“ဘိုးတော်ကြီး၊ လမ်းမပိတ်နဲ့ ရှေ့တိုးစီး၊ ရှေ့တိုးစီး” ဟု စပယ်ယာက လေသံမာမာဖြင့် အော်ပြောသဖြင့် မကျေမနပ် ပြန်ကြည့်လိုက်သည့် သူ့အကြည့်ထဲ တွင် အားမရှိတော့။ တစ်ခုခု ပြန်ပြောလိုက်သည့် သူ့အသံသည်လည်း မကြည်မလင်၊ တိုးညင်းညင်း။ လူကြပ်ကြပ် ဘတ်စ်ကားထဲတွင် အဖိုးအိုသည် လက်တစ်ဘက်က ထိုင်ခုံတစ်ခု၏ နောက်မှီတန်းကို တင်းတင်းဆုပ်ကိုင်ရင်း ယိမ်းထိုးလိုက်ပါလာသည်။ ကားခ လှမ်းပေးလိုက်သည့် သူ၏လက်တစ်ဘက် ပိန်ချိချိ အရိုးငေါငေါတွေက တုန်တုန်ရင်ရင်။ ကားသွားနေရင်းမို့ တုန်တာပါဟု သူ့ကိုယ်သူ ဖြေသိမ့်မိ လိုက်သေးသည်။ ထိုင်ခုံပေါ်တွင်ထိုင်နေသည့် လူငယ်ကလည်း သူ့ကို နည်းနည်း လေးမှ မကြည့်။ “သြော်..ခေတ်ကာလ ကလေးများ၊ အသက်အရွယ်ကြီးသူကို အရေးထားရကောင်းမှန်း မသိတော့ပါလား။ ခေတ်က ခေတ်ဆိုးကြီး။ ဟင်း"ဟု သူ စိတ်ပျက်လက်ပျက် စဉ်းစားနေမိသည်။ သူ စဉ်စားမိသကဲ့သို့ သူ့အဖေ၊ သူ့အဖိုး တို့လည်း တွေးမိခဲ့ကြလိမ့်မည်၊ မြင်မိခဲ့ကြလိမ့်မည်ဟုကား သူ တခါမှ မစဉ်းစားမိ။
သူသည် အရင်က အခုလို လူကြပ်ကြပ် ဘတ်စ်ကားကို စီးသူမဟုတ်။ သူအသက်(၆၀)ပြည့်ပြီး နောက်တွင် လိုင်းကားကိုပဲ အဖော်ပြု ခရီးသွားနေရသည်မှာ ရှစ်နှစ်လား၊ ကိုးနှစ်လားရှိခဲ့ပြီ။ အရင်က အလုပ်သွား အလုပ်ပြန်ဆိုလည်း မပူရ။ နေ့စဉ် ကြိုပို့ယာဉ် ရှေ့ခန်းက သူ့အတွက် တံခါးဖွင့်ပေးရင်း စောင့်နေမြဲပေါ့။ အခုတော့ ဒီလိုမဟုတ်တော့။ လူမွန်းမွန်းကြပ်ကြပ်ထဲတွင် အနံ့စုံရှုရင်း လဲကျမသွားအောင် မနည်းကြီးထိန်းရင်း ကားစီးရသည့် ဒုက္ခက ကြီးလှပါဘိ။ (၂)လ တစ်ကြိမ် မသွားမဖြစ် သွားနေရသည့် ဒီခရီးကို သူမုန်းသည်။ ဖြစ်နိုင်လျှင် သူမသွားချင်တော့။ သို့သော်....
ခြေတုန် လက်တုန်နဲ့ အသံပါတုန်ရင်နေပြီး အရမ်းချည့်နဲ့နေတာမျိုး မဟုတ်သော်လည်း သူ့မျက်စေ့တွေမှုန်၊ နားတွေ ထုံလာခဲ့ပြီ။ ရောင်စုံ လူကြပ်ကြပ်ထဲတွင် သူ့အသိ တစ်ဦးတလေများ ပါလာမလား အတွေးဖြင့် ဝေ့၀ဲကြည့်သည်။ မတွေ့ရ။ ကျောခြင်းကပ်၊ ရင်ချင်းအပ်ပြီး တစ်လမ်းစီ၊ တစ်ခြားစီ သွားနေကြသူများအထဲတွင် သူသည် အဖော်မဲ့လွန်းနေသည်။ ဘယ်သူကမှ သူ့ကို မကြည့်။ သူ့ကို မသိ။ အဖိုးအိုသည် အလွန်သိမ်ငယ်သွားရသည်။
“အင်း... ငွေထုတ်ဖို့ အဆင်ပြေပါ့မလား” ဟု သူ့နှုတ်မှ မပွင့်တပွင့် ရေရွတ်မိသံကို သူပြန်ကြားလိုက် ရသည်။ ယောင်ယမ်းပြီး ပြောထွက်သွားသည့် သူ့အဖြစ်ကို တခြားသူတွေ ကြားသွားပြီလားဟု တွေးမိပြီး ရှက်သလိုလို ဖြစ်သွားသည်။ ဒီလို ပါးစပ်က မပွင်တပွင့် စကားတွေ ထွက်ထွက် သွားတတ်တာ အတော်ကြာပြီ။ အဖိုးအို၏ စိတ်သည် ဟိုရောက် ဒီရောက်၊ ဘတ်စ်ကားကြီးကလည်း မှတ်တိုင် တစ်ခုပြီး တစ်ခု ရပ်လိုက် သွားလိုက်၊ စပယ်ယာကလည်း အော်လိုက် ဟစ်လိုက်၊ ခရီးသည်များကလည်း ဆင်းလိုက် တက်လိုက်၊ ဘတ်စ်ကားအတွင်းက ခရီးသည်များသည်လည်း ယိမ်းထိုးယိမ်းနွဲ့ဖြင့် ကိုယ့်လမ်းကိုယ်သွားနေကြ၊ စိတ်စောနေကြ။ အဖိုးအိုသည် လူတွေကြားထဲတွင် အဖော်ကင်းမဲ့ နေသည်ကို သည်းမခံနိုင်ဖြစ်လာသည်။
ဒီလိုများပြားလှတဲ့ လူတွေထဲမှာ အသိတစ်ဦးဦး ပါလေမလား အတွေးနဲ့ လိုက်ကြည့်သော်လည်း မတွေ့ မမြင်မိ။ တစ်ခါတုန်းကတော့ သူ့တပည့်လေး တစ်ဦးနှင့် တွေ့ခဲ့ရသည်။ သူ အရမ်းဝမ်းသာသွားသည်။ စကားပြောဖော် တစ်ယောက်တွေ့ရ၍ အဖိုးအို၏ မျက်နှာသည် အရောင် တလက်လက် ဖြစ်သွားသည်။ ရာထူးတစ်ဆင့် တက်သွားပြီဟုလည်း သိလိုက်ရသည်။ အဖိုးအို အဲဒီဌာနတွင် တာဝန် ထမ်းဆောင်စဉ်က ထိုတပည့်လေးမှာ ရုံးအကူလေးသာ ဖြစ်သည်။ “အေး ကွာ၊ ဆရာ ၀မ်းသာတယ်ကွာ” ဟု လှိုက်လှိုက်လှဲလှဲပြောမိသည်။ ထို့နောက် ရုံးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ၊ ရုံးစည်းကမ်း၊ ကျင့်ဝတ် သိက္ခာ၊ တာဝန် ၀တ္တရား စသည်ဖြင့် စေတနာ ဗလ၀နှင့် ပြောပြလိုက်သည်။ လူမွန်းမွန်းကြပ်ကြပ်ထဲတွင် အဖိုးသည် အော်ပြောနေရသဖြင့် မောနေသော်လည်း မနားတမ်း ပြောနေသည်။ ထိုတပည့်လေးသည် ရုံးကိစ္စ အရေးကြီးရှိနေသည်ဟုဆိုကာ နောက်မှတ်တိုင်တစ်ခုတွင် ဆင်းသွားသည်။ “ဆရာ..နောက်မှ ဆရာ့ဆီ လာခဲ့ပါဦးမယ် ဆရာ။ လမ်းမှာ ရုံးကိစ္စအရေးတကြီး ၀င်စရာရှိလို့ သွားပါဦးမယ်” ဟု ပြောပြီး ဘတ်စ်ကားပေါ်မှ ဆင်းသွားခြင်း ဖြစ်သည်။ သူ့တွင် ပြောစရာစကားတွေက မဆုံးသေး။ ပြောပြနေချင်သေးသည်။ အကြံပြုစရာ ဗဟုသုတဖြစ်ဖွယ် အတွေ့အကြုံများ ပြောပြစရာ များစွာကျန် နေသေးသည်။ တပည့်လေး သူ့ဆီလာမှ ဒီအကြောင်းတွေ ဆက်ပြီးပြောပြတော့မယ်ဟု တွေးထား သော်လည်း ယနေ့အထိ ပေါ်မလာတော့။
အဖိုးအိုသည် ခရီးသည်များကို ထပ်ကြည့်ပြန်သည်။ မြင်ကွင်းက မရှင်း။ အနီးအဝေး မှန် နှစ်မျိုးစလုံးထည့်ထားသည့် သူ၏ ပါဝါမျက်မှန် ထူထူကြီးကို ပါဝါထပ်တိုးဖို့ သူစဉ်းစားမိသည်မှာ ကြာပြီ။ သို့သော် စဉ်းစားရုံ တွေးရုံနှင့် မဖြစ်။ ငွေရှိမှ ဖြစ်မည်။ ငွေကလည်း (၂)လ တစ်ကြိမ်သာ ထုတ်ရသည်။ မြောက်ဒဂုံကနေ မြို့ထဲကို လစဉ်ငွေထုတ်ရမည်ဆိုလျှင် မလွယ်။ လမ်းစရိတ်နှင့်ပင် ကုန်ပေလိမ့်မည်။ ခက်တာက ငွေထုတ်သွားတိုင်း ၀ယ်စရာခြမ်းစရာတွေက ဘယ်လိုကနေ ဘယ်လိုပေါ်ပေါ်လာမှန်း မသိ။ ဦးစားပေး စရာတွေကများ၊ ငွေက အလျဉ်မမီ။ မနေ့ကလည်း ရပ်ကွက်ထဲက မင်္ဂလာဆောင်တစ်ခု လက်ဖွဲ့ဖို့ အိမ်နီးချင်းတစ်ဦးဆီက ငွေ ငါးရာ ချေးခဲ့ရသည်။ နှစ်ရာကို လက်ဖွဲ့၊ နှစ်ရာကို ဆန် နို့ဆီဗူး နှစ်ဗူးဝယ်၊ ကျန်တဲ့ ငွေတစ်ရာနဲ့ ဒီနေ့ ငွေထုတ်ဖို့ လာခြင်းဖြစ်သည်။
“အင်း..ငွေထုတ်ဖို့ အဆင်ပြေပါ့မလား” ဟု သက်ပြင်းမောချရင်း ရေရွတ်မိမလို ဖြစ်သွားပြန်သည်။ သူ့ရှေ့က လူနှစ်ယောက်ဆင်း သွားသဖြင့် အဖိုးအိုသည် ရှေ့သို့ တိုးဝင်လိုက်သည်။ ယာဉ်မောင်း နောက်နားအထိ ရောက်သွားသည်။ ဘတ်စ်ကားအတွင်း နောက်ကြည့်မှန်ထဲတွင် သူ့ရုပ်ပုံပေါ်လာသည်ကို အဖိုးအို တွေ့လိုက်ရသည်။
ဖြူဖြူဖွေးနေသည့် ဆံပင်များ၊ မျက်ခုံးမွှေးများ ထိုးထိုးထောင်ထောင်၊ လုံးဝိုင်းဝိုင်း ဦးခေါင်း၊ ကျယ်ပြန့်သော မဟာနဖူး၊ ပျဉ်းတွဲ ပျော့ကျနေသည့် ပါးရေနားရေ၊ အကြောအမျှင်ထင်းထင်း။ သူ၏ ပါဝါမျက်မှန်ကြောင့် သူ၏ မျက်စေ့များက ပိုကြီးနေသည်ကို မြင်ရသည်။ စူးရှကြည်လင်မှုကား မရှိတော့။ အရင်က နှာတံစင်းစင်း လုံးပြည့်ပြည့်က အခုတော့ စူးငေါ ချွန်ထွက်နေသည်။ နီရဲ ပိရိသေသပ်သည့် နှုတ်ခမ်းနှစ်လွှာအစား ညိုညစ်ညစ် ဟတတ နှုတ်ခမ်းများအဖြစ် ပြောင်းသွားကြပြီ။ မေးရိုးက ကားကား၊ ပါးနှစ်ဘက်က ပိန်ပိန်၊ နားထင်က ချိုင့်ချိုင့်နှင့် သူ့အသွင်သည် ယခင်က ခန့်ထည်ခဲ့သည်မှာ ဟုတ်ပါလေစ။
ပြည့်ဖောင်း ခန့်ငြားခဲ့သည့် သူ့ခန္ဓာကိုယ်က ပိန်ပါး သွယ်လျသွားခဲ့ပြီ။ ၀တ်နေကျ စတစ်ကော်လာ အဖြူရောင် လက်ရှည်က အခုတော့ သူ့ကိုယ်ပေါ်မှာ ပွယောင်း ချောင်ချိနေသည်။ အရင်က သူဆွဲနေကျ လက်ဆွဲအိတ်ကြီးလည်း ပါမလာတော့ပြီ။ လက်ဆွဲအိတ်နက် ပါးပါးလေးသာ အဖိုးအို၏ ပခုံးထက်မှာ လှုပ်လီလှုပ်လဲ့ ပါလာလေသည်။ ထောက်ခံစာ၊ မှတ်တမ်းစာရွက် ၀ါဝါကြန့်ကြန့်လေးများက အိတ်နက်ကလေးထဲမှာ အိပ်ငိုက်ရင်းပါလာပေ လိမ့်မည်။ ယခင်က ငွေထုတ်သူ အရာရှိဘ၀တုန်းက သူ့ကို အားလုံးက ငေးမောအား ကျခဲ့ရသည်။ ခင်မင်လေးစားခဲ့ ကြသည်။ အခုတော့.....။
“ကျုပ် တော်နဲ့ မနေနိုင်တော့ဘူး။ သားငယ်နဲ့ပဲ နေမယ်”ဟု ဆိုကာ အိမ်ပေါ်မှ ဆင်းသွားသည့် သူ့ဇနီး။ သူ ဘာမှ ပြန်မပြောလိုက်နိုင်မီ လန့်နိုးသွားသည့် အိပ်မက်။ သို့သော် ထိုအိပ်မက်က အမှန်တကယ် ဖြစ်နေပြီလား။ အမှန်တကယ်ရော အိပ်မက် အတိုင်း ဖြစ်တတ်သလား။ စိတ်စွဲလို့ မက်တာဆိုရင်
မက်တဲ့အတိုင်း မှန်တတ်တယ်လို့တော့ ကြားဖူးရဲ့။ “သားငယ်က မွေးတဲ့ ငါ့မြေးလေးက ငါ့ဇနီး ဘ၀ပြောင်း” တဲ့။ “ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ သူ့အမေက အငယ်ကောင်ကို ပိုချစ်တာကိုး” ဟု စဉ်းစားနေသည်။ သူကတော့ အကြီးကောင်ကို ပိုချစ်သည်ထင်သည်။ သို့သော် သားကြီးက တာဝန်ကျရာ အဝေးနယ်မှာ အိမ်ထောင်ကျသွားခဲ့ပြီ။ သားငယ်ကလည်း ယောက္ခမ အိမ်မှာ။ သူလိုက်နိုင်။ သူတို့နဲ့ မနေနိုင်။ သူ့မှာ တစ်ယောက်တည်း။
“အင်း....ငွေထုတ်လို့ အဆင်ပြေပါစေ”
သူ အရမ်းစိုးရိမ်သည့် စကားကို သူ့နှုတ်မှ မပွင့်တပွင့်ရေရွတ်မိပြန်သည်။ ဒီနေ့ ငွေထုတ်တာ အဆင်ပြေမှ ဖြစ်မည်။ အရင်အခေါက်တွေ ငွေထုတ်တုန်းကလို သူ ပြုံးပြသည်ကို အသိအမှတ်ပြုသလိုလို လုပ်ပြီး ငွေစာရင်းစာရွက်ကို ငုံ့ကြည့်သွားသည့် ငွေကိုင် စာရေးမလေး၏ အပြုအမူကို သူ ဘာမှဆက် မစဉ်းစားတော့ပါ။ ဘတ်စ်ကားခရီးသည်များ သူ့ကို မသိကြသည်ကိုလည်း အမှတ်မထားနိုင်တော့ပါ။ ကားစပယ်ယာရဲ့ ရိုင်းပျမှု အကြောင်းကိုလည်း သူ သတိမရတော့ပါ။ လူ့ဘ၀ရနေတာဟာ အသုံးဝင်နေသေးလို့လား၊ အသိအမှတ်ပြုခံနေရ သေးလို့လား ဆိုတာ သူ မစဉ်းစားတော့ပါ။
အဖိုးအို စဉ်းစားနေသည်မှာ ငွေထုတ်ပြီးရင် သားငယ်ကလေး သူ့မြေးလေးအတွက် အင်္ကျီလေး တစ်ထည် ၀ယ်ပေးဖို့ ဆိုတာပဲ ဖြစ်သည်။ သူ့မြေးလေးက သူ့ဇနီး ဘ၀ပြောင်းတဲ့။