ကျန်းမာတော်မူကြပါစခင်ဗျာလို့ ညရှစ်နာရီ သတင်း မကြေညာခင် နှုတ်ခွန်းဆက်သလို ငါကလည်း ငါ့ရဲ့ သုံးလတစ်ခါ အချိန်မှန် စာလေး မစခင် နှုတ်ဆက်လိုက်ပါရဲ့ ဧပရယ်လ်ရေ။ အဲဒီ နှုတ်ခွန်းဆက် စကားလေးက ကြားနေကြ ဖြစ်နေလို့သာ ဘာမှမဟုတ်သလို ဖြစ်နေတာဟ။ အရေးအကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ လောကွတ် စကားလေးမို့ အတော်လေး ချစ်ဖို့ကောင်းတဲ့ အလေ့အထလေးပါ။ ဒီနေ့ခေတ်လို လူတွေက ချူချာလိုက်၊ ကမ္ဘာကြီးက ချူချာလိုက် ဖြစ်နေချိန်နဲ့တော့ အံကိုက်ပဲလေ။ H1N1 ဝက်တုပ်ကွေးကြောင့် လူတွေ ချူချာလို့မှ မဆုံးသေးဘူး၊ သဘာဝဘေးဒဏ်တွေနဲ့ ကမ္ဘာကြီးက ချူချာ ပြလိုက်ပြန်ပါရောလား။ နားရှုပ်သွားလား ဧပရယ်လ်။ ငါပြောတဲ့ သဘာဝဘေးဒဏ်ဆိုတာ မကြာသေးခင်ကမှ အရှေ့တောင်အာရှဒေသကို နှိပ်စက်သွားတဲ့ မုန်တိုင်းတွေ၊ ငလျင်တွေကို ပြောချင်တာပါ။ ဖိလစ်ပိုင်မှာ တိုက်သွားတဲ့ Ketsana တိုင်ဖွန်း မုန်တိုင်းကြောင့် လေကြီးမိုးကြီးတွေကျ၊ ရေတွေက ပေ ၂၀ လောက်အထိတက်နဲ့ လူတွေ ဒုက္ခရောက် လိုက်ကြတာ။ ဒီမုန်တိုင်းကြောင့် ဖိလစ်ပိုင်မှာ လူ ၄၆၀ ကျော် သေပြီး လူသန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကြရတယ်တဲ့။ Ketsana က ဖိလစ်ပိုင်မှာတင် မရပ်ဘဲ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ကိုပါ ဝင်မွှေသွားတာ အဲဒီမှာလည်း အသေပျောက်တွေ ရှိခဲ့တာပေါ့ဟာ။ အင်ဒိုနီးရှားရဲ့ ဆူမတြားကျွန်းမှာလည်း ငလျင်လှုပ်လိုက်တာ လူ ၁၁၀၀ ကျော်သေပြီး မိသားစု ၂ သိန်းခွဲ အတိ ဒုက္ခရောက်ကြရပြန်တယ်။ ဒီသတင်းတွေကြားတော့ ငါတို့နိုင်ငံက နာဂစ်ဒုက္ခသည်တွေရော မူလအခြေအနေမှ ပြန်ရောက်ကြရဲ့လား၊ အကူအညီတွေ လုံလောက်ကြရဲ့လား၊ အစစ အရာရာ အဆင်ပြေကြရဲ့လား၊ သွေးအေးသွားလို့ တို့အစိုးရက ပစ်ထားလိုက်ပြီလား စတဲ့ “လား” ပေါင်းများစွာ ငါ့အတွေးထဲ ပေါ်လာတော့တာပါပဲဟာ။
ဟိုးတခါက နင် ငါ့ဆီ ရှားရှားပါးပါး ရေးဖူးတဲ့ စာထဲမှာ ရေးထားသလို “ငါ့ဆီ စာရေးရင် စိတ်ဆင်းရဲစရာတွေ သိပ်မရေးပါနဲ့ သံလွင်မောင်ရယ်” ဆိုတာလေး

သတိရမိတယ်။ အခုလည်း စိတ်ဆင်းရဲစရာတွေနဲ့ ငါ့စာကို စရေးထားလို့ နင် စိတ်ပျက်နေပြီလား။ ကဲ မိဧပရယ်လ်ရေ စိတ်ချမ်းသာစရာတွေ ပြောင်းပြောပါ့မယ်။ မြန်မာတွေ ချမ်းသာနေတဲ့ အကြောင်းလေ။ ငါကတော့ ငါတို့လူမျိုးတွေ ဆင်းရဲရှာတယ်ဆိုပြီး သနားနေတာ - ချမ်းသာတဲ့လူတွေကြတော့လည်း ထားစရာတောင် မရှိဘူးထင်ပါရဲ့ဟာ။ မြန်မာပြည်က MNL ဘောလုံးပွဲတွေမှာ ရန်ကုန်မြို့ခံအသင်းက တစ်ဂိုးသွင်းရင် ဆုတော်ငွေ သိန်းတစ်ရာဆိုပဲဟ။ နိုင်ငံခြားက လာကစားတဲ့ ကစားသမား ပြည်တော်ပြန်တော့လည်း မုန့်ဖိုး ဒေါ်လာ သောင်းနဲ့ချီပေးလိုက်မယ်တဲ့။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ သိန်း ငါးထောင်ရင်းနှီးမြှုပ်နှံထားတဲ့ အသင်းကို ဝေဖန်ခံရလို့ အခြားလုပ်နိုင်တဲ့လူကို အလကား ပေးလိုက်နိုင်တဲ့ လူကလည်း ရှိသေးတယ်။ ဘောပွဲကြွလာ မိတ်သဟာတွေကိုလည်း သယ်ယူပို့ဆောင်ရေးတင်မက အကျွေးအမွေးနဲ့ ဧည့်ခံ၊ လက်ဆောင်ပစ္စည်းတွေ ပေးနဲ့ တယ်လည်း ချမ်းသာကြတာပဲဟ။ အေး ... အဲဒီလို ငွေကို ရေလိုသုံးနေလို့ အဆင်ပြေလားဆိုတော့လည်း မပြေပြန်ဘူး။ ဘောပွဲအပြီး ရိုက်ကြ၊ နှက်ကြ၊ ထုကြ၊ ပေါက်ကြနဲ့လေ။ ကြားလိုက်ရဲ့မဟုတ်လား။ ဘယ်မှာလဲ အားကစား စိတ်ဓာတ်လို့ပဲ မေးလိုက်ချင်တော့တယ်ဟာ။ တခါတလေတော့လည်း အဲဒီလို ခေတ်ပျက်သူဌေးတွေလို တစ်သင်းနဲ့ တစ်သင်း ဂုဏ်တု ဂုဏ်ပြိုင် ဖြုန်းပြနေမယ့်အစား လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းကြရင် ဘယ်လောက်ကောင်းမလဲလို့ တွေးနေမိတယ် ဧပရယ်လ်ရေ။ သံလွင်မောင်လေး သနားစရာဆိုပြီး ငါ့ကို လာလှူရင်တော့ နင့်ဖို့ ခုံဖိနပ်လှလှလေး တစ်ရံပို့ လိုက်မယ်နော် ဟဲ...ဟဲ။
ဖိနပ်ဆိုမှ ငါတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး မောင်ဥာဏ်ဝင်းတစ်ယောက် မရောက်စဖူး နယူးယောက်မြို့ ရောက်နေတုန်း ဖိနပ်စာ ဝိုင်းကျွေးတာ ခံလိုက်ရတာ ကြားမိသေးလား။ နယူးယောက်မှာ ကုလသမဂ္ဂ ညီလာခံတက်ဖို့ ဟိုတယ်က အထွက်မှာ သူစီးလာတဲ့ ကားကို အပြင်မှာ ဆန္ဒပြနေတဲ့ မြန်မာတွေထဲက တစ်ယောက်က ဖိနပ်နဲ့ ပေါက်လိုက်တာတဲ့ဟ။ မောင်ဥာဏ်ဝင်းက နုံတာကို။ သူ့ဆရာ ဝန်ကြီးချုပ်ကတော့ လည်တယ်။ ဟဲ...ဟဲ ဟိုတယ်ရှေ့မှာ ဆန္ဒပြနေတယ်လည်းဆိုရော ဟိုတယ် နောက်ဖေးပေါက်ကနေ တချိုးတည်းလစ်ပြေးပါရောလား။ ကဲ မပိုင်ဘူးလား။ အဲဒီ အမေရိကန်ပြန် ဆရာတပည့်ကို အမေရိကန်က သံတမန်တွေက ဟိုတလောက လာတွေ့သွားသေးတယ်နော်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်ရလိုက်ကြသေးတယ်။ အဲဒီ သတင်းဗီဒီယိုလေးကို အင်တာနက်မှာ ကြည့်လိုက်ရသေးတယ်။ အမေရိကန် လ/ထ နိုင်ငံခြားရေးဝန်ကြီးက ဘဘဝန်ကြီးချုပ်ကို သွားတွေ့တဲ့အခါ ဆရာကြီးနိုင်ငံက အဆင့်မြင့် သံတမန်ဆိုတဲ့ ဂိုက်ဆိုက်နဲ့ မရယ်မပြုံးကြီးလေ။ အန်တီစုကို သွားတွေ့တဲ့ကျတော့ စာမရတဲ့ကျောင်းသား ဆရာမ အနားရပ်နေသလို ခပ်ရို့ရို့ရယ်။ ဒေါ်စု ကားပေါ်ပြန်တက်တော့ မောင်မင်းကြီးသားက လက်အုပ်လေးတောင် ချီလိုက်သေးတာ။ ကွာတာတွေပေါ့ဟာ။ ဒါတောင် ဒေါ်စုက ဘာမှလုပ်ခွင့်မရဘဲ အကျယ်ချုပ်နဲ့နေနေရတာ နောက်ဆုံး နှစ် ၂၀ အတွင်းမှာ ၁၄ နှစ်ရှိတယ်တဲ့။ နင်လည်း သိတဲ့အတိုင်းပဲ။ မဆီမဆိုင် ယက်တော ရေကူးပြီးဝင်လာတာကို ဝင်လာတဲ့ နိုင်ငံခြားသားကိုတော့ လူသားချင်းစာနာလို့ဆိုပြီး လွှတ်ပေးလိုက်တယ်။ မဝင်လာနဲ့လို့ တားလို့မရတဲ့ အိမ်ရှင်ဒေါ်စုကျတော့ ထောင်ဒဏ် ၃ နှစ်တဲ့။ အိမ်ကိုသူခိုးဝင်ခိုးတာ သူခိုးကို လွှတ်ပေးပြီး အိမ်ရှင်ကိုဖမ်းတယ် ဆိုတာမျိုး ဖြစ်မနေပေဘူးလား။ ဒီကြားထဲ မေတ္တာရှင် သူတော်ကောင်းကြီးတွေက ထောင်ဒဏ်တော့မလုပ်ပါနဲ့တဲ့။ ပထမ ၁၈ လကို နေအိမ်အကျယ်ချုပ်ပဲ ပြန်ထားပါတဲ့။

ကျန်တဲ့ ၁၈ လကို လိမ္မာရင်လျော့ပေးမယ် လာလုပ်နေသေးတယ်။ ဒီလိုလျော့ပေးတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုက အာဃာတ မရှိစေရေးဆိုပဲ။ သူတို့ခံရတဲ့ အလှည့်ကျ နာမှာစိုးလို့ ငယ်ငယ်တုန်းကလို “စိတ်မဆိုးကြေးနော်” လို့ ပြောနေသလိုပါပဲ။ ငါတော့ တော်တော်တရားကျမိတယ် ဧပရယ်လ်ရေ။
ဟဲ့ ဧပရယ်လ် - နင်တို့ မိန်းကလေးတွေ Shopping ထွက်ရင် ငွေတွေသယ်ရလွန်းလို့ ပိုက်ဆံအိတ်အကြီးကြီးတွေ လွယ်ရတဲ့ ဒုက္ခကလွတ်အောင် နိုင်ငံတော်က စေတနာရှေ့ထားပြီး ၅၀၀၀ တန်တွေ ထုတ်ဝေနေပြီဆို။ ခြင်္သေ့ရုပ်တွေပြီးတော့ အခု ဆင်ရုပ်ကြီးနဲ့ လုပ်ချလိုက်ပြန်ပြီပေါ့လေ။ သဘောကတော့ ငါတို့နိုင်ငံမှာ ခေါင်းဆောင်တွေ၊ သူရဲကောင်းတွေထက် တိရစ္ဆာန်တွေက ပိုပြီးနေရာရနေတဲ့ သဘောပေါ့ဟာ။ ဟိုတလောကတော့ အင်တာနက်မှာ ဟာသလေးဖတ်လိုက်ရသေးတယ်။ ၁၀၀၀ တန်ကို ခြင်္သေ့ရုပ်၊ ၅၀၀၀ တန်ကို ဆင်ရုပ်၊ ပြီးရင် ၁၀၀၀၀ တန်ကို မျောက်ရုပ်၊ ၅၀၀၀၀ တန်ကို ဂေါ်ဇီလာရုပ်နဲ့ ထုတ်မယ်တဲ့လေ။ ဟဲ...ဟဲ... တိရစ္ဆာန်ရုပ်တွေနဲ့ ထုတ်နေမယ့်အစား “လူယုတ်” တွေနဲ့ ထုတ်ရင်ဘယ်လိုနေမလဲ မြင်ယောင်ကြည့်စမ်းပါ။ ၁၀၀၀၀ တန်က လူယုတ်က ဆံပင်ကြီး နောက်လှန်ပြီး မျက်မှန်ကြီးနဲ့၊ ၅၀၀၀၀ တန်က လူယုတ်ကတော့ ထိပ်ကြီးပြောင်လို့။
ဧပရယ်လ်ရေ - ငါအခုလို ဟာသတွေ ပြောတတ်အောင်၊ အရာရာကို ပေါ့ပေါ့ပါးပါး သက်သက်သာသာ တွေးဖြစ်အောင် လမ်းပြပေးခဲ့တဲ့ သင်ဆရာ ကတော့ ကွယ်လွန်သွားရှာပြီဟာ။ မကြည်ပြာရဲ့ ရဲဝင်း သို့မဟုတ် နှလုံးသားထဲ ကြွက်ဝင်သွားတဲ့ နီကိုရဲပေါ့။ အနုပညာသမားတစ်ယောက်ဟာ သူ့ရဲ့ နာမည်၊ သူ့ရဲ့ အနုပညာကို သေအောင် အသတ်ခံလိုက်ရတဲ့အခါ ဒီလိုပဲ လောကကြီးထဲကနေပါ နှုတ်ဆက်ထွက်ခွာ သွားတတ်သလား မသိဘူးဟာ။ သူ အရက်ဖြတ်ဖို့ ဆေးရုံပေါ်မှာ ရှိစဉ်က ရေးခဲ့တဲ့
“ကျွန်တော်နှင့် ဘတ်တာဖလိုင်းဆရာမ” ဆိုတဲ့ ၀တ္ထုတိုကို ဖတ်မိတော့ ငါနဲ့ ကျူရှင်က သူငယ်ချင်းတစ်စု ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့နေ့က အရက်သောက်ဖြစ်ခဲ့တာကိုလည်း ပြန်ပြောင်း သတိရမိသလို အကြွေစောတဲ့ ကြယ်တစ်ပွင့်အတွက် စိတ်မကောင်း ဖြစ်ရတယ်။ နောက်ပြီး သူ့ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး အခွင့်ကောင်းယူ ပညာပြခဲ့တဲ့ ထုတ်ဝေသူဆိုတဲ့ သူကိုလည်း ကျိန်ဆဲမိသေးရဲ့။ ဘ၀ဆက်တိုင်း အလွဲတွေနဲ့ လွဲပါစေလို့ ကိုရဲအတွက် ဆုတောင်းပေးလိုက်ချင်ပါရဲ့ မိဧပရယ်လ်။
နင့်ဆီ စာမရေးဖြစ်တဲ့ သုံးလအတွင်းမှာ ထူးခြားတဲ့ သတင်းတစ်ပုဒ်လည်း ရှိသေးတယ်။ အဲဒါကတော့ သမ္မတသက်တမ်း ကိုးလပဲရှိသေးပြီး လုပ်ပေးမယ်ပြောထားတဲ့ စီမံကိန်းတော်တော်များများဟာ အကောင်အထည်ပေါ်တဲ့ အဆင့်ကို မရောက်နိုင်သေးတဲ့ အမေရိကန် သမ္မတ အိုဘားမားကို ကမ္ဘာမှာ ဂုဏ်သိက္ခာအကြီးဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်လိုက်ခြင်းပါပဲ။ နင်သိတဲ့အတိုင်း ငါလည်း အိုဘားမားကို ထောက်ခံသူ တစ်ယောက်ပါပဲ။ ဒါပေမယ့် ငါကတော့ စောသေးတယ် ထင်မိတယ်။ ဘာလို့လဲဆိုတော့ မင်ဒဲလား၊ ကင်ဒေးဂျုံး၊၊ ဒလိုင်းလားမား၊ ဒေါ်အောင်ဆန်းစုကြည် ဒီလူတွေအားလုံးဟာ ဘဝနဲ့ရင်းပြီး အများအကျိုးအတွက် လုပ်ခဲ့ပြီးမှ ဒီဆုကို ချီးမြှင့်ခံခဲ့ရတာလေ။ အိုဘားမားကတော့ နှစ်ရှည်လများ အဆင်မပြေခဲ့တာတွေကို ပြေလည်အောင် ကြိုးစားနေဆဲ မဟုတ်လား။ ဒီဆုရဲ့ ဂုဏ်ရှိန်ကြောင့် သူ့ လုပ်ငန်းတွေ ဖိအားဝင်သွားမလားလည်း တွေးမိသေးတယ်။ ကမ္ဘာမှာတော့ နိုဘယ်လ်ဆု ဈေးကျသွားပြီဆိုပြီး ဝေဖန်နေကြလေရဲ့။ တကယ်သာ ဈေးကျသွားရင်တော့ တို့ဘဘဗိုလ်ချုပ်ကြီးတွေကိုလည်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးဖို့ အကြံပြုချင်တယ်ဟ။ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးချင်တာကတော့ ၈၈ အရေးအခင်း၊ ဒီပဲယင်းလူသတ်ပွဲ၊ ရွှေဝါရောင်တော်လှန်ရေးတွေမှာ လက်သံပြောင်ခဲ့တာတွေကြောင့်ပါ။ မလုံလောက်သေးဘူး တွေးနေသေးလား မိဧပရယ်လ် ... ဟဲ...ဟဲ... လောလော လတ်လတ်ပဲ “ဝ” လူမျိုးတွေကို လက်နက်စက်ရုံနဲ့ မူးယစ်ဆေး အကြောင်းပြုပြီး ထိုးစစ်ဆင်ထားတာလေး ထည့်လိုက်မယ်လေ။ ရလောက်ရောပေါ့။
သူငယ်ချင်းရေ - စာမရေးတာကြာလို့ ရေးလိုက်ရင်လည်း အဆုံးကို သတ်လို့မရဘူး ဖြစ်ဖြစ်နေတယ်ဟ။ စာက သိပ်ရှည်သွားပြန်ရင်လည်း အစုံသုတ်စားနေရသလို ဘာဖတ်လိုက်ရမှန်း မသိလိုက်မှာစိုးလို့ နင် ငါ့ကို အလွမ်းပြေရုံလောက်ပဲ ရေးလိုက်တယ်။ ဟဲ...ဟဲ..။ ငါလည်း နင်နဲ့ မတွေ့ရတာကြာလို့ ရန်ကုန်ကို ပြန်လာခဲ့ဦးမယ်ဟာ။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ပြန်လာပြီး မဲထည့်ရကောင်းမလား၊ ရွေးကောက်ပွဲပြီးလို့ ဒီမိုကရေစီ အစိုးရ အုပ်ချုပ်နေမှ ပြန်လာရင်ကောင်းမလား တွေးနေတာ။ အဓိကကတော့ ငါတို့အားလုံး တောင့်တနေတဲ့ ရွှေပြည်တော်ကြီး မျှော်တိုင်းမဝေးဖို့ပဲ မဟုတ်လား ဧပရယ်လ်ရေ။