
လောကတွင် သေချာသော အရာများ အဘယ်မျှရှိသနည်း။ လူ့သက်တမ်း တ၀က်နီးပါးသို့ ၀င်ရောက်လာသည့် ကျွန်တော်က ကိုယ့်ကိုကိုယ် ပြန်မေးကာ ပြန်ဖြေမိသည်။ သေသေချာချာ တွေးကြည့်တော့ သေချာခြင်း တစ်ခု ရှိပါသည်။ ထိုအရာသည် သေခြင်းတရားပင် ဖြစ်လေသည်။ မွေးဖွားလာသည်နှင့် တပြိုင်နက် သေမိန့်ဆိုသည့် သေချာခြင်း တစ်ခုကိုပါ တံဆိပ်နှိပ်ခြင်း ခံလိုက်ရသည်။ ထိုအရာမှ အပြင် သေချာသည့်အရာကို ကျွန်တော်တွေးမရပေ။ ထိုသေချာသော သေခြင်းသည်ပင် မည်သည့်အချိန်အခါတွင် ရောက်လာမည်ကို ကျွန်တော်တို့ မသိခြင်းသည် မသေချာခြင်းပင် မဟုတ်ပါသလော။
ကုမ္ပဏီတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်နေသည်။ ကောလဟာလ တစ်ခု ထွက်နေသောကြောင့် ဖြစ်သည်။ ၂၀၀၈ နှောင်းပိုင်းမှ စတင်ခဲ့သော ကမ္ဘာ့ စီးပွားရေးကပ်ကြောင့် စင်္ကာပူနိုင်ငံရှိ ကုမ္ပဏီအတော်များများ အရှုံးပေါ်နေ ခဲ့ကြသည်။ ၂၀၀၉ အစပိုင်းတွင် အလုပ်သမားများကို လျှော့ခဲ့ကြသည်။ ကျွန်တော်တို့ ကုမ္ပဏီသည်လည်း လေးလတစ်ကြိမ် တွက်ချက်သည့် စာရင်းများ အရ ဒေါ်လာ သန်းနှင့်ချီကာ ရှုံးနေသည်။ ကုမ္ပဏီ အစုရှယ်ယာများ၏ ဈေးနှုန်းသည် သမိုင်းတွင် အနိမ့်ဆုံး အကြိမ် ဖြစ်သည့် နှစ်ဒေါ်လာအောက်သို့ ကျရောက်ခဲ့သည်။ အလုပ်သမားအားလုံး စိုးရိမ်စိတ် တထိတ်ထိတ်နှင့် မည်သည့်အချိန် အလုပ်ဖြုတ်မည်ဟု ကြေငြာသံကို ကျိန်စာတစ်ခုလို လန့်နေကြသည်။
အခြားကုမ္ပဏီများ၏ အလုပ်သမားလျှော့သည့် သတင်းများ သတင်းစာဖတ်ကာ ကိုယ့်ကုမ္ပဏီအကြောင်းကို ထွေရာလေးပါး ပြောကြသည်။ သို့သော် ကုမ္ပဏီ အုပ်ချူပ်သူများက စိတ်မပူကြရန် အစည်းအဝေးများ ခေါ်ကာ အလုပ်သမားများကို အားပေးသည်။ ထိုမှသာ ကျွန်တော်တို့အားလုံး အသက်၀၀ ရှူနိုင်တော့သည်။ အမေရိကားရှိ ကျွန်တော်တို့၏ ကုမ္ပဏီအခွဲတစ်ခု ပိတ်လိုက်ရသောကြောင့် ထိုကုမ္ပဏီအခွဲ၏ အလုပ်များကို ကျွန်တော်တို့ ကုမ္ပဏီက လုပ်ပေးရသည်။ ထို့ကြောင့် သူများတကာ အလုပ်မရှိချိန်၊ အလုပ်ပါးချိန်တွင် ကျွန်တော်တို့က အလုပ်များနေခဲ့သည်။ အစုရှယ်ယာဈေးများလည်း ငါးဒေါ်လာ ၀န်းကျင်သို့ ပြန်ရောက်လာခဲ့ပြီ။
၂၀၀၉ ခုနစ် ပထမလေးလတွင် ကုမ္ပဏီအများစုသည် ဦးလည်ပြန်ထောင်လာသည်။ အလုပ်သမားများကို ပြန်လည်ခေါ်ယူနေသည်ဟု ကြားနေရသည်။ အခြေအနေကောင်းသော အနေအထားကို မြင်နေရပေသည်။ ကျွန်တော်တို့လည်း စိတ်ချလက်ချ ပင်နေဖြစ်ကြတော့သည်။ သို့သော် ကျွန်တော်တို့ ကုမ္ပဏီ၏ ငွေစာရင်းရှင်းတမ်း ထွက်လာခဲ့သည်။ အရှူံးပေါ်သည်။ ဆက်တိုက် အရှုံးပေါ်နေသည်မှာ နှစ်နှစ်ခန့်ရှိလေပြီ။ ကုမ္ပဏီ၏ အရှုံးကို တောင့်ခံထားနိုင်ရန် လူဦးရေကို လျှော့ချတော့မည်ဟု ကောလဟာလများ ထွက်လာသည်။ ဤတစ်ခေါက်တွင်မူ အုပ်ချူပ်သူများက အသံမထွက်ကြ။ ကောလဟာလတွေကို မပြောကြရန် တားမြစ်ကြသည်။ သို့သော် ကောလဟာလများသည် အမှန်တကယ်ဖြစ်တတ်ကြောင်းကို
ဇွန်လတွင် ကျွန်တော်တို့ သိရှိရပေတော့သည်။
အစည်းအဝေးတွင် ကျွန်တော်တို့၏ အထက်အရာရှိနှင့် တွေ့ကြရသည်။ အလုပ်သမား လျှော့ရန်မှာ သေချာသည်။ အကောင်းဆုံး ပြင်ဆင်ထားဖို့ကိုလည်း သူက မှာသည်။ အလုပ်တစ်ခု အပြင် နောက်အလုပ်တစ်မျိုး လုပ်နိုင်ရန် ကြိုးစားထားသင့်သည်ဟု ပြောသည်။ လောကဟူသည် မသေချာ။ ကိုယ်ဘက်က အကောင်းဆုံး ပြင်ဆင်ထားခြင်းသည်သာ ကျရောက်လာမည့် အခြေအနေတိုင်းတွင် အသင့်ရှိနေပေမည်။ အလှပြုပြင်သင်တန်း၊ စာရင်းကိုင်သင်တန်း၊ ဟိုတယ်အကူ သင်တန်း၊ စားဖိုမှူးသင်တန်း၊ ဥယျာဉ်မှူးသင်တန်း၊ လေအေးစက်ပြင်သင်တန်း၊ အသေးစားစီးပွားရေးစတင်ခြင်းသင်တန်း စသည့် သင်တန်းများကို စင်္ကာပူအစိုးရက သူ့နိုင်ငံသားများ အတွက် အထောက်အပံ့ ပေးထားသည်။ စိတ်ဝင်စားသူများတက်ရောက်လို့ရသည်။

ကျွန်တော်အနေနှင့်လည်း “အလုပ်ပြုတ်ရင် ဘယ်လိုလုပ်မလဲ”ဟု စဉ်းစားရတော့သည်။ မြန်မာပြည်က အစိုးရမင်းတို့ကတော့ နိုင်ငံခြားတွင်ရှိသော မြန်မာအပေါင်းတို့ စိတ်မပူကြဖို့နှင့် မြန်မာပြည်ပြန်လာပါက အလုပ်အကိုင်မရှားကြောင်း ပြောသံများကို ကြားရပါသည်။ မည်သို့သော အလုပ်တွေရှိသလဲ ဆိုတာနဲ့ လခလောက်ငအောင် ပေးနိုင်မည်၊ မပေးနိုင်မည်ကိုကား ကြေငြာချက်များတွင် မပါပေ။ လျှပ်စစ်မီး မမှန်သောအရပ်၊ အမှန်တရားအကြောင်း တိုးတိုးသာ ပြောရသောအရပ်၌ ကျွန်တော်တို့ကို လုံခြုံမှုပေးနိုင်ပါ့မလား။ ညီညီကတော့ “မြန်မာပြည်ကို ပြန်ရောက်တဲ့အခါ နွေးထွေးမှုကို ခံစားရပြီး စင်္ကာပူကို ပြန်ရောက်တဲ့အချိန်မှာ လုံခြုံမှုကို ခံစားရတယ်” လို့ပြောသည်။ အမေ့အိမ်ကို ရောက်တော့ မေတ္တာနှင့် နွေးထွေးမှုကို ခံစားရသော်လည်း အိမ်ပြန်ချိန်၌ ခွေးဟောင်သံများ ၊ အရက်မူးသမားများ၊ ယူနီဖောင်းဝတ် လုံခြုံရေးများနှင့် မှောင်မိုက်ညများတွင် ကျီးလန့်စာစား ဖြစ်ကာနေရသည်။
ဘ၀အတွက် အာမခံချက်များကား မြန်မာပြည်၌ မှေးမှိန်ဆဲပင်။ လူ့အခွင့်အရေးလေးစားမှုတွေက ခေတ်နောက်ပြန်နေဆဲ။ တံခါးလာခေါက်မည့် နေ့ရက်များကို လေဆိပ်မှ အပြန် လေယာဉ်ထွက်ကာမှ ဒီတစ်ခေါက်တော့ လွတ်လာပြန်ပြီဟု သက်ပြင်းချကာ ပြောရသည့်အခြေအနေတွင် မြန်မာပြည်၌ စီးပွားရေးဘယ်လို ပြန်လုပ်ရပါ့မလဲ။ မြန်မာပြည်က သူငယ်ချင်း တစ်ယောက်ကတော့ “လာပါကွ ဘာမှ မဖြစ်ပါဘူး၊ ဒီမှာ မင်းဘာလုပ်လုပ်ရတယ်၊ နိုင်ငံရေးသာ မလုပ်နဲ့” လို့ ပြောသည်။ နိုင်ငံရေးဟု မခံယူသော်လည်း ကိုယ်မှန်သည်ထင်သည့် အရာကို ပွင့်ပွင့်လင်းလင်းပြောခွင့်၊ ရေးခွင့်၊ လုပ်ခွင့်လေးတော့ ရှိချင်သည်။
သို့သော် မြန်မာပြည်စီးပွားရေးက စိတ်မချရပေ။ အစိုးရပြောင်းလဲလျှင် စီးပွားရေးလုပ်ငန်းများပါ ထိခိုက်နိုင်သည်ကို ဦးခင်ညွှန့်အဖမ်းခံရအပြီးအချိန်တွင် ပိုမိုသိသာလာသည်။ မြန်မာပြည်ရှိ စီးပွားရေးများကို စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း နိုင်ငံများသို့ ခွဲထုတ်လိုက်သည့် မြန်မာ့စီးပွားရေးသမားများကို တွေ့လာရသည်။ အလုပ်ပြုတ်လျှင် ပိုက်ဆံ ဘယ်လောက်ရနိုင်မလဲ ဆိုတာကို အရင်တွက်ချက်ရသည်။ ထိုလစာနှင့် နောက်အလုပ်တစ်ခု မရမချင်း မည်မျှ တောင့်ခံထားနိုင်မည်နည်း။ အလုပ်တစ်ခု မရသေးခင် အချိန်ပိုင်းအလုပ်ကို ဘယ်နေရာတွေမှာ လုပ်ရမည်နည်း။ အသုံးစရိတ်များကို ဘယ်လိုလျှော့ချရမည် ဆိုတာ စဉ်းစားထားရသည်။ ကျွန်တော်ဘက်မှ အခြေအနေများကို ပြင်ဆင်ထားသည်။ ရောက်လာမည့် အခြေအနေက ဘာမှ မသိနိုင်သည့် အနေအထား ဖြစ်နေသည်။
မသေချာ..ဟုတ်သည်။ ဘယ်သူက အလုပ်လူ လျှော့စာရင်းတွင် ပါလာမည်ဟု မသေချာ။ အလုပ်ပြန်ရမည် မရမည်ကို လည်း မသေချာ။ ကမ္ဘာကြီး၏ စီးပွားရေးက ကောင်းတခါ ဆိုးတလှည့်။ ကျန်းမာရေးကလည်း မကောင်းတလှည့် ကောင်းတလှည့်။ အသစ် အသစ်သော ရောဂါတွေ.. စိန်ခေါ်မှုတွေကို ကြုံလိုက်ဆုံလိုက် ရင်ဆိုင်လိုက်နှင့် ကျွန်တော်တို့ မြန်မာပြည်ကြီးလည်း ကောင်းမွန်တိုးတက်လာရန် မသေချာ။ အကောင်းဆိုသည်ကို တွက်ထား၍ကား မသေချာသကဲ့ အဆိုးဟုလည်း တွက်ကာ ပူပန်နေရန်မလိုပါ။ မည်သည့် အခြေအနေကို မဆို ရင်ဆိုင်နိုင်ဖို့ ကိုယ့်ခံအားကောင်းရန်သာ လိုပေတော့သည်။
(ဇွန်လ အလယ်တွင် လူလျှော့သည့်စာရင်း ထွက်လာကာ သူငယ်ချင်းတချို့ ပါသွားကြသည်။ ကျွန်တော်နာမည် မပါပေ။ သို့သော် စက်ဝိုင်းတစ်ခု တစ်ပတ်ပြန်လည်ခြင်းသည် ယခု ဂလိုဘယ်လိုက်ဇေးရှင်း၏ သဘောတရားတစ်ခုဖြစ်သောကြောင့် နောက်တစ်ကြိမ်အတွက်တော့ မသေချာပေ။)