
ကျွန်တော့်ကို ပြန်ကြည့်ချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားတွေ ဇာတ်လမ်းတွေထဲက တချို့ကို ယခင် ထုတ်ဝေပြီး သံလွင်အိပ်မက် စာစောင်များမှာ ဖော်ပြခဲ့ပါတယ်။ ပထမဆုံးအနေနဲ့
ဟိုတယ်ရ၀မ်ဒါ၊ ဒုတိယကားက
Freedom Writers ပါ။ တတိယမြောက်ကား ဖြစ်တဲ့
Goodbye Bafana ကိုတော့ ကိုငယ်(မန္တလေး)က ရေးပေးခဲ့ပါတယ်။ အခု စတုတ္ထမြောက် ဇာတ်ကားကိုတော့ ယခင် ရေးဖူးသလိုမျိုး ရုပ်ရှင်ဇာတ်လမ်း မဟုတ်ဘဲ Documentary တစ်ခုအကြောင်း ရေးမှာပါ။ Documentary အတော်များများဟာ ငြီးငွေ့စရာ ကောင်းပေမယ့် Burma VJ ကတော့ ကိုယ့်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် အကြောင်းခြင်းရာတွေကို ရိုက်ထားတာမို့ စိတ်ဝင်စားစရာ အပြည့်နဲ့ ကြည့်ခဲ့ရတာပါ။ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလက လက်တွေ့ဖြစ်ရပ်တွေကို အဲဒီအချိန်က ပြည်တွင်းမှာ ရှိနေခဲ့တဲ့ VJ (Video Journalist) တွေက ပေါ့ပေါ့ပါးပါး သယ်ရလွယ်တဲ့ ဗီဒီယို ကင်မရာလေးတွေနဲ့ သက်စွန့်ဆံဖျား ရိုက်ကူးခဲ့ပါတယ်။ ဒီလို ရိုက်ကူးခဲ့တာတွေကို Documentary အဖြစ် ပြန်လည် တည်းဖြတ် တင်ဆက် ရိုက်ကူးထားတာမို့ ဒါဟာ နောင်မှာ မြန်မာ့သမိုင်းရဲ့ အထင်ကရ မှတ်တမ်းတစ်ခု ဖြစ်လာမှာ မလွဲပါဘူး။ ၁၉၈၈ က ပေါ်ပေါက်ခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကာလတုန်းက ဒီလိုမျိုး Documentary အဖြစ် မှတ်တမ်း မတင်လိုက်နိုင်ပေမယ့် အခု ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလအတွက်တော့ ပြည်တွင်းမှာ သိုသိုသိပ်သိပ် လှုပ်ရှားနေခဲ့ရတဲ့ VJ တစ်စုရဲ့ ရဲဝံ့တဲ့ လုပ်ဆောင်မှုကြောင့် အခုလို မှတ်တမ်းတင်လိုက်နိုင်တာပါ။ ကမ္ဘာပြုခြင်း ဖြစ်စဉ် အပြောင်းအလဲအောက်မှာ မြန်မာနိုင်ငံကို ဘယ်လိုပဲ အထီးကျန်ဆန်အောင် တံခါးပိတ်ထားပါတယ် ပြောပြော Burma VJ က ကမ္ဘာသိအောင် ဖွင့်ချပြနိုင်ခဲ့ပါပြီ။
Burma VJ (Reporting from a closed country) ကို ဒါရိုက်တာ Anders Ostergaard ဆိုသူက ရိုက်ကူးထားပါတယ်။ ၂၀၀၉ ခုနှစ် မေလ ၂၀ ရက်နေ့မှာ စတင်ပြသခဲ့ပြီး ပြသချိန် ၈၄ မိနစ်ကြာမြင့်ပါတယ်။ Sundance ရုပ်ရှင်ပွဲတော်မှာ World Cinema Documentary Film Editing Award ၊ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ Golden Gate Persistence of Vision Award အစရှိတဲ့ ဆုတံဆိပ်တွေ အပြင် အခြား ဆုတံဆိပ်ပေါင်း များစွာကို ရရှိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် News of the world ရဲ့ အင်တာနက် စာမျက်နှာမှာတော့ “တစ်နှစ်တာ အတွင်း အရဲရင့်ဆုံး ဇာတ်ကား” လို့ ဖော်ပြထားခဲ့ပြီး အခြားသော သတင်းစာကြီးတွေကလည်း ခုလို ရိုက်ကူး တင်ဆက်နိုင်ခဲ့တာကို ချီးကျူးခဲ့ကြပါတယ်။
ဒီ Documentary ကို အသက် ၂၇ နှစ်အရွယ် Joshua လို့ အမည်ရတဲ့ မြန်မာလူငယ်လေး တစ်ဦးက VJ တစ်ဦးအနေနဲ့ သူကိုယ်တိုင် ခံစား တွေ့ကြုံခဲ့ရတာတွေကို နောက်ကြောင်းပြန်ပြီး ပြောပြနေသလိုမျိုး တင်ဆက်ထားတာပါ။ သူဟာ ၈ လေးလုံး အရေးတော်ပုံကာလတုန်းက ကလေးသာသာပဲ ရှိသေးတာပါလို့ ဆိုပြီး ၁၉၉၈ အရေးအခင်းကာလက ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်း တချို့နဲ့ အစပြုလို့ မြန်မာနိုင်ငံကို မိတ်ဆက်ထားပါတယ်။ အဲဒီကာလမှာတုန်းက အပြစ်မဲ့တဲ့ ပြည်သူ ၃၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။ အဲဒီနောက် ၂၀၀၇ ကာလကို ရောက်တဲ့အခါမှာတော့

ကမ္ဘာကြီးက မြန်မာနိုင်ငံကိုတောင် မေ့လုလု ဖြစ်နေပါပြီလို့ သူက ဆိုပါတယ်။ သူနဲ့ အပေါင်းအပါ VJ တွေဟာ နော်ဝေအခြေစိုက် ဒီဗွီဘီသတင်းဌာနအတွက် နေ့ခင်းဖက်တွေမှာ သိုသိုသိပ်သိပ်နဲ့ ဗီဒီယိုမှတ်တမ်းတွေကို မြို့တော်ရန်ကုန်မှာ ရိုက်ကူးရင်း ဘယ်တော့များ အဖမ်းခံရမလဲဆိုတာ တွေးတော ပူပန်ခဲ့ရတာပါ။ Joshua ဟာ သူ့ထက် အသက်ကြီးပြီး ထောင်ထဲမှာ ၁၂ နှစ်လောက် နေခဲ့ဖူးတဲ့ ကိုမောင်ဆီကိုလည်း သွားလေ့ ရှိပါတယ်။ သူတို့တတွေဟာ ပြည်တွင်းမှာ နေရင်း ဗီဒီယိုတွေ ရိုက်နေကြပေမယ့် မြန်မာပြည်ကတော့ ဘာမှလဲ ပြောင်းလဲ မလာခဲ့ပါဘူးလို့ သူက ကိုမောင့်ကို ရင်ဖွင့်ပါတယ်။ အဲဒီမှာ ကိုမောင်က စိတ်ရှည်ဖို့ လောဘမကြီးဖို့ ဆုံးမခဲ့သလို ဖြစ်ပြီးရင် ပျက်ရမယ်လို့ ဘုရားဟော ရှိသားပဲ။ နအဖကရော ဘာမို့လဲလို့ ပြန်လည် မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီလိုနဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ အစိုးရက ဓာတ်ဆီဈေးတွေကို ကြိုတင်မကြေညာဘဲ ရုတ်တရက် ဈေး ၂ ဆ တိုးမြှင့်ခဲ့တဲ့အတွက် အိပ်မောကျလုနီးနီး ဖြစ်နေခဲ့တဲ့ မြန်မာ့နိုင်ငံရေးဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့အတူ ပြန်လည် လူးလွန့်နိုးထလို့ လာခဲ့ပါတယ်။ သိမ်ကြီးဈေးနားမှာ “ပြည်သူတွေ ဒုက္ခရောက်နေတယ်” လို့ အော်ဟစ်ဆန္ဒပြနေသူကို သူ့ရဲ့ ရှေ့မှာတင်ပဲ အရပ်ဝတ်ထောက်လှမ်းရေးတွေက ဖမ်းဆီးသွားခဲ့ကြပါတယ်။ အဲဒါကို အနီးကပ် လိုက်ရင်း ဗီဒီယိုခိုးရိုက်နေစဉ်မှာပဲ ဖမ်းဆီးသွားတဲ့ ကားပေါ်ကနေ “ဟိုမှာ ကင်မရာနဲ့ လူတစ်ယောက်” လို့ အော်လိုက်တဲ့အချိန်မှာ သူ အဖမ်းခံလိုက်ရပါတော့တယ်။ သူ့ကို ကင်မရာဘယ်ကနေရပြီး ဘာလုပ်ဖို့ ခုလို ရိုက်တာလဲလို့ မေးတော့ သူငယ်ချင်းတစ်ယောက်ဆီက ဌားလာတာ ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာကို တိုက်တိုက်ဆိုင်ဆိုင် ရောက်သွားခဲ့တာ ဖြစ်ကြောင်း ရှင်းပြခဲ့ ပါတယ်။ အဆုံးမှာ သူ့ကို ပြန်လွှတ်ပေးလိုက်ပြီး ကင်မရာ ကိုတော့ သိမ်းလိုက်ပါတယ်။ ဒါပေမယ့် အဲဒီ အဖြစ်အပျက်ကို သူနဲ့အတူ အခင်းဖြစ်ရာကို သွားခဲ့တဲ့ အပေါင်းအပါ တစ်ဦးက မှတ်တမ်းတင် ရိုက်ကူးလိုက်နိုင်ပါတယ်။ Joshua ဟာ သူ့ရဲ့ ဗဟိုဌာနကို ဖြစ်ပျက်ခဲ့တဲ့ အကြောင်းစုံကို သတင်းပို့တော့ ဌာနက သူ့ကို လုံခြုံရေးအရ ထိုင်းနယ်စပ်ကနေ တဆင့် ထွက်လာခဲ့ဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူ ပြန်မသွားခဲ့ပါဘူး။ ဒီလိုမျိုး ဖြစ်ရပ်တွေကို မှတ်တမ်းတင်ခွင့်ရဖို့ အချိန်အခါကို သူက စောင့်မျှော်နေခဲ့တာလေ။
သြဂုတ်လ ၂၈ ရက်နေ့မှာတော့ မစုစုနွေးနဲ့ အပေါင်းအပါတွေ ဆန္ဒပြနေစဉ်မှာ ကြံ့ဖွံ့တွေ ရောက်လာပြီး ကားပေါ်ကို အတင်းအဓမ္မဆွဲတင်ပြီး ဖမ်းဆီးသွားတာကို ဗီဒီယိုမှတ်တမ်း တင်လိုက်နိုင်ပါတယ်။ Joshua တို့တတွေဟာ ပြန်ရောက်တာနဲ့ ဗီဒီယိုကို တည်းဖြတ်ပြီး နော်ဝေနိုင်ငံ အော်စလိုကို ပို့လိုက်ပါတယ်။ နာရီအနည်းငယ်အကြာမှာတော့ အဲဒီ ဗီဒီယိုမှတ်တမ်းကို ဘီဘီစီနဲ့ စီအန်အန်စတဲ့ သတင်းဌာနကြီးတွေကနေ ထုတ်လွှင့်နေတာကို သူတို့ တွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်တော့ စက်တင်ဘာ အစောပိုင်းမှာ Joshua ဟာ ထိုင်းနိုင်ငံ ချင်းမိုင်ကို ထွက်လာခဲ့ပြီး ရန်ကုန်မှာ ကျန်ရှိနေခဲ့တဲ့ သတင်းထောက်တွေကို ဆက်သွယ်ရင်း အခြေအနေကို စောင့်ကြည့်ခဲ့ ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ကနေ စပြီးတော့ ဆန္ဒပြသပိတ်မှောက်တဲ့ သံဃာတွေနဲ့အတူ သူတို့ရဲ့ သတင်းထောက်လည်း တပါတည်း လိုက်ပါရင်း အတူလျှောက်နေခဲ့ပါပြီ။ ပြည်တွင်းမှာ ရှိနေတဲ့ သတင်းထောက်တွေကလည်း အဖြစ်အပျက်တွေကို တက်တက်ကြွကြွ မှတ်တမ်းတင် ရိုက်ကူးနေခဲ့ပါတယ်။ ကမ္ဘာ့သတင်းဌာနကြီးတွေကလည်း သူတို့တွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို ဒီဗွီဘီကနေ တဆင့် ထုတ်လွှင့်ပေးနေခဲ့ပါတယ်။
ဒီလိုနဲ့ ဆန္ဒပြပွဲဟာ တစထက် တစ ကြီးမားလာခဲ့ပြီး မေတ္တာပို့ရင်း လမ်းလျှောက်နေတဲ့ သံဃာတွေနဲ့အတူ ပြည်သူအချို့ပါ ပါဝင်လာခဲ့ပါတယ်။ လမ်းဝေး၀ဲယာမှာ အားပေးနေတဲ့ ပြည်သူတွေ၊ ကြွေးကြော်သံတွေ ၀ိုင်းအော်နေတဲ့ ပြည်သူတွေ၊ တိုက်တွေပေါ်ကနေ လက်သီးလက်မောင်းတန်းရင်း ထောက်ခံနေကြသူရဲ့ မျက်လုံးတွေမှာ မျှော်လင့်ချက်တွေ အရောင် တဖျတ်ဖျတ် လက်ခဲ့ပြီလေ။ အဲဒီ မျက်လုံး၊ အဲဒီ အပြုံး၊ အဲဒီ ပုံရိပ်တွေကို အတိအကျ မှတ်တမ်းတင်ခဲ့နိုင်တဲ့ VJ တွေကို လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ နေအိမ်ရှိရာကို ချီတက်လာတဲ့ သံဃာတွေကို သူမရဲ့ ခြံထဲကနေ လှမ်းပြီး လက်အုပ်ချီ ရှိခိုးနေတဲ့ ဓာတ်ပုံကို ကမ္ဘာ့သတင်းဌာနတွေမှာ ဖော်ပြခဲ့ပါတယ်။ Joshua ကတော့ အဲဒီ သတင်းဓာတ်ပုံကို ကြည့်ပြီး ကွန်ပျူတာရှေ့မှာ မျက်ရည်ကျခဲ့ပါတယ်လို့ သူက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
အဲဒီနောက်မှာ စက်တင်ဘာ ၂၅ ရက်နေ့ ညမှာတော့ လမ်းပေါ်မှာ လူ ၅ ဦးထက် ပိုမစုရဆိုတဲ့ ကြေညာချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတော့တယ်။ နောက်တစ်နေ့မှာလဲ ဆန္ဒပြမယ့်သူတွေဟာ လမ်းပေါ်ကို ကြောက်လန့်ခြင်း မရှိဘဲ တဖြည်းဖြည်း စုဝေးရောက်ရှိလာပြီး ယခင်နေ့တွေကလိုပဲ ဆန္ဒပြခဲ့ကြပါတယ်။ ရွှေတိဂုံက အဆင်းမှာ သံဃာတွေကို လိုက်ဆွဲ လိုက်ရိုက်နေတဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း စိတ်မချမ်းသာဖွယ်ရာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ကြေညာခဲ့ပြီး ည ၉ နာရီကနေ မနက် ၅ နာရီအထိ မထွက်ရတော့ပါဘူး။ ငွေကြာယံ ဘုန်းကြီးကျောင်းမှာ ၀င်ရောက်ရိုက်နှက်ဖမ်းဆီးသွားပြီးတဲ့ နောက်တစ်နေ့မှာပဲ သံဃာ ၂၂၅ ပါးခန့် ရှိတဲ့အနက် အဲဒီညက လွှတ်မြောက်သွားခဲ့တဲ့ သံဃာအချို့ကို မေးမြန်းထားတဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း VJ တစ်ဦးဖြစ်တဲ့ ကျော်ကျော်က ရိုက်ကူးလိုက်နိုင်ခဲ့ပါတယ်။ အဲဒီလို ရိုက်ကူးအပြီး ထိုဘုန်းကြီးကျောင်းက အပြန်လမ်းမှာပဲ လက်ကျန်ကိုယ်တော်တွေကို ဖမ်းဆီးဖို့ နောက်ထပ်တစ်ကြိမ် ပြန်လာတဲ့ စစ်သားတွေနဲ့ စွမ်းအားရှင်တွေကို တွေ့လိုက်ရပြီး သူလည်း သုတ်ခြေတင် ပြေးခဲ့ရပါတယ်။ သူတို့ အင်တာဗျူးလုပ်ခဲ့တဲ့ သံဃာ ၅၀ လောက်ကိုလည်း နောက်ထပ် မတွေ့ရတော့ပါဘူး။ ဘယ်ရောက်သွားမှန်းလည်း မသိတော့ပါဘူးလို့ ဆိုပါတယ်။
စက်တင်ဘာ ၂၇ ရက် အရောက်မှာတော့ ဆူးလေဘုရားလမ်းပေါ်မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြီးနဲ့ လူစုခွဲဖို့ လော်စပီကာနဲ့ အော်နေတဲ့ အသံတွေကို

မှတ်တမ်းတင်ထားပါတယ်။ မေတ္တာပို့ ရွတ်ဆိုနေတဲ့ လူအုပ် အနားကို စစ်ကားတွေ ရောက်လာပါတယ်။ ပြီးတော့ သေနတ်မောင်းတွေ တင်ပြီး ချိန်နေတဲ့ မြင်ကွင်းကတော့ အတော့်ကို ရင်နာဖို့ ကောင်းပါတယ်။ အဲဒီနောက်မှာတော့ သတိပေးပြီး မိုးပေါ်ထောင်ပစ်တာ မဟုတ်တော့ဘဲ လူအုပ်ထဲကို ချိန်ပစ်နေကြတာကို တွေ့ရပါတယ်။ ဂျပန်နိုင်ငံသား သတင်းထောက် တစ်ဦးကို သေနတ်နဲ့ အနီးကပ်ချိန်ပြီး ပစ်လိုက်တဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း ရှုထောင့် ၂ ခုကနေ ရလိုက်ကြပါတယ်။ တာမွေဘက်မှာ သေနတ်နဲ့ ပစ်လို့ ဖရိုဖရဲ ထွက်ပြေးနေကြသူတွေကိုလည်း ရိုက်ကူးနိုင်ခဲ့ကြပါတယ်။ လူက သစ်ပင် အကွယ်မှာ ပုန်းနေရပြီး ကင်မရာကို မြှောက်လို့ ရိုက်ထားတဲ့ မြင်ကွင်းနဲ့အတူ ဗျောက်အိုးတွေ အတွဲလိုက် ဖောက်နေတဲ့ အလား သေနတ်သံ တဒိုင်းဒိုင်းကိုလည်း ကြားရပါတယ်။
စက်တင်ဘာလကုန်ရက်တွေမှာတော့ သံဃာတွေ တဖြည်းဖြည်းလျော့ပါးသွားခဲ့ပြီး ဆန္ဒပြနေတဲ့ ကျောင်းသားတွေ ပြည်သူတွေကို ပိုတွေ့လာရပါတယ်။ နောက်ပိုင်းမှာတော့ ရက်ရက်စက်စက် ဖိနှိပ်မှုတွေနဲ့ အတူ ရွှေဝါရောင်တော်လှန်ရေးဟာ အဆုံးသတ်သွားခဲ့ပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာတော့ ချောင်းထဲမှာ မျောနေတဲ့ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ သံဃာ အလောင်းတစ်လောင်းကို ရိုက်ကူးနိုင်ခဲ့ပြန်ပါတယ်။
ပြည်တွင်းကနေ ဗီဒီယိုတွေ ဓာတ်ပုံတွေကို ပြည်ပကို ရောက်အောင် ပေးပို့နေတဲ့သူတွေ အများစုဟာ ဒီဗွီဘီက သတင်းထောက်တွေဆိုတာ အာဏာပိုင်တွေက သိသွားခဲ့ပြီး ထိုသတင်းထောက်တွေကို ပစ်မှတ်ထား ဖမ်းဆီးနိုင်ဖို့ အထိ ကြိုးပမ်းလာကြပါတယ်။ VJ တွေဟာ ပုန်းရှောင်တဲ့သူ ပုန်း၊ နယ်ဘက် ဆင်းတဲ့သူဆင်းနဲ့ အာဏာပိုင်တွေရဲ့ ရန်ကို ရှောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဲဒီကာလမှာပဲ ကိုမောင်ဆိုတဲ့ ၈လေးလုံး ကျောင်းသားဟောင်းကို ဖမ်းမိသွားခဲ့ကြပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် ဒီဇင်ဘာမှာ သူတို့ရဲ့ ရန်ကုန် အခြေစိုက်ရုံးခန်းကိုလည်း တွေ့ရှိသွားခဲ့ပါတယ်။ အဲဒီလို ဖမ်းဆီးအပြီး ကွန်ပျူတာတွေ မထုတ်သွားတဲ့ ထောက်လှမ်းရေးတွေကိုလည်း တိုက်တိုက်ဆိုင်ဆိုင် ရောက်လာခဲ့တဲ့ VJ တစ်ဦးက ဗီဒီယို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
Joshua ရဲ့ ရန်ကုန် စခန်းအပြင် VJ ၃ ဦးကိုလည်း အာဏာပိုင်တွေက လက်ရဖမ်းမိခဲ့ပါတယ်။ သူ့ရဲ့ အပေါင်းအပါတွေဟာလည်း ခြေရာဖျောက် ပုန်းအောင်း နေကြရပါတယ်။ Joshua ဟာ သူ့ရဲ့ VJ အဖွဲ့ကို အောက်ခြေကနေ စပြီး ပြန်လည် တည်ဆောက်ရဦးတော့မှာပါ။ ဒါပေမယ့် Joshua ကတော့ အားမလျော့ပါဘူး။ သူက မြန်မာပြည်ကို တောင်တန်းတွေ ဖြတ်ပြီး နောက်တစ်ကြိမ် ပြန်သွားပြီး လုပ်နိုင်တာတွေကို လုပ်သွားဦးမှာပါလို့ ဆိုပါတယ်။
နာဂစ်ဆိုင်ကလုန်းဝင်ရောက် တိုက်ခတ်အပြီး ဒုက္ခသည်တွေကို အင်တာဗျူးနေပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းကို အဆုံးသတ်ထားပါတယ်။ ဒါဟာ Joshua တို့ လူစုပဲလား။ ဒါမှ မဟုတ် သူတို့လိုမျိုး ပြည်တွင်းက ဖြစ်ရပ်မှန်တွေကို ကမ္ဘာကသိအောင် ချပြချင်ကြသူတွေပဲလား မပြောနိုင်ပါဘူး။ တကယ်တော့ Burma VJ ဟာ VJ တွေရဲ့ အရေးပါပုံကို ပီပီပြင်ပြင် ဖော်ကျူးနိုင်သလို အကြမ်းဖက် အုပ်ချုပ်သူတွေနဲ့ အဖိနှိပ်ခံသူတွေ အကြားက ဖြစ်ရပ်မှန် ဗီဒီယိုမှတ်တမ်းတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ခဲ့ပါတယ်။ တစ်ကြိမ် ကြည့်တိုင်း တစ်ကြိမ် ကြက်သီးထမိသလို ပထမဆုံးအကြိမ် ကြည့်အပြီးမှာ မျက်ရည်ကျရတဲ့အထိ ခံစားရပါတယ်။ ကျွန်တော်တို့ အားလုံး တမြေတည်းနေ တရေတည်းသောက်ရင်း အတူလက်တွဲလို့ ဒေသတွင်း နိုင်ငံတွေနဲ့ အပြိုင်အဆိုင် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် လုပ်နေကြရမယ့်အချိန်မှာ အမုန်းတွေ အာဃာတတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ထားခဲ့ကြဖို့ ကောင်းပါပြီ။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာ သမိုင်းပါ။ သေနတ်ကျည်ဆန်တွေနဲ့ ပစ်ခတ်ပြီး ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလို့ မရနိုင်တဲ့ ဒီသမိုင်းဝင် ဖြစ်ရပ်တွေဟာ အမာရွတ်တစ်ခု အနေနဲ့ ကျွန်တော်တို့ ရင်ထဲ အသည်းထဲ စွဲနစ် ကျန်နေရစ်ဦးမှာကတော့ သေချာပါတယ်။