“Pronto… ciao mamma… ”
မကြားချင်ပေမယ့် ညစဉ် ကြားနေကျ အသံများမို့ သူမ နားနှစ်ဖက်ကို ခေါင်းအုံး နှစ်လုံးကြား ညှပ်ခါ အိပ်ပျော်ဖို့ ကြိုးစားရင်း မျက်ရည်များသာ တဖျောက်ဖျောက် ကျနေမိသည်။ နှစ်စဉ် အိမ်ပြန်ဖို့ မဆိုထားနှင့် တစ်လ တစ်ခါ အမေ့ဆီ ဖုန်းခေါ်ဖို့တောင် ခက်ခဲလှသည့် သူမ၏ လုပ်အားပေး ဆရာဝန်ဘ၀က တခြားနိုင်ငံမှ လုပ်အားပေးလာသူ ဆရာဝန်တွေဘ၀နှင့် အကွာကြီး ကွာခြားလှသည်။
နင့်အမေကို skype ကနေ ဖုန်းခေါ်ခိုင်းပါလားလို့ ပြောလာသည့် အီတလီလူမျိုး သူငယ်ချင်း ဆရာဝန်မကို သူမတို့ ကျေးလက်က လျှပ်စစ်မီးအကြောင်း၊ ရိုးအလှသော အမေ့အကြောင်း ရှင်းပြလည်း နားမလည်နိုင်မှာမို့ မပြောဖြစ်ခဲ့တာလည်း အမှန်။ ညစဉ် အီတလီမှ အမေဖြစ်သူနင့် စကားအပြန်အလှန် ပြောတတ်သည့်တိုင် ပိတ်ရက်တွေတိုင်း အိမ်ကို လွမ်းလို့ငိုတတ်သည့် သူငယ်ချင်းမအား နှစ်သိမ့်ပေမယ့် သူမရင်မှ ဒါဏ်ရာများကိုတော့ မဖွင့်ဟလိုတော့ပါလေ။
…………………………………….
အမေ..
သူမအား ပြုံးပြနေဟန်ရှိသည့် အမေ့မျက်နှာက ၀ိုးတ၀ါး။
အမေ..
သူမအမေ့နောက်ကို ပြေးလိုက်ခဲ့ပေမယ့် ကျောခိုင်းကာ ထွက်ခွာသွားခဲ့သည့် အမေက သူမနှင့် အတော်ကို အလှမ်းဝေးလို့ နေသည်။
အားယူကာ အမေ့မျက်နှာကို မြင်ရဖို့ ကြိုးစားနေခိုက် တစုံတခုက ဦးခေါင်းကို ဖြတ်ရိုက်လိုက်တာမို့....
အားးးးး
ခေါင်းတစ်ခုလုံး နာကျင်မှုတို့နဲ့ အတူ တစ တစ ဝေးလို့သွားသည့် အမေ့ကိုလှမ်းကြည့်ရင်း သူမရင်တို့လည်း မွန်းကျပ်လွန်းလှသည်။
“ဟင့်… ဟင့်”
“မီးမီးငယ် … မီးမီးငယ် .. ခက်တာပဲ YOU အိမ်ကို အိပ်မက်မက်ပြန်ပြီ ထင်တယ်။ ”
သူမကိုယ်ကလေးကို လှုပ်ခါရင်းနှိုးလာသော အခန်းဖော်သူငယ်ချင်း အနီတာ့ အသံကြောင့် မျက်ရည်များနှင့် သူမနွမ်းနယ်စွာ နိုးဖြစ်ခဲ့သည်။
“နင်သိပ် အိမ်ပြန်ချင်နေသလားဟင်.. ဒါဆိုလည်း ဆေးရုံအုပ်ကို ပြောပြီး အိမ်ပြန်လည်ချေလေ။ နင့်အလုပ်တွေ ငါကူလုပ်ထားပေးပါမယ်။ ”
အနီတာ့ စကားများက ကြားတစ်ချက်မကြားတစ်ချက်နှင့် ကုတင်ဘေးမှ သူမ ပါဝင်ခွင့် မရခဲ့သော အမေတို့ မိသားစု ဓါတ်ပုံကလေးကိုသာ စိုက်ကြည့်နေမိသည် ။
မိသားစု…
ထိုစကားစုက သူမဘ၀အတွက် တကယ့်ကို တစ်ထောင့်တစ်ည ပုံပြင်စာအုပ်လို တမြတ်တနိုး ရှိခဲ့သည့်အရာ။ နေ့သစ်တစ်ခုကို ဖြတ်သန်းမိတိုင်း စာမျက်နှာသစ် တစ်ခုကို ဖတ်ရသလို မရိုးနိုင်သည့် အကြောင်းအရာများနှင့် နွေးထွေးမှုကို ပေးနိုင်သည်ဟု ယုံကြည်ခဲ့သည့် အရာ။ တကယ်တမ်းဘ၀မှာ မိသားစုတစ်စုကို မဆိုထားနှင့် အမေအရင်း တစ်ယောက်ကိုတောင်မှ မပိုင်ဆိုင်နိုင်ခဲ့ခြင်းကို နှစ်နှစ်ဆယ်ကျော်ကြာ အမေ့သမီးအဖြစ် ခံယူပြီးကာမှ သိခဲ့ရသည့် အဲဒီစိတ္တဇတို့က ဒီနေ့အထိ ရှင်သန်နေဆဲ။
ခွဲခွာခါနီး ကန်တော့ဖြစ်ချိန် အမွေစားအမွေခံ စာချုပ်ကို လက်က ကိုင်ရင်း မျက်ရည်စက်လက်နှင့် အမေ့မျက်နှာကို မြင်ယောင်မိတော့ သူမ မျက်ရည်ကျမိ ပြန်သည်။
အချိန်မရွေး တံခါးဖွင့်ထားပါတယ် သမီးရယ်လို့ ငိုသံပါနှင့် ဆိုခဲ့သည့် အမေ့ရင်ကို စုံကန်ခဲ့တာ မဟုတ်ပေမယ့် ဘာလို့များ သူမကို အမေညာခဲ့သလဲလို့ စောတက တက်ခဲ့မိတာတော့ အမှန်။
“တိတ်.. တိတ် မငိုနဲ့တော့နော်.. ”
သူမ ရှိုက်ကြီးတငင် ငိုနေသည့်ကြားမှ အနီတာ့ကို ခေါင်းညိတ် ပြခဲ့သော်လည်း ဖြစ်နိုင်မယ်ဆိုပါလျှင် ထပ်ခါတလဲလဲ မက်နေမိသည့် အိပ်မက်ထဲမှာတောင်
အမေဆိုတာ ဘယ်သူလဲ မသိနိုင်သည့် ကာလတွေက လွတ်မြောက်ချင်လှသည်။ နောက်ပြီး အမေ့လက်ကို ဆွဲကိုင်ကာ တလောကလုံးကို ဒါ ငါ့အမေပါလို့ ကြွားဝါရင်း သူမ၏ သိမ်ငယ်စိတ်များကို အဆုံးသတ်ချင်လှသည်။
………………………………………………….
“ဒေါက်တာ မီးမီးငယ်… ဒေါက်တာ့ အမေကို ဧည့်ကြိုဌာနမှာ “အမြန်လာတွေ့ပါ။ ”
“ဒေါက်တာမီးမီးငယ် ရောက်ရာ ဌာနကနေ ဧည့်ကြိုဌာနကို အမြန်လာပါ။ ဒေါက်တာ့အမေ စောင့်နေပါတယ်။ ”
အမေ…
နှုတ်ခမ်းသားများ တုန်ခါလွန်းစွာ သူမရွတ်ဆိုရင်း ဧည့်ကြိုဌာနကို အပြေးကလေး လာခဲ့မိသည်။ မိုးဦးကျ ဒီဇင်ဘာလ ရွှံ့ထူလှသော တောင်တန်းများကြားက လမ်းကြမ်းကြမ်းကို အမေ ဘယ်လိုများ ဖြတ်ခဲ့ပါလိမ့်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိရာ မြို့ကြီးပြကြီးမှ နှစ်ရက် ခရီးလာရသည့် အာဖရိကတိုက်၏ တောအုပ်အလည်မှ ဒီဆေးရုံကလေး ရှိရာနေရာကို စစ်ကိုင်းတိုင်း အစွန်အဖျားရှိ ရွာက တဖ၀ါးမှ မခွာဖူးသော အမေတစ်ယောက် ဘယ်လိုရောက်အောင် လာခဲ့ပါလိမ့်။
လာမယ်ဆိုလည်း မီးမီး လာကြိုမှာပေါ့ အမေရယ်။ အဲဒီ ပင်ပန်းလွန်းတယ်လို့ သူမ ညည်းညူတတ်တဲ့ နှစ်ရက် ခရီးကို အမေနဲ့အတူ ဖြုန်းချင်တာပေါ့… အမေ..။
“Ronaldo ဆရာမအမေ စောင့်နေတယ်ဆို. ”
“ဟုတ်တယ်။ ဆရာမ ဟိုဘက် နားနေခန်းမှာပါ ။ ”
ဧည့်ကြိုဌာနမှ ကောင်ကလေးက သူမကို စကားပြန်ပြောကာ သူ့အလုပ်သူ ဆက်လုပ်နေတာမို့ စကားကြော မရှည်တော့ဘဲ နားနေခန်းဆီသို့သာ အပြေးကလေး လှမ်းလာခဲ့ လိုက်သည်။
အမေ..
ဧည့်ကြိုဌာနတစ်ခုလုံး နှံ့အောင် ရှာခဲ့ပေမယ့် အမေနှင့်တူသော ရုပ်ရည်ဆိုလို့ တစ်ယောက်မှ မတွေ့။ နှစ်နှစ်ဆယ်ကျော်တိုင် သူမရင်းနှီးခဲ့သော အမေ့ရုပ်ရည်က ခုတော့ အိပ်မက်ထဲက အမေ့ရုပ်ရည်လို ၀ိုးတ၀ါး နိုင်လှသည်။
အမေ..
သူမဘယ်လိုမှ ရှာမတွေ့သည့်အဆုံး စိတ်လျှော့ကာ လူနာဆောင်ရှိရာဘက်သို့ လှမ်းလာလိုက်တော့
“သမီး… အမေ့ကိုတောင် မမှတ်မိတော့ဘူးလား သမီးရယ်။ ”
နားယဉ်နေသည့် အသံတချို့က သူမကို ကျင်စက်နှင့် တို့လိုက်သလို ခံစားလိုက်ရတာမို့ အသံလာရာဆီသို့ လှည့်ကြည့်လိုက်တော့
“အမေ… အမေ ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။ ”
သူမအမေးများစွာ ကြားမှာ မ၀ံ့မရဲအပြုံးများနှင့် သူမကို ခြေဆုံးခေါင်းဆုံး ကြည့်နေသော အမေ့ကို အနားမှ ကုလားထိုင်တစ်ခုမှာ နေရာပေးရင်း
“ပြောပါဦးအမေရယ် … ရွာကနေ ဒီဆေးရုံရောက်အောင် ဘယ်လိုလာခဲ့သလဲ။ ” အမေ ငယ်တော့တာလည်း မဟုတ်တော့ဘူးနော်။ လာမယ်ဆိုလည်း သမီးကို ဖုန်းလေးဘာလေး ကြိုဆက်ရောပေါ့ အမေရယ်လို့ မချိတင်ကဲဆိုမိတော့”
“ခြေလျင်ပေါ့ သမီးရယ်…”
“ဒီလမ်းကို အမေငယ်ငယ်တုန်းက တစ်ခါ လျှောက်ခဲ့ဖူးပါတယ်။ မနက်စောစော နေမထွက်ခင် စလျှောက်တဲ့အခါ နေလည်ထမင်းစားချိန် မတိုင်ခင် ရောက်ခဲ့သပေါ့ ခုတော့လည်း ဇရာလေး ရလာတော့ အချိန်နည်းနည်း ယူရတာပေါ့။
ရွာမှာ ဂိတ်ဆုံးတဲ့ လိုင်းကားက ဒရိုင်ဘာကို မေးတိုင်း ဆရာမလေး နေ့တိုင်းအလုပ်ရှုပ်တယ်လို့ အမေ့ကို ပြောတတ်လို့ အမေ သမီးဆီကို ဖုန်းကြိုမဆက် ဖြစ်တော့တာပါ။ ခုလာတာကလည်း သမီးကို လွမ်းတာရယ်။ သစ်တော်သီးတွေ မှည့်ချိန်မို့ သမီးစားဖို့ ပေးချင်တာရယ်ပါ။ ”
“ဘယ်လိုအမေ.. ဒီလောက်ရွှံ့ထူတဲ့လမ်းကို သစ်တော်သီးတွေပါ အမေကိုယ်တိုင် သယ်လာသေးတယ် ဟုတ်လား။ ”
အမေပြောသည့် စကားများကို နားထောင်ရင်း သူမမျက်ရည်များ ဝေ့၀ဲလာပြန်သည်။
အမေရယ် …
မမျှော်လင့်ဘဲ သူမဆီ ရောက်လာခဲ့သည့် အမေလို့ သူမ ခေါ်ဖြစ်ခဲ့သည့် အသက်ခုနှစ်ဆယ်ကျော် ကပ္ပလီလူမျိုး အမေအိုကတော့ သယ်လာသည့် သစ်တော်သီးအိတ် ခပ်ကြီးကြီးကို တချက်လှမ်းကြည့်ကာ ခေါင်းပေါင်းကို ဖြေပြီး ကုလားထိုင်နောက်ကျောကို မှီရင်း ခေတ္တအနားယူ နေပြန်သည်။ ဇရာနှင့် မလိုက်ဖက်လွန်းစွာ သန်မာလှသော အမေက တကယ်တော့ သူမ ပထမဆုံး တာဝန်ကျရာ ရွာကလေးမှ တောင်သူကြီး တစ်ယောက်သာ။ အဖော်မဲ့စွာ အာရှတိုက်တနေရာမှ လာခဲ့သူ သူမကို တနင်္ဂနွေနေ့တိုင်း ဘုရား ကျောင်းတက်ဖို့ ပြောခဲ့သူ အမေအိုက သူမ နေခဲ့သော တိုက်အိမ်ကလေးရဲ့ မျက်စောင်းထိုးမှ
လျှပ်စစ်မီးမရှိသည့် တဲကလေးမှာ နေရှာသူဖြစ်သည်။ မိုးနှောင်းကာလ သစ်တော်သီးများ လှိုင်လှိုင်သီးချိန် အမေအို့ခြံသို့ သွားကာ သစ်တော်သီးများ ၀ယ်ဖို့ ခွင့်တောင်းရင်းမှ သိခဲ့သူဖြစ်သော အမေအိုက မြန်မာပြည်ဆိုတာ ဘယ်နားနေသည် မသိသော်လည်း ချမ်းအေးသည့် ညများတွင် သူမအား မီးဖိုကာ အနွေးဓါတ် ပေးခဲ့သူဆိုလည်း မမှား။
ဒါ အမေ့သမီးလေလို့ ဘေးဘီမှ လူနာလာကြည့်သည့် ဧည့်သည်များကို ဂုဏ်ယူစွာ ပြောသော အမေ့ကို သူမကြင်နာစွာ ထွေးပွေ့ကာ အင်း … ဒါဆရာမရဲ့ အမေပါလို့ သူမကိုယ်တိုင် ဂုဏ်ယူစွာ ၀န်ခံဖြစ်ခဲ့သည်။
ကျယ်ပြောပြီး အရိုင်းဆန်လှသော အာဖရိက တစ်နေရာမှာ သူမတစ်ယောက်တည်း အထီးကျန် မဟုတ်ကြောင်း ပြောလာသော အမေအိုကြောင့် သူမ၏ စိတ္တစတို့ အတန်သင့် ပြေလျော့လာတာကို သူမကိုယ်တိုင်လည်း အံ့သြနေမိသည်။ မွေးစားသမီးလို့ သူငယ်ချင်းများကြားမှာ လှောင်ပြောင် ပြောခံရတိုင်း ကြေကွဲတတ်သူက ခုတော့ သူမမွေးစား အမေအတွက် ကျေနပ်ပျော်ရွှင် နေမိတာဆိုတာကို မငြင်းဆန် နိုင်ခဲ့ပါလေ။
ညနေစောင်း အမေပြန်တော့ ကားဂိတ်ထိ လိုက်ပို့ပြီး အလုပ်တွေနဲ့မို့ မကြည့်ဖြစ်တာ ကြာသော နေ၀င်ချိန်ကို စောင့်ကြည့်ဖို့ ဆေးရုံရှေ့က အုတ်ခုံကလေးမှာ ခဏထိုင်ရင်း သက်မောတစ်ခု ချမိပြန်သည်။
…
အခုအချိန်အထိ အမေအရင်းကို မတွေ့နိုင်သေးသည့် တကောင်ကြွက်ဘ၀ပေမယ့် သူမကို ချစ်သော မွေးစားအမေများ ရှိခြင်းအတွက် ကျေနပ်နေမိခြင်းတွေ နှင့်အတူ ရင်မှာ နွေးထွေးလို့ နေသေးသည်။ လကုန်လို့ လုပ်အားပေးဆရာဝန် လခ ထုတ်တဲ့အခါ အိမ်လခ ပေးပြီးရင်တော့ မွေးရပ်မြေမှ အမေ့ဆီကို ဖုန်းခေါ်ဖို့ ကြိုးစားပါဦးမည်။ ဟုတ်ပါတယ်… ခုလောက်ဆို အညာမြေတစ်ခုဆီမှ မွေးစားအမေလည်း သူမဆီမှ သတင်းကို မျှော်နေရှာရော့မည်လေ။
မွန်းသက်ပန် (ဆေး - ၁)