Home ၀တ္ထုတိုများ ပြန်ရအောင်လေ
25 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့685
mod_vvisit_counterမနေ့က1654
mod_vvisit_counterတစ်ပတ်အတွင်း10338
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်း41856
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2892263
Join us in Facebook
Facebook Fanbox 1.5.x.0
ပြန်ရအောင်လေ

Views : 2486    

Favoured : 90

Share

ပြန်ရအောင်လေ
ချိုဧပရယ်လ်

www.thanlwin.com
 
“ငါလေ ဒီမှာ လုံးဝကို မနေချင်တော့ဘူး”
အန်တီဝေ ခဏ ခဏ ပြောတတ်သည်။

“နင် စဉ်းစားကြည့်စမ်း မိချို .. ငါလေ ဒီယောက်ျားကို အားကိုးပြီး သူများနိုင်ငံမှာ လာနေခဲ့ရတာ။ အခုတော့ ၀ရမ်းပြေး သာသာပဲ ရှိတော့တယ်။ မိုးလင်းက မိုးချုပ် အလုပ်နဲ့ လက်နဲ့ ပြတ်ရတယ်လို့ကို မရှိဘူး။ ဒါတောင် ပိုက်ဆံက ဘယ်လောက်များ စုမိ ဆောင်းမိလို့လဲ၊ ဒီကြားထဲ ရဲမြင်လျှင် ဟိုပြေးရ ဒီပြေးရနဲ့”

မိချိုအသာ ခေါင်းငုံ့ငြိမ်နေမိသည်။ စိတ်ထဲကတော့  “အဲဒါဆို ဘာလို့ ဆက်ပြီး နေနေသေးလဲ၊ ” မိချိုပြောမယ့် စကားကို သူသိသည် ထင်ပ။

“နေချင်လို့ နေတယ်လို့များ မထင်စမ်းပါနဲ့အေ။ ထွေးပြီးသား တံတွေးမို့ပါ။ ရန်ကုန်မှာနေ တစ်လတစ်လ သူတို့ သုံးလို့ ပိုမှ ရမယ့် ပိုက်ဆံကို မျှော်ကိုးပြီး မစားချင်လို့ လိုက်လာတာ။ ဒါ့ထက် ညည်းဦးလေး “မျိုးမစစ်မ” တွေနဲ့ တွေ့ပြီး ကျုပ်သား နှစ်ယောက် “အဖေ”ခေါ်စရာ ပျောက်သွားမှာ စိုးရိမ်လို့ဟေ့ သိပြီးလား”

အန်တီဝေ စကားပြောရင်းနဲ့ လက်သုံးလုံးသာသာ ရှိတဲ့ ငါးခူ နှစ်ကောင်ကို အံကြိတ်ပြီးလှီးနေသည်။

“အမလေး.. အန်တီဝေရယ် မိချိုတို့ အဖေများ ဒီမှာ နေတာ ၁၃နှစ်ရှိပြီ ဘယ်မိန်းမနဲ့မှ ရှုပ်တယ်လို့ မကြားဖူးပေါင်၊ ဦးလေးရော ဘာထူးလဲ၊ သူ့ဘာသာသူ နေတတ်သလို နေတာပါ”

“တော်စမ်းပါ ချိုနွယ်ထွန်းရယ်။ ညဉ်း ဒီကိုရောက်တာ တစ်နှစ်တောင် မပြည့်သေးပါဘူး။ ညည်း မလေးရှားက လူတွေ အကြောင်း ဘာသိလို့လဲ”www.thanlwin.com

“ငါ ဒီမှာ နေလာတာ ၃နှစ် ရှိပြီ။ ညည်းအဖေက မိန်းမသာ မရှုပ်တာပါ။ အထိန်းမရှိ၊ အကွပ်မရှိနဲ့ အခု အရက်သမားဖြစ်နေပြီ မဟုတ်လား။ ညည်းဦးလေးကရော အခုအချိန်ထိ သူ့အပေါင်းအသင်း၊ သူ့သူငယ်ချင်းတွေနဲ့ပဲ မိသားစုကို နည်းနည်းမှ မျက်စိထဲ မြင်တာမဟုတ်ဘူး”

အန်တီဝေကို ကြည့်ကာ မိချို သက်ပြင်းအရှည်ကြီး ချမိသည်။ အန်တီဝေသည် သွက်သွက်လက်လက် ထက်ထက်မြတ်မြတ်ရှိသည်။ သူမှန်တယ် ထင်လျှင် နည်းနည်းမှ အလျှော့ပေးတတ်သူ မဟုတ်။ ဒေါသကြီးသလောက် ဇိုးဇိုးဇတ်ဇတ်လည်း နိုင်ကြောင်းကို ဦးလေးခေါင်းမှ အမာရွတ်ကြီးက သက်သေခံနိုင်သည်။

“သြော် ညည်းကို ပြောရဦးမယ်”

မိချို သူ့ကို မျက်လုံးပင့်ပြီး ကြည့်လိုက်သည်။

“မောင်မင်းဇော် မိန်းမလေ ဟို “အ”မလေးလေ။ အခုဗိုက်ကြီး နေတယ်။ မနေ့က ငါအလုပ် ပြန်တော့ သူနဲ့ လမ်းမှာတွေ့တာ။ ၇လတောင် ရှိနေပြီတဲ့လေ။ အလုပ်တောင် မလုပ်တော့ဘူး။ အဲဒီမင်းဇော်က ရွာမှာ မိန်းမနဲ့ ကလေး၂ယောက်တောင် ရှိတယ်တဲ့။ နင်စဉ်းစားကြည့်စမ်း၊ သူက သူ့မိသားစုတောင် ၀အောင် ရှာမကျွေးနိုင်ပဲနဲ့များ ဒီမှာ မျိုးမစစ်တစ်ကောင် ထပ်မွေးဦးမယ်။ အံ့သြပါရဲ့အေ။ ငါဖြင့် ဒီက ယောက်ျားတွေများ အထင်ကြီးလို့ကို မရဘူး”

အန်တီဝေ တစ်ယောက် သူ မထိန်းနိုင်တဲ့ သူ့ယောက်ျားကနေ စလိုက်တဲ့ပြဿနာ အခုထိကို အရှိန်မသေနိုင်သေး။ မိချိုကတော့ ခေါင်းငုံ့ပြီး စားလက်စ ရေခဲမုန့်ကိုသာ ဆက်စားနေ လိုက်သည်။ သူက ပြောနေတဲ့ စကားကို ခဏရပ်ပြီး တုံးပြီးသား ငါးခူတွေကို ဆီပူအိုးထဲ ထည့်ကြော်နေသည်။

“နောက်ပြီးတော့ သူက သိပ်လည်တဲ့လူ”

“ဘယ်သူတုန်း”

“မောင်မင်းဇော်ပေါ့ဟဲ့”

“သြော် . . . ”

အန်တီဝေက မိချိုကို မျက်စောင်းထိုးပြီး ကြည့်သည်။ “ညည်းနှယ် တုံးလိုက်တာ” ဟူသော အကြည့်မျိုးဖြစ်လိမ့်မည်။

“သူက ဒီအင်ဒိုနီးရှားမနဲ့ ရတဲ့ကလေးကို အစစအရာရာ တာဝန်ယူမယ်လို့များ ထင်နေသလား၊ ဒီနှစ် ပါမစ်သက်တန်း ကုန်ရင် ပြန်တော့မှာတဲ့။ ကလေးလေးကတော့ ရွှေ လိုလို၊ အ လိုလိုနဲ့ ဒီမှာ ဒါမှမဟုတ် အင်ဒိုနီးရှားမှာပဲ သွားပြီး သောင်တင်နေမှာ ငါ မြင်ယောင်သေးတယ်။ ”

“ဟူး . . . ” မိချို သက်ပြင်းချမိ ပြန်ပါပြီ။

အန်တီကလည်း လောကမှာ လူကောင်းနဲ့ လူဆိုးဆိုတာ အမြဲဒွန်တွဲနေတာပဲ။ အားလုံးကို ခြုံပြီးမကောင်းဘူးလို့ ပြောလို့ ဘယ်ရပါ့မလဲ။ အခုဟာက ၀ါးလုံးရှည်နဲ့ ပတ်ရမ်း နေသလိုပဲ၊ ဖြစ်ချင်မှလည်း ဖြစ်မှာပါ အန်တီရယ်။ အများစုကတော့ ကိုယ်မွေးထားတဲ့ ကိုယ့်ရင်သွေးကို အဲလို လုပ်မှာ မဟုတ်ပါဘူး”

အန်တီဝေက အရွတ်အခက် ဝေနေတဲ့ ကန်စွန်းရွက်တွေကို ရေဆေးလိုက်သည်။ ပြီးတော့ ကန်စွန်းညွန့်များကို လက်သည်းကလေးနဲ့ ဆိတ်ပြီး ဇကာထဲချွေထည့်သည်။

“ခက်ပါလား မိချိုရယ်၊ ဖြစ်မှာ မဖြစ်မှာကို ပြောနေတာ မဟုတ်ဘူး။ ဖြတ်တတ်တာကို ပြောနေတာ ဖြစ်တတ်တာကို ခေတ်ကြီးကိုက မကောင်းတဲ့ ခေတ်ကြီးပါအေ။ ဟိုမြန်မာဆိုင်က ဦးမျိုးကြီး ပြောဖူးတာတော့ ယောက်ျားလေးတွေ နေ့တိုင်း ဘီယာသောက်တာ၊ အရက်မူးတာတွေက ဘာဆန်းတာမှတ်လို့၊ မြန်မာမိန်းကလေးတွေတောင် ကိုယ်ဝန် မရအောင် ဆေးကို ဘယ်လိုသောက်သင့်တယ်။ ဘယ်လိုနည်းလမ်းတွေ အသုံးပြုသင့်တယ်က အစ ဒီနိုင်ငံထုတ် မြန်မာ သတင်းဂျာနယ်မှာ ဖော်ပြပေးနေရတဲ့ခေတ် တဲ့”

မိချို နည်းနည်းလေး အထွန့်တက် ချင်သည်။

“ခေတ်ဆိုတာ လူတွေ ဖန်တီးတာပဲ မဟုတ်လား”

အန်တီဝေ စိတ်မရှည်သသော ပုံစံနှင့် ငါးကြော် ပန်းကန်ကို စားပွဲပေါ် ဆောင့်ချလိုက်သည်။ ပြီးမှ သက်ပြင်း တခုရှိုက်ထုတ်လိုက်ပြီး ပြောသည်။

“အေးဟေ့ ... အဲဒီလူတွေပဲ လိမ်စား၊ ညာစား၊ ခိုးစား၊ လုစား၊ မြှောက်စား၊ ဟောက်စားနဲ့ ခေတ်ပျက်နေကြတာလေ။ လူတွေ ဘယ်မှာ စည်းစောင့်ကြလို့တုန်း၊ ဘယ်မှာလည်း ကိုယ်ကျင့်တရား ။ ကဲ . . . လုပ်ချင်တာ၊ မလုပ်ချင်တာ အသာထားလိုက်ဦး၊ ငါတောင် သူများ ပတ်စပို့ သူများ ပါမစ်နဲ့ လိမ်ပြီး နေနေရတာကိုပဲ ကြည့်။ ကိုယ်က မဟုတ်တာလုပ်ထားတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်လိပ်ပြာ ကိုယ်မလုံဘူး။ အဲဒါကြောင့် ငါက ပြန်ချင်တယ်လို့ ပြောတာ။ ပိုက်ဆံတွေလည်း မရချင် နေပါတော့အေ”

x x x x x x x x x x x x x x

အန်တီဝေ တစ်ယောက် ပြန်မယ့် ပြန်ရတော့လည်း ဗြုန်းစား၊ ဒိုင်းစားကြီးပါပဲ။ တစ်မိုးအောက်မှာ အတူတူနေခဲ့တဲ့ သံယောဇဉ်၊ ဆွေမျိုးသံယောဇဉ်တွေနဲ့ မိချိုတော်တော် စိတ်မကောင်းဖြစ်မိ၏။ အန်တီဝေ ရန်ကုန်မပြန်ခင် တစ်ပတ်လောက် အလိုက သူအလုပ်သွားတဲ့ လမ်းမှာ ရဲဖမ်းခံခဲ့ရသည်။ အိမ်မှာ ရှိတဲ့ လူတွေ အားလုံးစုပေါင်းပြီး ရလာတဲ့ မလေးငွေ သုံးထောင်ကျော်နဲ့ အချုပ်ခန်းကနေ ကြိုးစားပန်းစား ရွေးထုတ်ခဲ့ကြရသည်။ ဒါတောင် ရဲစခန်းမှာ တစ်နေ့နဲ့ တစ်ည အချုပ်ခံပြီးမှ အန်တီဝေ ပြန်လွတ်လာခဲ့သည်။

“ကိုလေး . . . ကျွန်မကို ရန်ကုန်ပြန်ဖို့ စီစဉ်ပေးပါ”

အန်တီဝေက အဖေ့ကို မျက်ရည်တွေ သုတ်ရင်း ပြောသည်။ မိချိုလည်း သူ့ကိုကြည့်ရင်း မျက်ရည်ကျမိသည်။ ဦးလေးကတော့ ဆိတ်ဆိတ်ငြိမ်လျက်။

“ပြန်ဖို့ မပြန်ဖို့ကိုတော့ ကိုလေးတို့က အတင်းအကျပ် မတိုက်တွန်းပါဘူး။ ကိုယ့်ဘာသာ ကိုယ်ဆုံးဖြတ်ပေါ့။ ကုန်သွားတဲ့ ပိုက်ဆံတွေကလည်း ပြန်ရှာလို့ ရတာပဲ။ ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့။ ပြန်ချင်သပဆိုလည်း ကိုလေးတို့က စီစဉ်ပေးရုံပါပဲ။ ဘာပြဿနာ၊ ဘာအမှု့ကိစ္စမှ မဖြစ်ပဲ ရန်ကုန်ကို ပြန်ရောက်သွားဖို့ပဲ အစ်ကိုတို့က မျှော်လင့်တယ်”

www.thanlwin.comပန်းကန်လုံးထဲက ရေနွေးကြမ်းပူပူကို မှုတ်သောက်ရင်း အဖေက အန်တီဝေ့ကို နှစ်သိမ့်သည်။

“ကျွန်မ ဆုံးဖြတ်ပြီးပြီ”

အန်တီဝေ့ အသံသည် တင်းမာပြတ်သား သယောင်ရှိသည်။

“ကျွန်မလေ အခုလို ကြောက်လန့်တကြားနဲ့ ကျီးလန့်စာစားနေရတဲ့ ဘ၀ကို မုန်းတယ်။ ပြီးတော့ ကိုယ့်မိသားစုလေး လူတန်းစေ့ နေရပါစေတော့ ဆိုတဲ့ စေတနာနဲ့ သူများ လက်ညှိုးထိုး ခိုင်းတာကိုလုပ်၊ သူများ ပြောသမျှ ဆိုးသမျှ ခံနေရတာ။ ဒီကြားထဲ ရှိစုမဲ့စုငွေလေးကို လည်ပင်း ဓားထောက်ပြီး လုခံနေရတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ ဘယ်လိုမှ ဆက်ပြီး မနေနိုင်တော့ဘူး”

“အဆိုးတွေချည်းပဲ မတွေးပါနဲ့ ငါ့ညီမရယ်။ အကောင်းဖက်ကလည်း စဉ်းစားပါဦး၊ ဘာပဲ ပြောပြော ရန်ကုန်ထက်စာရင် ဒီမှာ ပိုက်ဆံပိုရတယ် မဟုတ်လား”

“ဟင့်အင်း ကိုလေး ရန်ကုန်မှာ ယောက်ျားလုပ်စာ မျှော်ကိုး မစားရလည်း ဖြစ်တယ်။ ကျွန်မဘာသာ ဈေးရောင်းစားမယ်”

လိမ့်၍ စီးကျလာသော မျက်ရည်တွေကို သုတ်ရင်း အန်တီဝေ ရှိုက်၍ ရှိုက်၍ ပြောသည်။ မိချိုလည်း သူ့ကို မျက်ရည် အ၀ိုင်းသားနဲ့ ကြည့်ရင်း . ..

“အဖေတို့ စီစဉ်ပေးမှာပါ အန်တီဝေရယ်။ ဦးလေးကိုလည်း နယ်စပ်ရောက်တဲ့အထိ ပို့ပေးလို့ ရရင် လိုက်ပို့ခိုင်းလိုက်ပါ့မယ်” ဟု အားပေးရသည်။

မည်သို့ ဆိုစေ အန်တီဝေ တစ်ယောက် အပြန်ခရီးမှာ ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ပဲ မိချိုတို့ ဆုတောင်းပေးနိုင်ခဲ့သည်။

x x x x x x x x x x x

အန်တီဝေ ပြန်သွားတော့ တစ်အိမ်လုံး တိတ်ဆိတ်ပြီး ကျန်ခဲ့သည်။ လွတ်နေတဲ့ အခန်းကို အိမ်ငှား အသစ်တင်ဖို့ စဉ်းစားတော့ သမီးပျိုလေးရှိတဲ့ အိမ်မို့ ယောက်ျားလေး ငယ်ငယ်ရွယ်ရွယ် မငှားချင်။ ယောက်ျားလေး နှစ်ယောက်ရှိတဲ့ အိမ်မို့ မိန်းကလေးတွေက မငှားချင်နဲ့။ နောက်ဆုံး အဖေ့သူငယ်ချင်း တစ်ယောက် ပြောင်းလာသည့်တိုင်အောင် အိမ်မှာ လူပိုရှိတယ်လို့ မခံစားမိပေ။

အလုပ်သိမ်းချိန် ညနေဖက် လူစုံတက်စုံ စားတတ်သော ထမင်းဝိုင်းလည်း အရင်လို စိုစိုပြည်ပြည် မဟုတ်တော့။ ထမင်းစားရင်း တစ်ခါတစ်ခါ ရန်ဖြစ် စကားများတတ်သော ဦးလေးသည် ယခုတော့ ငြိမ်ချက်သားကောင်းနေခဲ့သည်။

“ထမင်းကတော့ စားကောင်းပါတယ် ငါ့ညီမရေ ... ဆီးချိုတွေ တက်မှာပဲ ကြောက်နေရတယ်” လို့ ရယ်ရယ်မောမော ပြောတတ်သော အဖေကလည်း အသံတိတ်လျက်။ ထမင်းဝိုင်းသိမ်းသည့် တိုင်အောင် အတွေးကိုယ်စီနဲ့ ရှိတတ်သည်။

မိချိုကတော့ “အလုပ်ရှင်က ဘယ်လို၊ အလုပ်သမားခေါင်းက ဘယ်လို လုပ်ဖော်ကိုင်ဖက်တွေကတော့ ဘယ်လို” စသည်ဖြင့် ရင်ဖွင့်သမျှ နားထောင်တတ်၊ အကြံဥာဏ်တွေ ပေးတတ်သော သူ့ကို သတိတရ ရှိသည်။

“မနက်က ပလက်စတစ် စက်ရုံက မြန်မာကောင်လေးတွေ အဆောင်ကို ဓားပြတွေ ဓားတွေနဲ့ ၀င်ခုတ်ပြီး ပိုက်ဆံတွေ လုသွားတယ်” ဆိုတဲ့ သတင်းကြားတော့ အန်တီဝေ့ကို ချက်ချင်းပြေးမြင်မိသည်။

“ရှိစုမဲ့ စုငွေလေးတွေကို လည်ပင်း ဓားထောက်ပြီး အလုခံနေရတဲ့ ပတ်ဝန်းကျင်” တဲ့။ ပြောတတ်လိုက်တဲ့ အန်တီဝေ။

“ငါလေ ဒီမှာ လုံးဝကို မနေချင်တော့ဘူး” လို့ သက်ပြင်း တချချနှင့် ပြောနေမှာ မြင်ယောင်မိသေးသည်။

အကယ်၍ မိချိုဘေးမှာ အန်တီဝေရှိလို့ကတော့ “အန်တီရေ ... မိချိုလည်း အန်တီနဲ့ အတူ ပြန်လိုက်နိုင်ရင် ကောင်းမှာ။ မိချိုလေ ဒီမှာ မနေချင်တော့ဘူး” ဆိုပြီး အားပါးတရ ပြောပြချင်သည်။

အခုများတော့ ၀ရံတာမှာထိုင်ပြီး အပူအပင်မရှိ အေးအေးလူလူ စကားပြောနေတဲ့ ဖေဖေနဲ့ ဦးလေးရဲ့ နောက်ကျောကို ငေးကြည့်ရင်း

“ဖေဖေ မိချိုတို့လည်း ပြန်ကြရအောင်လေ” ဟုသာ တိုးတိတ်စွာပြောနေရတော့သည်။
 

ချိုဧပရယ်လ်
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 5 of 5 comments

1. 05-01-2012 07:13

let's go back
:) This is the country what's we call malaysia and we living in it .i like it.
Guest
sithu

2. 24-09-2011 02:30

ပြန်ရအောင်လေ
အဲဒါ အရသာရှိတဲ့ ဘ၀ လို.ခေါ်ရမယ
Guest
thu

3. 15-06-2011 20:36

Life Style
One of the life style is like that. 
But, so much are still around.
Guest
Rocky

4. 01-05-2011 21:33

love
မရိုးအီနိင်တဲ့လောကအမှန်တရားတွေ ပါ
Guest
htoo may khing

5. 20-04-2011 02:16

.
ရင်ထဲကိုထိ တဲ့အမှန်တရားတွေပါ။ ;)
Guest
Craton

Display 5 of 5 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ပြန်ရအောင်လေ
Friday, 16 April 2010 16:24

Rating 3.0/5 (28 votes)