Home အက်ဆေးများ ပြန်ကြည့်ချင်သော ဇာတ်ကား (၃) (သို့မဟုတ်) Goodbye Bafana
23 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့453
mod_vvisit_counterမနေ့က1571
mod_vvisit_counterတစ်ပတ်အတွင်း5963
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း7481
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2887888
Join us in Facebook
Facebook Fanbox 1.5.x.0
ပြန်ကြည့်ချင်သော ဇာတ်ကား (၃) (သို့မဟုတ်) Goodbye Bafana

Views : 3253    

Favoured : 80

Share

ပြန်ကြည့်ချင်သော ဇာတ်ကား (၃) (သို့မဟုတ်) Goodbye Bafana
ကိုငယ်(မန္တလေး)

အစားအသောက်ကောင်း စားမိရင် မိသားစုကို သတိရတတ်တယ်လို့ ကျွန်တော်တို့ ပြောလေ့ ရှိပါတယ်။ အလားတူပဲ ရုပ်ရှင်ဇာတ်လမ်းကောင်းကြည့်မိရင် ၀ါသနာတူတဲ့ သူတွေကို သတိရပါတယ်။ “မင်းကျန်စစ်” ရုပ်ရှင်ကို နမူနာပြတော့ ရုပ်ရှင်ရုံ အပြင်ကို ထွက်နေတယ်ဆိုတဲ့ ကိုငှက် (ထူးအိမ်သင်) ကိုလည်း သတိရမိပါတယ်။ ရုပ်ရှင်ဇာတ်လမ်းလေးတွေ အကြောင်းကို သံလွင်အိပ်မက်မှာ ရေးကြရအောင်လို့ စပြောတာက ညီညီ(သံလွင်)ပါ။ ပြည်တွင်းက မဂ္ဂဇင်းတွေအချို့နဲ့ ပြည်ပက အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာလည်း ရုပ်ရှင်ဇာတ်ကား အညွှန်းတွေကို ရေးတာ ရှိပါတယ်။ ဒါပေမယ့် အများစု ရေးတာကတော့ အခု လတ်တလော ရုံတင်နေတဲ့ ဇာတ်လမ်းကားတွေကို ညွှန်းကြပါတယ်။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ရင်တွေထဲကို ထိုးဖောက်ဝင်နိုင်စွမ်းရှိတဲ့ ဇာတ်ကားတွေကို ညွှန်းဖို့ အဓိကပါ။ ကြည့်ဖူးပေမယ့် ထပ်ကြည်သင့်၊ မကြည့်ဖူးသေးရင်လည်း ကြည့်ဖြစ်အောင် ကြည့်သင့်သော ဇာတ်ကားမျိုးတွေလို့ ကျွန်တော်တို့ ထင်တဲ့ ဇာတ်ကားလေးတွေကို ညွှန်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ပထမဆုံးအနေနဲ့ Freedom Writers ကို ရေးဖို့ ညီညီ(သံလွင်)က အကြံပေးခဲ့တယ်။ ကျွန်တော်ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ခဲ့ပါဘူး။ အဲဒီမှာ သူက “မင်း .. မရေးရသေးရင် ငါ Hotel Rwanda ကို ရေးလိုက်မယ်” ဆိုတော့ ကျွန်တော်က ၀မ်းသာစွာနဲ့ လက်ရှောင်နေခဲ့ပါတယ်။ နောက်တစ်စောင်မှာလည်း ကျွန်တော့်ကို ရေးခိုင်းထားတဲ့ Freedom Writers ကို သူပဲ ရေးလိုက်ပါတယ်။ ဒီတစ်ခေါက်တော့သူမှာ အခြားရေးစရာတွေ ရှိသေးတယ်။ ရုပ်ရှင်အညွှန်းလေး ရေးပေးပါလို့ ပြောလာပြီး ရေးဖို့ သင့်တော်မယ့် ရုပ်ရှင်ဇာတ်ကားကို ပေးခဲ့တယ်။ ဒါနဲ့ အဲဒီဇာတ်ကားကို ကျွန်တော် ကြည့်ပြီး အညွှန်းကို ကြိုးစားပြီး ရေးကြည့်လိုက်ပါတယ်။ အဲဒီဇာတ်ကားကတော့ ၂၀၀၇ တုန်းက ထွက်ခဲ့တဲ့ “Goodbye Bafana” ဆိုတဲ့ ဇာတ်ကားပါပဲ။

“Goodbye Bafana” ဆိုရင် ဘာအကြောင်းလဲလို့ မေးကြမယ့်သူတွေ ရှိပါလိမ့်မယ်။ လွတ်လပ်မှုနဲ့ ပြည်သူတွေတန်းတူ အခွင့်အရေးရဖို့ အတွက် တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တစ်ဦးကို လက်ရှိ အစိုးရက တကျွန်းမှာရှိတဲ့ ထောင်မှာ ချထားလိုက်တယ်။ အဲဒီခေါင်းဆောင်ကို စောင့်ကြည့်နေတဲ့ အစောင့်တစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ နိုင်ငံတစ်နိုင်ငံအကြောင်းလို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ နယ်(လ)ဆင် မင်(န)ဒဲလား (Nelson Mandela) ဆိုရင် လူပေါင်းများစွာသိပါလိမ့်မယ်။ ယနေ့ခေတ်ရဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေး တိုက်ပွဲမှာ နယ်(လ)ဆင် မင်(န)ဒဲလားက မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့ပါတယ်။ ဒီဇာတ်ကားက ၁၉၆၈-၁၉၉၀ အထိ တောင်အာဖရိကနိုင်ငံမှာရှိတဲ့ သမိုင်းအခြေအနေများကို နောက်ခံထား ရိုက်ကူးထားခြင်း ဖြစ်တယ်။ မင်(န)ဒဲလား ရဲ့လုံခြုံရေးအစောင့်ဖြစ်ခဲ့သူ ဂျိမ်း(စ) ဂရက်ဂိုရီ (James Gregory) ရေးသားခဲ့တဲ့ စာအုပ်ကို အခြေခံပြီး ရုပ်ရှင် အဖြစ် ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အချို့သော သမိုင်းဆိုင်ရာ အချက်အလက်များဟာ အငြင်းပွားဖွယ် ဖြစ်ပေမယ့် ရုပ်ရှင်နဲ့ အနုပညာပိုင်း အရတော့ အတော်ကောင်းသော ဇာတ်ကားတစ်ကား ဖြစ်ပြီး ဂျိမ်း(စ) ဂရက်ဂိုရီ အဖြစ် Jseph Fiennes ၊ မင်(န)ဒဲလား အဖြစ် Dennis Haysbert တို့က သရုပ်ဆောင်ထားပါတယ်။

လူမည်း အကျဉ်းသမားတွေကို ရိုက်နှက်နေတဲ့ လူဖြူ ထောင်ဝန်ထမ်းတွေရဲ့အော်ငေါက်သံတွေနဲ့ ဇာတ်လမ်းရဲ့ မြင်ကွင်းကို စတင်လိုက် ပါတယ်။ တပြိုင်နက်တည်းမှာပဲ ၁၉၆၈ မတိုင်မီက တောင်အာဖရိကနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို စာတမ်းထိုးပြီး တင်ပြထားပါတယ်။ တောင်အာဖရိနိုင်ငံ အကြောင်းကို မသိသေးသူများ ခန့်မှန်းကြည့်လို့ရအောင် ထင်ပါတယ်။ တောင်အာဖရိကနိုင်ငံဟာ လူဖြူနဲ့ လူမည်း ပေါင်းစပ်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ လူနည်းစုဖြစ်တဲ့ လူဖြူတွေက အာဏာကို ချူပ်ကိုင်ထားပြီး လူမည်းတွေဟာ အနှိမ်ခံ လူတန်းစားတစ်ရပ် ဖြစ်ခဲ့ရတယ်။ အဲဒီ ဖိနှိပ်မှုတွေ ကြားထဲကနေပြီး လူမည်းတော်လှန်ရေးအဖွဲ့အစည်းတွေ ပေါ်ပေါက်လာတယ်။ အာဖရိက အမျိုးသားကွန်ဂရက်ပါတီ (African National Congress [ANC]) ဟာ ထင်ရှားတဲ့ ပါတီတစ်ခု ဖြစ်လာပြီး အစိုးရရဲ့ အဓိက အတိုက်အခံ နိုင်ငံရေးအင်အားစု ဖြစ်လာခဲ့တယ်။ ANC ရဲ့ခေါင်းဆောင်ကတော့ မင်(န)ဒဲလား ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ANC က လိုလားပေမယ့် လက်ရှိအစိုးရက ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို သေနတ်နဲ့ ပစ်သတ်နှိမ်နင်းခဲ့တယ်။ အေးချမ်းစွာ ရောင်းဝယ်ဖောက်ကား နေကြတဲ့ လူမည်းဆင်းရဲသားတွေကိုလည်း လူဖြူတွေနေတဲ့ မြို့လယ်ပိုင်းကို ရောက်လာရင် ရဲက ဖမ်းဆီးနှိပ်စက်တတ်တယ်။ အဲဒီလိုအခြေအနေမှာ ANC ရဲ့ခေါင်းဆောင်ပိုင်းက တွေ့ဆုံဆွေးနွေးဖို့ဆိုတာနဲ့ နိုင်ငံရေးတိုးတက်မှု ရနိုင်ဖို့ လမ်းမမြင်ဘူး ဆိုတာကို သတိပြုမိကြတယ်။ ကျွဲပါးကို စောင်းတီးပြလို့ မရဘူးဆိုတာကို သဘောပေါက်လာကြတယ်။ အာဏာရှင် လူဖြူအစိုးရရဲ့ ရဲဌာနတွေ၊ စာတိုက်တွေ၊ အဓိကကျတဲ့ နေရာတွေကို ပျောက်ကျားစနစ်နဲ့ ဗုံးခွဲတိုက်ခိုက်၊ အကြမ်းဖက် တုံ့ပြန်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ အဲဒီအချက်တွေကြောင့် ခေါင်းဆောင် မင်(န)ဒဲလားနဲ့ လူမည်း ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တကျွန်း(Robben Island)ကို ပို့ခဲ့တယ်။

အဲဒီကျွန်းကို ထောင်ဝန်ထမ်း တပ်ကြပ်ကလေး ဂရက်ဂိုရီက မိသားစုနဲ့ အတူ တာဝန်နဲ့ ပြောင်းရွှေ့လာခဲ့တယ်။ သူမိန်းမက လူဖြူမိန်းမပီသစွာ လူမည်းတွေကို မုန်းပါတယ်။ အစိုးရရဲ့ မှိုင်းမိနေတဲ့ လူဖြူတွေထဲက တစ်ယောက်ပဲမို့ လူမည်းဟူသမျှကို အကြမ်းဖက်သမားတွေလို့ပဲ မြင်လေ့ရှိပါတယ်။ သို(၀်)စာ (Xhosa) ဆိုတဲ့ တောင်အာဖရိကလူမည်းတွေရဲ့ ဘာသာစကားကို တတ်တဲ့ ဂရက်ဂိုရီ အဖို့ ကြီးမားတဲ့ တာဝန်တစ်ခုက စောင့်ကြိုနေပါတယ်။ အထူးစုံစမ်း ထောက်လှမ်းရေး အဖွဲ့ ဗိုလ်မှူးတစ်ဦးဖြစ်သူ ပီတာရဲ့ တာဝန်ပေးချက်အရ မင်(န)ဒဲလား ကို စောင့်ကြည့်ဖို့နဲ့ နိုင်ငံရေးသမား လူမည်းတွေရဲ့ အခြေအနေကို လျှို့ဝှက်စုံစမ်းဖို့ ဆင်ဆာအရာရှိ အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ နောက်ပြီး သတင်းထူးခဲ့ရင် ဗိုလ်မှူးကို တိုက်ရိုက် အစီရင်ခံရပါတယ်။ ပထမဆုံး အကြိမ် မင်(န)ဒဲလားရဲ့ မိန်းမဖြစ်သူ ထောင်ဝင်စာ မေးတဲ့အချိန်မှာ သူက ကြားထဲကနေ ဖုန်းကို နားထောင်နေပါတယ်။ နောက်ပြီး ပီတာကို သတင်းပို့လိုက်ပါတယ်။ ဆင်ဆာဆိုတဲ့ အင်္ဂလိပ်စကားကို ကျွန်တော်တို့ မြန်မာတွေရင်းနီးနေတာ ကြာပါပြီ။ မင်(န)ဒဲလားတို့ ထောင်ထဲမှာလည်း ဆင်ဆာဖြတ် အပြီးမှာ ထောင်သားလူမည်းတွေ ဖတ်ရတဲ့ စာတွေက အပေါက်လေးတွေနဲ့ ဖြစ်ကုန်ပါတယ်။

အလုပ်နားရက်တွေမှာ ထောင်ဝန်ထမ်းတွေဟာ ဘောလုံးကစားကြတယ်။ စကားဝိုင်းဖွဲ့ ပြောကြ၊ ပါတီပေးကြနဲ့ ပျော်ရွှင်နေကြတာကိုလည်း ဇာတ်ကားထဲမှာ တွေ့ရတယ်။ အုပ်ချူပ်သူလူတန်းစားနဲ့ အဖိနှိပ်ခံ လူတန်းစားနှစ်ရပ်ကို ယှဉ်ထိုး ပြသထားပါတယ်။ အားလပ်ရက်တစ်ရက်မှာ ဂရက်ဂိုရီတို့ မိသားစုဟာ မြို့ပေါ်မှာရှိတဲ့ အမေ့အိမ်ကို အလည်သွားကြတာကို ရိုက်ပြထားပါတယ်။ မြို့ထဲမှာ လမ်းလျှောက်နေတုန်းမှာ ရဲကားတွေ ရုတ်တရက် ရောက်လာပြီး လမ်းပေါ်မှာရှိတဲ့ လူမည်းတွေကို နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့်လက်မှတ်တွေ တောင်းပါတယ်။ လူမည်း အများစုက မပြနိုင်ဘဲ ထွက်ပြေး ကြရပါတယ်။ ရဲတွေက အတင်းလိုက်ပြီး တုတ်နဲ့ရိုက်၊ ကားပေါ်ဆွဲတင်ကြပါတယ်။ မွေးကင်းစ ကလေးလေးကို ချီထားတဲ့ မိန်းမကို ရဲတစ်ယောက်က အတင်းဆွဲလိုက်တော့ ကလေးလေးဟာ ကြမ်းပြင်ပေါ်ကို ကျသွားပါတယ်။ ကလေးငယ်ရဲ့ ငိုသံကြောင့် ဂရက်ဂိုရီရဲ့သမီးငယ်ဟာ မျက်လုံးအကြောင်သားနဲ့ နားနှစ်ဖက်ကို ပိတ်ထားလိုက်ပါတယ်။ အဲဒီလို ဖြစ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့ သမီးလေးဟာ လန့်ဖျားဖျားသွာပြီး ဂရက်ဂိုရီကို မေးတဲ့မေးခွန်းလေးတွေက အရမ်းအပြစ်ကင်းလှပါတယ်။ သမီးငယ်ရဲ့ အမေးတွေကို နောက်ဆုံးမှာ “ဘုရားသခင်ရဲ့ အလိုတော်ကျ ကိစ္စပဲလေ..၊ ငါတို့ ဘုရားသခင်ကို မေးခွန်းတွေ မထုတ်သင့်ဘူး” လို့ မိဘတွေက ပြန်ဖြေထားပုံလေးက ကျွန်တော်တို့ မြန်မာတွေရဲ့ “ကံပေါ့လေ” ဆိုတာနဲ့ ဆင်တူနေသလိုပါပဲ။

ဂရက်ဂိုရီ ရဲ့သတင်းပို့မှုကြောင့် မင်(န)ဒဲလား ရဲ့သားဖြစ်သူဟာ မတော်တဆ သေဆုံးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ကြောင့် သားတစ်ယောက် ဆုံးရှုံးလိုက်တဲ့ ဖခင်အဖြစ်နဲ့ မင်(န)ဒဲလားကို စတင် စိတ်ဝင်စားလာပါတယ်..။ ANC ကထုတ်တဲ့ “လွတ်မြောက်ရေးစာတမ်း” (Freedom Charter) ကို ဖတ်အပြီးမှာ မင်(န)ဒဲလားနဲ့ ပြောဆိုကြတဲ့ စကားတွေအရ မင်(န)ဒဲလားဟာ ဘယ်လိုသူမျိုး ဆိုတာကို ကောက်ချက်ချနိုင်မှာပါ။

ဂရက်ဂိုရီ - “ခင်ဗျား ပြောတော့ ANC က ကွန်မြူနစ် မဟုတ်ဘူးဆို..။ ဒါပေမယ့် ခင်ဗျားတို့ ထုတ်တဲ့ လွတ်မြောက်ရေးစာတမ်းမှာတော့ တိုင်းပြည်ရဲ့ ချမ်းသာမှုတွေဟာ ပြည်သူတွေအတွက် ဖြစ်ရမယ်လို့ပါတယ်။ အဲဒါ ကွန်မြူနစ်ပဲ”

မင်(န)ဒဲလား - “ဒါဟာ ကွန်မြူနစ် စနစ်မဟုတ်ဘူး..။ တကယ့် အစစ်အမှန် အမျိုးသားရေးဖြစ်တယ်။ လူဖြူ၊ လူမည်း၊ အိန္ဒိယ စတဲ့ အသားအရောင်မခွဲဘဲ ပြည်သူအားလုံး ကျူပ်ရော ခင်ဗျားရောပါတာပေါ့ .. တန်းတူ အခွင့်အရေး ရရမယ်လို့ ဆိုတာ..”

ဂရက်ဂိုရီ - “ဒါဟာ ခင်ဗျားကို သတ်မယ့် အတွေးအခေါ်ပဲ”

မင်(န)ဒဲလား - “အဲဒီအတွေးအခေါ်အတွက် အသက်စွန့်ဖို့ ၀န်မလေးဘူး..”

စ တစ ဆိုးရွားလာတဲ့ နိုင်ငံအခြေအနေ၊ နိုင်ငံတကာဖိအား၊ ပြည်တွင်း မငြိမ်သက်မှု စတာတွေကြောင့် အစိုးရက မင်(န)ဒဲလားကို တကျွန်းမှနေ ရိုးရိုးထောင်၊ နောက် အကျယ်ချူပ်ထိ တဆင့်ပြီးတဆင့် အလျှော့ပေးခဲ့ရတယ်။ ကြားထဲမှာ ဆွေးနွေးညှိနှိုင်းဖို့ တောင်းဆိုလာပေမယ့် မင်(န)ဒဲလားက “လွတ်လပ်တဲ့သူကမှ ဆွေးနွေးနိုင်မယ်၊ အနှောင်အဖွဲ့တွေနဲ့ ဆွေးနွေးတာဟာ စစ်မှန်တဲ့ဆွေးနွေးမှု မဖြစ်နိုင်ဘူး” လို့ ပြောပြီး ငြင်းခဲ့တယ်။ ဒီနေရာမှာ မင်(န)ဒဲလားရဲ့ လုပ်ဖော်ကိုင်ဖက် ANC ရဲ့ ထောင်မကျဘဲ အပြင်မှာ ကျန်ခဲ့တဲ့ ခေါင်းဆောင်ပိုင်းဟာ ချီးကျူးစရာပါပဲ။ ခေါင်းဆောင်မရှိဘဲ လုပ်ရဲကိုင်ရဲ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိ လှုပ်ရှားလို့ ဒီအခြေအနေကို ရောက်လာတာလို့ ထင်မိပါတယ်။ ၁၉၉၀မှာ တက်တဲ့ သမ္မတ ကလက်(ခ) (Klerk) က မင်(န)ဒဲလားကို အကျဉ်းထောင်ကနေ လွှတ်ပြီး တွေ့ဆုံဆွေးနွေးပွဲ စတင်ခဲ့တယ်။ အဲဒီနောက် မင်(န)ဒဲလားဟာ ၁၉၉၃ မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်းခံခဲ့ရပြီး ၁၉၉၄-၁၉၉၉ မှာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတ ဖြစ်လာပါတယ်။ အခုတော့ တောင်အာဖရိကဟာ အချိန်အနည်းငယ် အတွင်းမှာ အရင်ကထက် များစွာ တိုးတက်လာခဲ့ပါပြီ။

ဒီဇာတ်ကားရဲ့ နာမည်မှာပါတဲ့ “ Bafana” က ဂရက်ဂိုရီ ရဲ့ ငယ်သူငယ်ချင်း အာဖရိကန် လူမည်းကလေးတစ်ဦးဖြစ်ပြီးတော့ သူ့ကို အာဖရိကန်စကား သို(၀်)စာ သင်ပေးတဲ့ သူဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အနိမ့်အမြင့် အတက်အကျ၊ သရုပ်ဆောင်တွေရဲ့ ဟန်အမူအရာကောင်းတာတွေကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်တော့မှပဲ မြင်နိုင်ပါလိမ့်မယ်။ အဓိပ္ပာယ်လေးနက်ပြီး ရည်ရွယ်ချက် ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကား ဖြစ်တဲ့ အပြင် ဂရက်ဂိုရီနဲ့ မင်(န)ဒဲလားတို့ရဲ့ ၂၁ နှစ် ကြာ ဆက်ဆံရေးကို ရိုက်ကူးပြထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေပြုပြီး ရိုက်ကူးထားသလို ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်တွေနဲ့လည်း တိုက်ဆိုင်နေတာလေးတွေ ရှိနေတဲ့အတွက်ကြောင့်လည်း ဒီဇာတ်ကားဟာ ပိုပြီး အသက်ဝင်နေသလို ရှိပါတယ်။ ဒါကြောင့် ဒီ “Goodbye Bafana” ဇာတ်ကားကို ပြန်ကြည့်ချင်တဲ့ ဇာတ်ကား စာရင်းထဲ တေးမှတ်ထားလိုက်ပါတော့တယ်။

ကိုငယ်(မန္တလေး)


Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 4 of 4 comments

1. 07-09-2009 13:43

ဆွေးနွေးကြည့်တာပေါ့
ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူးဗျ။ အခုရေးလိုက်မယ် 
ကျွန်တော့ အမြင်ကတော့ မင်ဒဲလားတို့နိုင်ငံကို အုပ်ချုပ်တဲ့သူက လူတွေဗျ.လူ ဖူလို့ခေါှ်ာပေါ့. 
ကျွန်တော်တို့ နိုင်ငံကို အုပ်ချုပ်တဲ့သူက လူမဟုတ်ဘူး ။ ဘ၀ရှင်မင်း တြားကြီး ဖြစ်နေတယ်။  
အဲဒီတော့ လူလို ပြောလို့ နားမလည်နို င်ဘူး။ လူလူချင်း ပြည်သူတွေက လက်နက်ကိုင် တော်လှန်ရမှာလား။ စားစရာကို အရင်ရှာရမှာလား။ 
ပြည်သူတွေကိုတော့ အပြစ်မပြော သင့်ဘူးထင် တယ်။ ပြည်သူတွေမှာ တနေ့တစ်နပ် တောင် လွယ်လွယ်ကူ ကူမရှာနိုင်ဘူး။ ကျွန်တော် အပြစ်တင်ချ င်တဲ့သူတွေ ကတော့ နိုင်ငံခြားမှာနေ၊ ဒုက္ခသည် အမည်ခံ သိုက်သမားေ တွပဲ။ အဲဒီကနေ အော်မနေပါနဲ့။ သတ္တိရှိရင် လက်တွဲရအော င် ပြန်လာခဲ့ပါ။
Guest
satanzone

2. 07-08-2009 00:29

ဘာလို့လဲ သိချင်လား..?
မင်ဒဲလ်လား က လူသာ ထောင်ထဲမှာ ရှိတာ။ သူ့ရဲ့ ပါတီနောက်လိုက်တွေက သူ့ပြောခဲ့ တဲ့စကားတွေ ကို နားလည်လိုက်နာပြီး ပြည်သူတွေကို နောက်ကပါလာ အောင် စည်းရုံးလှုံ့ဆော်နိုင်စွမ်းရြှိ ကတယ်လေ..။ ပြည်သူတွေက လဲ တက်တက်ကြွ ကွ ပါဝင်ကြတယ် ။ သူကလဲ အခွင့်အရေး ရရင် ရသလို ပြတ်သားတိကျတဲ့ ညွှန်ကြားချ က်တွေ ပေးတယ်။ အင်း.. ကျနော်တို့ နဲ့ ဘာကွာလဲတော့  စဉ်းစားသြာ ကည့်ပေါ့...။
Guest
jj

3. 03-08-2009 18:14

ပြန်ကြည့်ချင်သော
၁ နဲ့ ၂ ကိုလင့်ပေး ထားပါလား
Guest
မင်းမင်း

4. 27-07-2009 14:56

ဒို့အစိုးရရော?
တစ တစ ဆိုးရွားလာ တဲ့ နိုင်ငံအြေ ခအနေ၊ နိုင်ငံတကာ ဖိအား၊ ပြည်တွင်း မငြိမ်သက်မှု စတာတွေကြော င့် အစိုးရက မင်(န) ဒဲလားကို တကျွန်းမှေ န ရိုးရိုးထောင်၊ နောက် အကျယ်ချူပ် ထိ တဆင့်ပြီးတ ဆင့် အလျှော့ပေး ခဲ့ရတယ်။  
 
==> ဒို့အစိုးရ ရော ဘယ်တော့ အဲလိုလုပ်မှာလဲ
Guest
ခရေဖြူ

Display 4 of 4 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ပြန်ကြည့်ချင်သော ဇာတ်ကား (၃) (သို့မဟုတ်) Goodbye Bafana
Saturday, 25 July 2009 18:10

Rating 3.3/5 (13 votes)