Views : 1819  |
Favoured : 94 |
ဆေးလိပ်ဖြတ်သူများ

ဆေးလိပ်သောက်သူတွေကြားမှာ ငါဒီနေ့ဆေးလိပ်မသောက်သေးဘူးကွ ဆိုတဲ့စကားက ကြွားဝါစရာတစ်ခု ဖြစ်လိုဖြစ်၊ ဒီနေ့ငါ တစ်ဗူးကုန်သွားပြီဆိုတာကလည်း တကယ်ကိုရှိန်စရာ ကိစ္စတစ်ခုဖြစ်လိုဖြစ်၊ ဆေးလိပ်ဖြတ်ဖို့ကို အဆီခံလောက်တောင် မခိုင်မာတဲ့စိတ်ဓါတ်နဲ့ မကြာခဏကြွေးကြော်လိုက် မကြာခဏပဲ ကျရှုံးသွားလိုက် မီးခိုးငွေ့သံသရာလည်နေလိုက်ပုံ၊ ဟိုအဆိုတော် ဆေးလိပ်ဖြတ်မယ် အရက်လည်းဖြတ်မယ် ငါနင့်လဲဖြတ်ပစ်မယ် အော်နေချိန်မှာ ဒီလူတွေက ဆေးလိပ်ချမယ် အရက်လည်းချမယ် …. အင်း အဲဒါပါပဲ၊ မိုက်လုံးကြီးပုံက ဖွာလိုက်တဲ့မီးခိုး ရှိုက်လုံးကြီးတွေအတိုင်း ခံတွင်းချဉ်လို့ပါ၊ တခုခုလိုနေလို့ပါ၊ အကျင့်ပါနေလို့ပါ၊ ကမ္ဘာမြေထုထက် ကြီးကျယ်ခိုင်မာတဲ့ ဆင်ခြေတွေကို ပါးစပ်မှာတပ်ပြီး ဖွာရှိုက်ကြ၊ ဟိုတံဆိပ်ကမကောင်းဘူး၊ ဒီတံဆိပ်ကဘယ်လို၊ ငါက ဒါမျိုးမှသောက်တာ တစ်ဖွာလောက်ပေးစမ်းပါကွာ မနေနိုင်တော့လို့ လုပ်ပါ၊ ပီကေစားတဲ့သူနဲ့ လော်လီပေါ့ ငုံတဲ့သူနဲ့ ဘယ်သူဘယ်နှစ်လကြာလို့လဲ ၂၀၁၀ မှာဖြတ်ပြီး ၂၀၁၀မှာပဲ အော်လိုက်တယ် ဟေ့ဒီကို ရူဘီတစ်ပွဲ ..၊ နိုင်ငံခြားဆေးလိပ်ဘူးတွေမှာပါတဲ့ ပုံဆိုးပန်းပျက်တွေကလည်း ကိုယ်နဲ့ပဲမဆိုင်သလိုလို လူ့ဘ၀တိုတိုကို ဆေးလိပ်တိုတိုနဲ့ ဖြည်းဖြည်းလေး မှုတ်ထုတ် ဟူး…. စိတ်ထွက်ပေါက်ပါဗျာတဲ့ သေနေ့စေ့ရင် သေမယ့်အတူတူ သူများအပြောအဆိုကလဲ ခံရသေးသကို…၊ ၆တန်းနှစ်၊ အိမ်နောက်ဖေး၊ လန်ဒန်၊ မီးခြစ်၊ လူကြီးတွေမရှိ၊ ဖွာရှိုက်၊ မူးလဲ၊ အဲဒီကတည်းကစပြီး ခဏနားသွားတဲ့ မီးခိုးငွေ့ဇာတ်လမ်းက ၁၀ တန်းအရောက်မှာ နုတ်ခမ်းထောင့်တွဲလဲခိုတဲ့ အထာနဲ့ မျက်လုံးလေးမှေးလိုက်မယ် နုတ်ခမ်းကတခြမ်းထဲမဲ့ပြုံး တီဗွီထဲကကောင်နဲ့ ဘယ်သူပိုလန်းသလဲကြည့်လေ၊ အင်တာနက်မှာရှာကြည့် benefits of smoking ဆိုပြီးတော့ မရမကရှာရင်တွေ့လိမ့်မယ် it can reduce the stress တဲ့၊ ကျွန်တော်တို့က တံဆိပ်ရွေးတဲ့ ပိုးဖလံတွေဖြစ်တယ် မီးတောက်တိုင်း ၀င်တိုးတာမဟုတ်ဘူး၊ အရောင် အဆင်း အနံ့ အရသာ အထိအတွေ့ကအစ မိုက်သက်အရသိတယ်၊ ပြောရင်းဆိုရင်း ဂုဏ်ယူသလို လေသံကထွက်နေပြန်တော့မှ ကိုယ့်မိုက်တွင်းဘယ်လောက်နက်သလဲဆန်းစစ်ကြည့် ခပ်တိမ်တိမ်ဆိုရင် ပြာခွက်လုပ်မလားတောင်စဉ်းစားမိ၊ ဒူးယား သွားပြီ၊ လန်ဒန် သွားပြီ၊ ဗီးဂပ်စ် မှိန်မှိန်၊ ဗွီမထင်ရှား၊ ပရီမီယမ် မခိုင်မာ၊ အနီနဲ့အပြာေ၀၀ါး၊ ဒိုင်းမွန်းအာ ဖေါ်အဲဗား၊ ဘယ်လိုလဲ ရူဘီချစ်သား.. မီးခိုးဈေးကွက်ထိုးစစ်ကြားက ခပ်ပြုံးပြုံး ဓါးစာခံ သူကောင်းသားတို့မှာ ကွာလတီ နပ်မမှန်တာတောင် ရွေးချယ်စရာမရှိလို့ တစ်လိပ်ပစ်ချ နောက်တစ်လိပ် မီးညှိနေရတာ တကယ် ဟိုကောင် ချောင်ပိတ်ရိုက်ခံနေရသလို…၊ No Smoking ဆိုရင် တချို့က Anytime လို့ ထပ်ရေးတယ် ဒီလူတွေက No Smoking အနောက်မှာ Without Fire ပဲ၊ ဖြတ်သန်းမှုစရိုက်အရ သဘာဝကျချင်တဲ့အခါ ဖက်ကြမ်းလဲ ခဲသင့်ခဲခဲ့တယ်၊ ဆေးရွက်က တခါတလေခြောက်တယ်၊ တထောက်ထောက် လက်ညှိုးနဲ့တောက်လို့ ပုဆိုးကို မီးမပေါက်ဖူးရင် ဆေးလိပ်သမားမပီသသလိုလို..၊ ဘုန်းကြီးတစ္ဆေထက်လည်းဆိုးရဲ့ ကိုယ့်ကျိန်စာ ကိုယ်မိနေတဲ့ မတောက်တခေါက် မှော်ဆရာလို အနာသိလျက် ဆေးမရှိကြပုံများ ကိုယ့်ကိုကိုယ်ကလွဲလို့ ဘယ်သူကမှ သနားကြမယ်မထင်ပါဘူးလေ…။ ဂယက် |