအုပ်စင်မှ ညွှန်းခဲ့တဲ့ ဆရာမဂျူးရဲ့ “သူ မင်းကို ဘယ်တော့မှ” စာအုပ်ကို ဖတ်ပြီး ကြိုက်နှစ်သက်တယ်ဆိုလို့ အရမ်းကို ၀မ်းသာကျေနပ်မိပါတယ်။ စာရေးဆရာမ ဂျူးနှင့် အင်တာဗျူးနိုင်ရန် ကမ်းလှမ်းခဲ့သော်လည်း အခက်အခဲတချို့ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရတဲ့အတွက် ၀မ်းနည်းပါတယ်။
x x x x x x x x x x x x x x x
ကိုသံလွင်
“ ဒါဟာ သူတို့ စစ်တာဟာ ကျွန်တော်တို့ လက်ဖက်မဟုတ်ပါဘူး။ တကယ့် တကယ်တမ်း သူတို့စစ်မယ်ဆိုရင်လည်း သူတို့ အဖြေကြီး ဟာ လွဲမှားနေတယ်။ စင်္ကာပူနိုင်ငံက AVA ဆိုတာက တိရ စ္ဆာန်နဲ့ လယ်ယာ ကောက်ပဲသီးနှံစီမံကွပ်ကဲတဲ့ ဌာနဖြစ်တယ်။ စင်္ကာပူလူထုအတွက် ကျန်းမာရေးဌာနလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ စီးပွားရေးကို ဦးတည်ချက်ထားတဲ့ အဖွဲ့ အစည်း တစ်ခုဖြစ်တယ်လို့ ယူဆပါတယ်” ၈-၄-၂၀၀၉ ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၂) အမှတ် ၂၈ ပါ “စင်္ကာပူမှာ ဖြစ်တဲ့ ယုဇန လက်ဖက် ကောလဟာလ” မှာ ပြောထားတယ်ခင်ဗျာ.. ဒါကြောင့် AVA နဲ့ ပတ်သတ်ပြီး သိပါရစေခင်ဗျား..။
ကျော်မျိုး (ရန်ကုန်)
ကိုကျော်မျိုးရေ..
AVA ဆိုတာက Agri-Food & Veterinary Authority of Singapore ကို အတိုကောက်ရေးထားတာပါ။ တိရ စ္ဆာန်၊ လယ်ယာကောက်ပဲသီးနှံ
နှင့် အစားအသောက် စိစစ်ရေးဌာနလို့ ဘာသာပြန်ရမယ်လို့ ထင်ပါတယ်။ စင်္ကာပူ အစိုးရရဲ့ လက်အောက်က အဖွဲ့ အစည်းတစ်ခုပါပဲ။ စီးပွားရေး အဖွဲ့အစည်း
မဟုတ်ပါဘူး။ စားသောက်ကုန်တွေကို တင်သွင်းချင်ရင် ဒီဌာနကနေ လိုင်စင်ယူရပါတယ်။ စမ်းသပ်ရပါတယ်။ တလောက ဖြစ်သွားတဲ့ မယ်လမင်း နို့ထွက်
ပစ္စည်းတွေကိုလည်း ဒီဌာနက စစ်ခဲ့တာပါ။ မြန်မာလက်ဖက်တွေနဲ့ ပတ်သတ်ပြီး Report တစ်ခုကိုလည်း တရားဝင်ထုတ်ပြန်ခဲ့တာပါ။ ဒါကြောင့် ဒါဟာ
ကောလဟာလမဟုတ်ပါဘူး။ သူတို့ Report မှာ မြန်မာလက်ဖက်တွေကို ဓာတ်ပုံနဲ့တစ်ကွ တင်ထားပါတယ်။ pdf မှာလေ့လာ ဖက်ရှုနိုင်ပါတယ်။ ကိုယ့်မှားနေတာကို မျက်စိပိတ် နားပိတ်ပြီး မှန်ပါတယ်လို့ ငြင်းတတ်တဲ့ အကျင့်ဆိုးကြီးက ကျွန်တော်တို့ နိုင်ငံမှာ တာဝန်ရှိသူတွေမှာ စွဲကပ်နေတာ တော်တော်ကြောက်စရာကောင်းပါတယ်။ နီးစပ်ရာသူတွေကိုလည်း မျှဝေပေးစေချင်ပါတယ်။
သံလွင်သို့
ကိုနေဘုန်းလတ်ရဲ့ စာတွေကို မပြတ်ရအောင် ထည့်ပေးလို့ ကျေးဇူးပဲ။ “ငါတော့လေ သင်္ကြန်ဆိုတဲ့ အသံကြားတိုင်း ငါတို့ ချစ်တဲ့ နိုင်ငံရဲ့ ဒုက္ခတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ ပဋိပက္ခတွေကို ဆေးကြောပေးနိုင်မယ့် အခွင့်အလမ်းကို သင်္ကြန်ရေတွေကြားကနေ အမြဲပဲ မျှော်လင့် နေမိတယ်” ဆိုတဲ့ အရင် Issueက သံလွင်မောင်ရဲ့ စာသားလေးကို အရမ်းကြိုက်ပါတယ်။ သံလွင်မောင် မျှော်လင့်သလို ကျွန်တော်တို့အားလုံးလည်း မျှော်လင့်နေကြပါတယ်။ ကျွန်တော်တို့စောင့်နေတဲ့ သံလွင်အိပ်မက်ကို အကောင်းဆုံးကြိုးစားပေးခဲ့တဲ့အတွက် ကျေးဇူးပဲလို့ ထပ်ပြောခဲ့ပါတယ်။
သံလွင်အိပ်မက် အဓွန့်ရှည် ကြာနိုင်ပါစေ။ သံလွင်အဖွဲ့သားတွေ အားလုံး လိုအင်ဆန္ဒပြည့်ဝပါစေ။ သံလွင်အဖွဲ့သားတစ်ဦး ဖြစ်တဲ့ ကိုနေဘုန်းလတ် တစ်ယောက် အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ။
ဟိန်းဇော်
ကိုဟိန်းဇော်ရေ
ကိုနေဘုန်းလတ်ရဲ့ စာတွေကို အလျဉ်းသင့်သလို ဆက်လက်ပြီးဖော်ပြပေးသွားမှာပါ။ သံလွင်မောင်ကိုလည်း စာကောင်းပေကောင်းလေးတွေ ဆက်လက် ရေးသားသွားဖို့ အားပေးထားပါတယ်။ သံလွင်အဖွဲ့သားတစ်ဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ကိုလည်း အမြန်ဆုံးလွတ်မြောက်သွားဖို့ ကျွန်တော်တို့ သံလွင်အဖွဲ့သားများက ထပ်မံပြီး ဆုတောင်းလိုက်ပါတယ်။ သံလွင်အိပ်မက် အဓွန့်ရှည်ဖို့၊ သံလွင်အဖွဲ့သားတွေ အားလုံး လိုအင်ဆန္ဒ ပြည့်ဝဖို့ ဆုတောင်းပေးခဲ့တဲ့ ကိုဟိန်းဇော်ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုက်ပါတယ်။
x x x x x x x x x x x x