
“ဟိုမှာ ဟိုမှာ သင်္ဘောပင်တွေ၊ တွေ့လား တွေ့လား”
တစုံတယောက်က အလန့်တကြားအော်လိုက်သံကြောင့် ကားပေါ်မှာ ပါလာကြတဲ့ ကျွန်တော်တို့ တသိုက် ခေါင်းထောင်သွားကြပါတယ်။
“ဘယ်မှာလဲ ဘယ်မှာလဲ” နဲ့ အပြိုင်အဆိုင် မေးကြပြီးနောက် ---
“ဟာ ဟုတ်တယ်ဟေ့၊ ဒီဘက်မှာလဲ စိန်ပန်းပင်တွေတွေ့တယ်။”
“ဟာ ဟိုရှေ့မှာ ဝါထိန်နေအောင်ပွင့်တာ ငုပင်တွေမဟုတ်လား။”
“ငါလဲ ခုနက သရက်ပင်တွေ တွေ့သားပဲ နင်တို့တွေ အိပ်ငိုက်နေကြသလားလို့ မပြောလိုက်တာ” စသည်စသည်ဖြင့် ဆူညံပွက်လော ရိုက်သွားပါတယ်။
ကျွန်တော်တို့ ရှေ့ခုံက လင်မယားတွဲက လှည့်ကြည့်ပြီး ဘေးခုံက ကောင်မလေး နှစ်ယောက်ကတော့ ပြုံးစိစိ လုပ်နေကြပါတယ်။ ဘာဖြစ်သွားကြတယ် ဆိုတာကို နားလည်ဟန်မပေါ်ပါ။
မှန်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သင်္ဘောပင်၊ သရက်ပင်၊ စိန်ပန်းပင် ဆိုတာ ထူးထူးဆန်းဆန်းအပင်မှ မဟုတ်တာ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်သူတွေဖြစ်တယ်၊ ဘယ်ရောက်နေကြတယ် ဆိုတာကို ပြောလိုက်ရင်တော့ အတန်အသင့် နားလည်ပေးကြမယ် ထင်ပါတယ်။
FOSA Trip to Okinawa
ကျွန်တော်တို့ဟာ ဂျပန်နိုင်ငံမှာ ပညာသင်ယူနေကြသူတွေ ဖြစ်ပြီး အခုလောလောဆယ် အိုကီနာဝါကျွန်း (Okinawa) ကို လေ့လာရေး အလည်အပတ်ရောက်နေကြတာ ဖြစ်ပါတယ်။ ၂၀၀၉ ဇွန်လ ၁၃ ရက်ကနေ ၁၅ ရက်အထိ နှစ်ညအိပ်သုံးရက် ခရီးစဉ်ဖြစ်ပါတယ်။ FOSA (Fukuoka Overseas Student Association) က စီစဉ်ပေးတာပါ။ ဒီခရီးစဉ်မှာ နိုင်ငံပေါင်းစုံက လူပေါင်းစုံ စုစုပေါင်း (၄၃) ယောက်ပါတယ်။ အိုကီနာဝါကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ် ဆိုရင် ကျွန်တော်တို့လို ငွေကို ချွေတာချင်သူများ အတွက် မလွယ်ပါဘူး။ အခုလို အဖွဲ့လိုက် ပုံစံမျိုးနဲ့ တစ်ယောက်ယောက်က ဦးဆောင် စီစဉ်ပေးတော့ ကုန်ကျစရိတ် အတန်အသင့် သက်သာပါတယ်။
ဂျပန်ဟာ အအေးပိုင်းနိုင်ငံ (Temperate) ဖြစ်တော့ အပေါ်မှာ ကျွန်တော်တို့ အလန်တကြားအော်လိုက်ကြတဲ့ အပင်တွေကို သဘာဝအလျှောက် ပေါက်ရောက်နေတာ တွေ့ရလေ့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ယခု ရောက်ရှိ နေတဲ့ အိုကီနာဝါကျွန်းကတော့ ဂျပန်ရဲ့ တောင်ဖက် ခပ်လှမ်းလှမ်းမှာ ရှိတာကြောင့် နွေးသမပိုင်းဒေသ (Subtropical Zone) အတွင်း ကျရောက်နေလို့ အပူပိုင်းဒေသ ပေါက်ပင်တွေ တော်တော်များများ တွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့က ဂျပန်မှာ ၅ နှစ်လောက် အနေကြာပြီးသူ ပါသလို၊ ၁ နှစ်မပြည့်သေးတဲ့ သူလဲ ပါပါတယ်။ နှစ်ရှည်နေ နေရသူအဖို့ မမြင်တာကြာတဲ့ အပင်တွေ၊ မစားရတာကြာတဲ့ အသီးတွေကို မြင်တော့ ရင်ထဲမှာ လှိုက်ကနဲ ခံစားရပါတယ်။ ဒါကို ကိုယ်တိုင်မခံစားဘူးရင်တော့ နားလည်မယ် မထင်ပါ။
အစထဲကယဉ်သကို လို့ ဆိုရမလို ခရီးစဉ်ကို ခေါင်းဆောင်မယ့် Ram ဆိုတဲ့သူဟာ ခပ်ယဲ့ယဲ့ ပုံစံနဲ့ပါ။ သူက နီပေါကျောင်းသားဖြစ်ပြီး FOSAရဲ့ ဒု-ဥက္ကဌ ဖြစ်ပါတယ်။ မျက်နှာချိုပြီး

သဘောကောင်းပုံပေါက်ပေမယ့် လူပုံက နေမှ ကောင်းရဲ့လားလို့ ထင်ရလောက်အောင် ရှိပါတယ်။ လေးငါးရက် မအိပ်ဘဲ နေခဲ့ရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးစဉ်ဆုံးတော့ သူ့ရဲ့ သည်းညည်းခံမှု၊ နားလည်ပေးမှု၊ လိုက်လျောမှုတွေကြောင့် အားလုံး စိတ်လွတ်လပ်ပြီး ပို ပျော်စေခဲ့သလားလို့တောင် ကျွန်တော် တွေးမိပါတယ်။ နေရာတိုင်းမှာ အစီအစဉ်အတိုင်း မထွက်နိုင်ဘဲ လူအချို့ကြောင့် နောက်ကျနေပေမယ့် အပြုံးယဲ့ယဲ့နဲ့ စောင့်ပါတယ်။ မနက် ဟော်တယ်က ထွက်ကာနီး၊ တနေရာရာကို လည်ပတ် နေရာက ပြန်ထွက်ခွာကာနီးတို့မှာ လူစုံအောင် အမြဲ စောင့်ရပါတယ်။ တခါတလေ နာရီဝက်လောက်အထိ စောင့်ရ ပါတယ်။ (ပထမနေ့ ဟော်တယ်ကထွက်တော့ သတ်မှတ်ချိန် ထက် ၄၅ မိနစ် နောက်ကျပါတယ်။) ကျွန်တော်သာဆိုရင် ခင်ဗျားတို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောပစ်မိမယ် ထင်ပါတယ်။ နောက်ကျတဲ့သူတွေ ထားခဲ့ကွာ ဆိုပြီးတော့ လုပ်ရင် လုပ်ပစ်မိမယ် ထင်ပါတယ်။ အဲလိုသာ လုပ်လိုက်ရင်လဲ ပြဿနာတက်၊ အားလုံး စိတ် အနှောက်အယှက် ဖြစ်ကြရပြီး ပျော်နိုင်မယ် မထင်ပါ။
အိုကီနာဝါလေဆိပ်ကနေ ဟိုတယ်ကိုသွားနေတဲ့ ဘတ်စ် ကားပေါ်မှာလဲ ကိုယ့်ကိုယ်ကို ထပြီး မိတ်ဆက်ပေးဖို့ သူက တောင်းဆိုတာကို အားလုံး တုတ်တုတ်မလှုပ်ကြပါ။ ပင်ပန်းကြလို့လား အဆင်မပြေကြလို့လား မသိပေမယ့် ကျွန်တော်က ကြားဝင်ပြီး အားနာနေမိပါတယ်။ “မာရိယာစံ .. မာရိယာစံ” ဆိုပြီး သူ့ သူငယ်ချင်းကို စမိတ်ဆက်ဖို့ ပြောပေမယ့် ၅ မိနစ် လောက် ကြာအောင် ခေါ်တာတောင် ဟိုက ထ မလာပါ။
ဖုကုအိုကာက ထွက်လာတဲ့ ညနေဘက် ဟော်တယ်ရောက်၊ အားလုံး အစီအစဉ်တကျဖြစ်ပြီး သူနဲ့ စကားပြောဖြစ်တော့မှ တနေကုန် ဘာမှမစားရသေးဘူး လို့ ပြောပါတယ်။ တကယ်တော့ တစ်ခုခုကို ဖြစ်လာအောင် စီစဉ်ရတယ်ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဒါတောင် ဂျပန်မှာက အားလုံး အဆင်ပြေအောင်၊ အဆင်သင့်ဖြစ်အောင် လုပ်ထားကြလွန်း လို့ တော်သေးတာ။
ခရီးစဉ်အတွက် ဖုကုအိုကာ လေဆိပ်မှာ ဆုံကြတဲ့အချိန်က စပြီး တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြ၊ စကားတွေ ပြောကြနဲ့ အရမ်း တက်ကြွလန်းဆန်း နေကြပါတယ်။ အားလုံးက လတ်ဆတ်တဲ့ အရွယ်ကောင်းတွေ မဟုတ်လား။ ကျွန်တော်ကတော့ စကား သိပ်မပြောဖြစ်အောင် နေပါတယ်။ ဒါကလဲ ကိုယ့်ဒုက္ခနဲ့ ကိုယ်ပါ။ ကားပေါ်၊ ရထားပေါ်မှာ ကိုယ့်ကို တစ်ယောက်ယောက်က စကားတွေ လာပြောနေလို့ အာရုံစိုက်ရလွန်းရင် ကျွန်တော်က မူးတတ်ပါတယ်။ သူများ က စပြောပြီ ဆိုရင်လဲ အားနာပြီး စိတ်ဝင်စားဟန်ဆောင် နားထောင်ပေးတတ်ပါတယ်။ အဲဒီတော့ ပိုဒုက္ခရောက် ပါတယ်။ ဒါကြောင့် ခရီးထွက်ရပြီဆိုရင် အစကတည်းက စကား သိပ်မပြော သယောင်ယောင်၊ လူစိမ်းတွေနဲ့ မခင်တတ် သယောင်ယောင် လုပ်လိုက်ပါတယ်။
ခိနဲဇာ အုဝိ တို့ အဖွဲ့
များသောအားဖြင့် နာမည်ကို ကြားရင် ဘယ်နိုင်ငံသား ဖြစ်နိုင်သလဲ ဆိုတာ ခန့်မှန်းနိုင်ကြတယ်။ နိုင်ငံကို မခွဲခြားနိုင်တောင် ကမ္ဘာ့ရဲ့ ဘယ်ဒေသကလဲ ဆိုတာ ခန့်မှန်း နိုင်ကြတယ်။ ဥပမာ ဒေးဗစ် တို့၊ ရစ်ချက် တို့ ဆိုရင် ဥရောပဖက်က၊ ဝမ် တို့ ချန် တို့ ဆိုရင် တရုတ်၊ ရာရှစ်တို့ မိုဟာမက်တို့ ဆိုရင် ကုလားတစ်ယောက်ယောက်ပေါ့။ ထနာကာတို့ ကာဝါဂုချိတို့ ဆိုရင် ဂျပန်ပေါ့။ ကျွန်တော်တို့ မြန်မာတွေဆိုရင်လဲ အောင် တို့ဘာတို့ပေါ့။ ဂျပန်မှာတော့ အောင် ဆိုရင် မြန်မာလူမျိုးပဲလို့ သိကြတယ်။ အခြားမပြောနဲ့ အခု ကျူးရှူးတက္ကသိုလ်မှာကိုပဲ ကျွန်တော် သိမှီသလောက် ကာလအတွင်းမှာ အောင်တွေ တော်တော်များတယ်။ ရောက်လာသမျှ ယောက်ျားလေးရဲ့ တစ်ဝက်ကျော်လောက်က နာမည်မှာ အောင် နဲ့ စပါတယ်။

ဒီလောက် စကားစပ်ပြောနေတာက အကြောင်းရှိလို့ပါ။ အပေါ်မှာ ခေါင်းစဉ်တပ်လိုက်တဲ့ “ခိနဲဇာ အုဝိ” ဆိုတဲ့ နာမည် ဆိုရင် ဘယ်နိုင်ငံသား ဖြစ်မလဲ ခန့်မှန်းစေချင်လို့ပါ။ တကယ်တော့ နာမည်နားထောင်ပြီးခန့်မှန်းခိုင်း၊ ပြီးမှ အဖြေပြောတာထက် ကိုယ်မကြားဘူးတဲ့ အသံထွက်နဲ့ ကိုယ် ရင်းနှီးနေတဲ့လူကို ခေါ်လိုက်တာက ပိုပြီး ကြောင်သွားစေ ပါတယ်။ ခိနဲဇာအုဝိ ဆိုတာ ကျွန်တော်တို့ မြန်မာအမျိုးသမီး ညီမငယ်တစ်ယောက်ရဲ့ အမည် ဖြစ်ပါတယ်။
တကယ်တော့ သူနာမည်က ခိုင်ဇာဝေ ပါ။ ခိုင်ကို စာလုံးပေါင်းရင် Khaing နဲ့ပေါင်းသူရှိသလို၊ Khine လို့ ပေါင်းသူလဲ ရှိပါတယ်။ ဂျပန်သရက အ၊ အိ၊ အု၊ အဲ၊ အော့ ငါးလုံးပဲ ရှိတော့ ရှိသမျှ အသံထွက်တွေကို အဲဒီ ငါးလုံးထဲ ဝင်အောင် လုပ်ပစ်ပြီး ထွက်ကြပါတယ်။ Khi နဲ့ ne နှစ်ခုခွဲပြီး ခိနဲ လို့ ထွက်လိုက်ပုံရပါတယ်။ ဝေ ဆိုတာကို ဂျပန်စာနဲ့ အသံထွက်မှန်အောင် ရေးလို့ မရပါဘူး။ အဲသည်တော့ အုဝိ ဆိုပြီး လုပ်လိုက်ပါတယ်။ ဒီတော့ ခိနဲဇာအုဝိ ပေါ့။
ခရီးစဉ်စဖို့ လေဆိပ်မှာ လူစုကတည်းက လူစုံမစုံ သိရအောင် နာမည်စာရင်းခေါ်ပါတယ်။ နောက်လဲ တစ်နေရာ ရောက်ပြီး ပြန်ထွက်ကာနီးတိုင်း မသင်္ကာရင် ခေါ်ပါတယ်။ အစက ကိုယ့်နာမည်ကို နားစိုက်ထောင်နေတော့ အခြား သူတွေကို ဘယ်လိုခေါ်တယ်ဆိုတာ သတိမထားမိခဲ့ဘူး။ နောက်နေ့တွေရောက်လို့ ခရီးစဉ်ဆုံးကာနီးမှ ခိုင်ဇာဝေကို အဲလို ခေါ်နေမှန်း သိရပါတော့တယ်။
တကယ်တော့ ဂျပန်စာ လေ့လာဖူးသူတိုင်း အင်္ဂလိပ်၊ ပြင်သစ် စတဲ့ နိုင်ငံခြားမွေးစားစလုံးတွေ၊ ဂျပန်စကားထဲမှာ ညှပ်ပြောတဲ့ အင်္ဂလိပ်စာလုံးတွေနဲ့ ပတ်သက်ပြီး ဒုက္ခ ရောက်ဖူးကြမှာပါ။ ခတခဏ (katakana) သင်ခန်းစာပေါ့။ ကျွန်တော်ကတော့ ဂျပန်မှာ (၅)နှစ်ကျော် နေပြီးတာတောင် ကသိကအောက် ဖြစ်ရတုန်းပါပဲ။
ပထမဆုံး နာမည်တွေနဲ့ ဒုက္ခရောက်ပါတယ်။ ကိုယ့် နာမည်ကို ဂျပန်လို ဘယ်လို အနီးစပ်ဆုံးဖြစ်အောင် ရေးမလဲ ဆိုတာ ချွေးပျံအောင် ပြောကြရပါတယ်။ (မှန်အောင်တော့ ရေးလို့ရမယ် မထင်ပါဘူး၊ နီးစပ်အောင်ပဲ တော်တော် ကြိုးစားကြရပါတယ်။) ဆရာ၊ ဆရာမတွေလဲ အဲသည့်အချိန် တော်တော် ဦးနှောက်စားကြမယ် လို့ထင်ပါတယ်။
ကျွန်တော့်နည်းကတော့ ကိုယ့်နာမည်ကို မြန်မာသံနဲ့ ပီပီသသပြောပြလိုက်ပြီး ဂျပန်တစ်ယောက်ယောက်ကို အနီးစပ်ဆုံး အသံရအောင် ရေးခိုင်းခြင်းပါပဲ။ ကိုယ်က ဂျပန်သံလုပ်ပြီး နာမည်ကို မပြောမိဖို့က အရေးကြီးပါတယ်။ ဥပမာ ကျော် ဆိုပါတော့။ ကျွန်တော်တို့က ဂျပန်စာနဲ့ ကိုယ့်ဖာသာစဉ်းစားကြည့်ပြီး ခရော (kyo) လိုလို၊ ချော (chyo) လိုလိုပြောရင်တော့ တော်တော်လွဲတဲ့ အသံဖြစ်သွားမှာပါ။ နှင်း ဆိုရင်လဲ နှင်း လို့သာ ပီပီသသ ပြောချလိုက်၊ ပြီးမှညှိယူပေါ့။ အစကတည်းက နီး လိုလို နင်း လိုလို မပြောမိဖို့ လိုတာပေါ့ (ဥပမာပြောတာနော်။) အဲသည်တော့ ကျော် ဆိုရင် ကျော် လို့ပဲ ပီပီသသ ပြောပြလိုက်ပါ။ လွင်ဆိုရင်လဲ လွင် လို့ ပီပီသသ ပြောချလိုက်ပါ။ ပြီးမှ ရေးကြည့်ထားတဲ့ ကိုယ့် နာမည်ကို အစအဆုံး ရွတ်ဆိုကြည့်ပါ။ မြန်မာစကား ဆိုတာလဲ “ဖတ်တော့အသံ” ဖြစ်တာမို့ မြန်မာသံနဲ့ ခပ်ဆင်ဆင် ဖြစ်သွားနိုင်တဲ့ အသံကို ကိုယ်တိုင်ရွေးလိုက်ပါ။ ကိုယ့်မြန်မာ လူမျိုးတွေလိုပဲ ဂျပန်ရောက် အခြားနိုင်ငံသားတွေလဲ အဲဒါနဲ့ပဲ အောင့်သက်သက် ခံနေကြရတာပါ။
ဌာနမှာလဲ ကိုယ်က အင်္ဂလိပ်စာကို အင်တာနေရှင်နယ် စံနဲ့ အသံထွက်မှန်အောင် ကြိုးစားပြီး ပြောရင် ဂျပန်တွေ နားမလည်ပါဘူး။ အဲသည်တော့ ဂျပန်သံလေး ဖြစ်သွားအောင် ပြင်ပြောမှကို နားလည်ပေးကြပါတယ်။ ဥပမာ best ဆိုရင် ဘဲ့စုတို၊ market ဆိုရင် မာ့ကဲ့တို၊ soup ဆိုရင် စူးပု၊ two ဆိုရင် စူး-- စသည်ဖြင့်ပေါ့။ ဘာကြောင့် အဲသလို ပြောင်းမှန်း မသိရလောက်အောင် ပြောင်းသွားတဲ့ အသံထွက် တွေလဲ ရှိပါသေးတယ်။ ဥပမာ tour ဆိုရင် စုအား လို့ အသံထွက်ပါသတဲ့၊ methyl ဆိုရင် မိချိရု၊ ethylene ကို အိချိရင်း လို့ အသံထွက်သတဲ့။ Volks ဆိုတဲ့ အမည်နဲ့ ကော်ဖီဆိုင်တစ်ဆိုင်ရှိပါတယ်။ အဲဒါကို ဂျပန်သံနဲ့ “အုဝို့လုခုစု” လို့ အသံထွက်ပါတယ်။ အဲဒါတောင် မိစုတာ ဂျပန်းနီးဇု (Mr Japanese) တွေက ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စာအသံထွက်ကို မှားကောင်းမှားနိုင်တယ် ဆိုတဲ့ သံသယ ရှိနေကြပါသေးတယ်။ ထားပါတော့ စိတ်ပေါက်ပေါက် နဲ့ ရေးရရင် ဂျပန်အသံထွက်နဲ့တင် ညလုံးပေါက်နိုင်ပါတယ်။
အိုကီနာဝါဆိုတာ
အိုကီနာဝါကျွန်းစုဆိုတာ ဂျပန်ရဲ့ တောင်ဘက်အစွန်း ပင်လယ်ထဲမှာ ရှိတဲ့ ကျွန်းတန်းလေးပါ။ ဂျပန်နိုင်ငံရဲ့ ကျူးရှူးကျွန်းရဲ့ ထိုင်ဝမ်ကို မျဉ်းကြောင်းလေးနဲ့ ဆက် ကြည့်ရင် အလယ်တည့်တည့်လောက်မှာ ရှိနေတဲ့ ကျွန်း အုပ်စုလေးပါ။ အဲဒီကျွန်းစုကို ပတ်ဝန်းကျင်ဒေသတွေက Ryukyu ကျွန်းစုလို့ ခေါ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဘက်က ဆိုပါတော့။ ကျွန်းသားတွေ ကိုယ်တိုင်ကတော့ အိုကီနာဝါ ကျွန်းစု လို့ ခေါ်ပါတယ်။ အခုတော့ နှစ်မျိုးလုံး ခေါ်နေကြ ပေမယ့် အိုကီနာဝါ ဆိုတာက ပိုတွင်တဲ့အမည်ဖြစ်လာပါပြီ။ အိုကီနာဝါ ဆိုတာ “ရေထဲကကြိုး” ဆိုတဲ့ အဓိပ္ပာယ်ရှိမယ် လို့ ထင်ပါတယ်။ ကျွန်းစု အတန်းလေးကို ကောင်းကင်ပေါ်ကကြည့်ရင် ရေထဲမှာ ကြိုးလေးတစ်ချောင်း ချထားတာနဲ့တူပါတယ်။
အိုကီနာဝါလူမျိုးဆိုတာ တကယ်တော့ ဂျပန်လူမျိုးထက် ဖိလစ်ပိုင်နဲ့ တရုတ်ကို ပိုပြီးတူပါတယ်။ မလေးလူမျိုးအနွယ်နဲ့လည်း နည်းနည်း ရောယှက်နေခဲ့တယ်လို့ ပညာရှင်တွေက စစ်တမ်းထုတ်ကြပါတယ်။ သူတို့မှာ ကိုယ်ပိုင် ဘာသာစကား သီးသန့် ရှိပါတယ်။ အခုတော့ သာမာန်အားဖြင့် ဂျပန်စကားကိုလဲ ပြောနေ၊ သုံးနေကြပါတယ်။ ဒါပေမယ့် မတူတဲ့ ဝေါဟာရတွေ၊ အသံထွက်တွေ အများကြီး ကြားရပါတယ်။
ကမ္ဘာ့နာမည်ကျော် ပင်လယ်ကမ်းခြေတွေ ရှိတဲ့ ဟာဝိုင်ယီတို့ သြစတြေးလျတို့ ဖိလစ်ပိုင်တို့မှာ တွေ့ရမြင်ရသလို ပင်လယ်ကမ်းခြေမှာ ၀တ်တဲ့ အဝတ်အစားတွေ၊ သုံးတဲ့ အသုံးအဆောင်တွေကို လှိုင်လှိုင် သုံးနေကြ၊ ဆင်မြန်းထားကြတာကို ဒီမှာလဲ တွေ့ရမှာပါ။ အိုကီနာဝါကို ဟာဝိုင်အီ အသေးစားတစ်ခုလိုလို တင်စား ကြတာလဲ ကြားဖူးပါတယ်။ ဟုတ်လဲ ဟုတ်ပါတယ်။ အိုကီနာဝါဟာ ကမ္ဘာလှည့်ခရီးသည် များစွာအတွက် စိတ်ဝင်စားဖွယ် ဖြစ်နေပါတယ်။ အဲဒီမှာ ပင်လယ်ကမ်းခြေ ရှိတယ်၊ အိုကီနာဝါရဲ့ အများနဲ့မတူ ခြားနားတဲ့ ရိုးရာယဉ်ကျေးမှု ရှိတယ်။ ပင်လယ် အစားအစာနဲ့ အပူပိုင်း သစ်သီးဝလံတွေ ရှိတယ်။
တကယ်တော့ အိုကီနာဝါဟာ ဂျပန်နိုင်ငံရဲ့ အဆင်းရဲဆုံး ခရိုင်ဖြစ်ပါတယ်။ စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းနည်းပြီး ဂျပန်ပြည်မကြီးနဲ့ ဝေးလွန်းတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ တကယ့် နေပျော်စရာ ကောင်းတဲ့ သဘာဝဆန်တဲ့ နေရာဒေသလေးတစ်ခုအဖြစ် တွေ့မြင်မိပါတယ်။ ကျွန်းသားတွေဟာ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးကို အဓိက လုပ်ကြပါတယ်။ သီးပင်စားပင် အမျိုးစုံအောင် ရှိပါတယ်။ နွေးထွေးတဲ့ ရာသီဥတုနဲ့ မိုးများတဲ့ သဘာဝအခြေခံ ဖြစ်တယ်။ တိုင်ဖွန်းမုန်တိုင်းဒဏ် ခံရတာကိုတော့ ပင်လယ်ထဲက ကျွန်းပီပီ များလွန်းလို့ အမှတ်မထားကြတော့ပါဘူး။
ကြက်ဟင်းခါးသီးကျွန်း
အိုကီနာဝါဆိုရင် ကြက်ဟင်းခါးသီးနဲ့ ဝက်သား ကို တွဲမြင်တတ်ကြပါတယ်။ ကြက်ဟင်းခါးသီးဟာ အိုကီနာဝါရဲ့ အမှတ်အသားလို ဖြစ်နေပါတယ်။ သူတို့ရဲ့

ရှေးကတည်းက အဓိက စားလာတဲ့ ဒေသအစားအစာ Chanpuru ဆိုတဲ့ ဟင်းမယ်တစ်ခု ရှိပါတယ်။ ကြက်ဟင်းခါးသီးကို တို့ဖူး၊ ပဲပင်ပေါက်၊ ငါး၊ ကြက်ဥ စတာတွေနဲ့ ရောပြီး ကြော်ထားတဲ့ ဟင်းပါ။ ဒုတိယနေ့ နေ့လည်စာမှာ အဲသည် ဟင်းကို မှာစားကြပါတယ်။ မြန်မာပါးစပ်နဲ့ တော်တော် လိုက်ဖက်ပါတယ်။ ဆိုင်မှာစားနေရတာနဲ့မတူဘဲ အိမ်မှာ ချက်ထားတဲ့ အိမ်ဟင်းတစ်မျိုးကို စားရတဲ့ အရသာပါ။ ကြက်ဟင်းခါးသီးကို ဟင်း အဖြစ် ချက်ပြုတ်စားရုံ မကဘဲ လက်ဖက်ခြောက်လုပ်သောက်တာတို့ မုန့်ထဲမှာ ထည့်လုပ်တာတို့ကိုလဲ တွေ့ခဲ့ပါသေးတယ်။ ကြက်ဟင်းခါးသီးရဲ့ ဓာတ်ပစ္စည်း ပါဝင်ဖွဲ့စည်းထားပုံတို့ ဘယ်ရောဂါတွေအတွက် ဘယ်လို ဆေးဖက်ဝင်တာတို့ စတာတွေကို နေရာတိုင်းမှာ ရေးထား၊ ရှင်းထားတာတွေ တွေ့နိုင်ပါတယ်။
ကျွန်တော့်အနေနဲ့ ကျေနပ်ခဲ့တာကို ပြောရရင် ဝက်သား အဝစားခဲ့ ရတာပါပဲ။ အိုကီနာဝါမှာ ထမင်းစားတိုင်း ဝက်သားနဲ့ စားခဲ့ပါတယ်။ ဝက်သားသုံးထပ်သားကို အိနေအောင် ပေါင်းထားတာပါ။ ဝက်နံရိုးပေါင်းလိုဟာ၊ ဆိုဘ ခေါက်ဆွဲထဲ ထည့်ထားတဲ့ ဝက်သား (Soki Soba) စသဖြင့်ပေါ့။ ဂျပန်အနေနဲ့ ပြည်မကြီးကိုကြည့်ရင် ဝက်သားကို ကောင်းကောင်း လုပ်မစားတတ်ကြပါဘူး။ ဝက်သားကို ပါးပါးလေးတွေလွှာပြီး ရှာဘုရှာဘု လို့ ခေါ်တဲ့ Hot-pot မှာ ထည့်စားတာတို့၊ စုခိယခိ လို ရောမွှေပစ်ထည့်ပြီး ကြော်တာ လိုလို ပြုတ်တာလိုလို လုပ်ထားတဲ့ အစားအစာတို့၊ Ramen ထဲတည့်စားတဲ့ ကျပ်တင်ထားတာတို့ပဲ များသောအားဖြင့် တွေ့ရတယ်။ အိုကီနာဝါမှာတော့ ဝက်သားကို ကောင်းကောင်း လုပ်စားကြပါတယ်။ တရုတ်ဘက်ကို ပိုနွယ်လို့ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။
အချိန်ရှိခိုက် လုံ့လစိုက်
ဒီခရီးစဉ်ဟာ နွေရာသီခရီးစဉ် လို ပင်လယ်ကမ်းခြေကို သွားတဲ့ပုံစံမျိုး တစိတ်တပိုင်း ပါပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ဒီရက်တွေမှာ ရာသီဥတု မကောင်းလှပါဘူး။ မိုးကြီးတဲ့ နေ့တွေပဲ ဆက်တိုက်ဖြစ်နေပါတယ်။ အိုကီနာဝါကို လေယာဉ် ဆိုက်ရမယ့် အချိန်မှာ ရာသီဥတု မကောင်းလို့ ကောင်းကင် ပေါ်မှာ ၂၀ -၂၅ မိနစ်လောက် ဝဲနေရပါတယ်။ ဆင်းလို့ရပြီ ဆိုတော့လဲ ကိုယ့်အရင် ဆင်းဖို့စောင့်နေတဲ့ လေယာဉ်တွေ ရှိတာကြောင့် နာရီဝက်နီးပါး ထပ်ပြီး စောင့်ရပြန်ပါတယ်။ လေယာဉ်တော့ တဝကြီး စီးခဲ့ရတယ် လို့ပဲ ပြောရပါမယ်။
လေယာဉ်ဆိုက်တာနောက်ကျတော့ ကမ်းခြေကိုသွားဖို့ နောက်ကျသွားပါတယ်။ ဒီညနေခင်းတစ်ခုပဲ ကမ်းခြေကို ဆင်းဖို့ အစီအစဉ် ရှိပါတယ်။ မနက်ဖြန် တနေကုန် ဘတ်စ်ကားနဲ့ လည်မယ်။ နောက်နေ့ မနက်ပိုင်းက ဟိုဟိုဒီဒီ ဈေးဝယ်ထွက်ကြမယ်လို့ စီစဉ်ထားပြီးဖြစ်လို့ အခုအချိန်ကလွဲရင် ကမ်းခြေကို ငုံ့ကြည့်ဖို့ အချိန်မရှိပါဘူး။ အဲဒီတော့ ဟိုတယ်ရောက်ပြီး မနက်ဖြန် အစီအစဉ် နားထောင်၊ အခန်းယူပြီးတာနဲ့ ကမ်းခြေကို အမြန်ပြေးကြ ပါတယ်။ အခု မိုးတိတ်နေပေမယ့် မကြာခင် ရွာကောင်း ရွာချနိုင်သေးတယ်ဆိုတော့ အချိန်ရှိခိုက်လုံ့လစိုက် ဆိုတဲ့ စကားအတိုင်း ကျင့်သုံးကြတာပေါ့။ ကျွန်တော်တို့ အဖွဲ့က အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြပါတယ်။
စိုစွတ်နွေးထွေးသောညခင်းလေးတစ်ခု
ကမ်းခြေက ပြန်တက်လာပြီး ရေချိုးကြ၊ အဝတ်လဲကြနဲ့ မိုးတော်တော်ချုပ်သွားပါတယ်။ ရှစ်နာရီလောက်မှာမှ ထမင်း စားဖို့ အပြင်ကိုထွက်ကြပါတယ်။ မြို့နဲ့ဝေးတဲ့ ကမ်းခြေဖက် ရောက်နေတာဆိုတော့ ဆိုင်က သုံးဆိုင်လောက်ပဲ ရှိပါတယ်။ ဟိုတယ်အောက်မှာ ဆိုင်တစ်ဆိုင်ရှိပေမယ့် အပြင်ထွက်မယ် လို့ စဉ်းစားထားတော့ ဝင်မကြည့်တော့ပါဘူး။
လမ်းပေါ်ရောက်တော့မှ လမ်းမီးတွေ မရှိတာ တွေ့ရတယ်။ ဖုကုအိုကာ အပါအဝင် ဂျပန်ပြည်မကြီးဘက်မှာတော့ ထိန်ညီး နေအောင်၊ အမှောင်ဆိုတာ မရှိလောက်အောင် ထွန်းထားကြတယ် မဟုတ်လား။ အခုလိုမျိုး ကြုံရတော့ စိတ်ထဲမှာ တမျိုးလေး ဖြစ်သွားကြပါတယ်။ လွမ်းစရာလိုလို ဒါကပဲ လှနေသလိုလိုပေါ့။ ဂျပန်စကားနဲ့ပြောရင် နစုကားရှီး-နဲ လို့ ပြောရမယ်ထင်ပါရဲ့။ Natsukashii ဆိုတာ ဟိုတုန်းက ပျော်ခဲ့ရွှင်ခဲ့တဲ့ နေရာတို့ အဖြစ်အပျက်တို့ကို ပြန်သတိရတဲ့ အခါ (သို့မဟုတ်) နေရာဟောင်း၊ မိတ်ဆွေဟောင်းတွေနဲ့ ပြန်ကြုံတဲ့ ဆုံတဲ့အခါ တို့မှာ ပြောတတ်ကြတဲ့ စကားလုံးပါ။ “လွမ်းစရာလေးပဲ” လို့ ဘာသာပြန်ရမယ် ထင်ပါရဲ့။ ကျွန်တော်တို့လဲ “ဟာ မြန်မာနိုင်ငံနဲ့ တူလိုက်တာ၊ လွမ်းစရာလေးပဲ ---” လို့ ပြောမိပါတယ်။
မိုးရွာထားတဲ့အတွက် မြေပြင်က စိုစွတ်စွတ်ဖြစ်နေ ပါတယ်။ ရာသီဥတုက နွေးသလိုလို၊ အုံ့ဆိုင်းဆိုင်းသလို ဖြစ်နေပြီး အမှောင်ထဲက ပုရစ်တွေအော်နေတဲ့ အသံကို ကြားရပါတယ်။ ကျွန်တော်က ဟန်းဖုန်းနဲ့ မီးထွန်းပြီး လမ်းကို မြင်သာအောင် လုပ်တော့ တရုတ်စကားပွင့်လေးတွေ ကြွေကျနေတာ တွေ့ရ ပါတယ်။ လမ်းဘေးဝဲယာကို ဝေ့ကြည့်တော့ ဇလပ်စင်္ကြာလို ပန်းလေးတွေ ပွင့်တချို့ ကြွေတချို့ ဖြစ်နေတာကို တွေ့ရ ပြန်ပါတယ်။ အမှောင်ထဲမှာ ဖြတ်လာပြီး ခပ်ဝေးဝေးက မီးရောင်ဝါထိန်ထိန်နဲ့ စားသောက်ဆိုင်ကို လှမ်းမြင်ရတာဟာ မြန်မာနိုင်ငံမှာ လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကို လှမ်းမြင် လိုက်ရသလို ခံစားရပါတယ်။
ဂိုက်ဒိုစံ (Tour Guide)
မနက်အိပ်ယာထ ဟိုတယ်က ကျွေးတဲ့ ဘူဖေး မနက်စာကို တဝတပြဲစားပြီး လည်ဖို့ ပြင်ကြတယ်။ အချို့လဲ အစားဝအောင်မစားပဲ စကားတွေအများကြီးပြောနေလို့ အမှတ်မထင် စိတ်ဆိုးစရာတွေလဲ ကြုံကြရပါသေးတယ်။
ဒီနေ့က ဘတ်စ်ခရီးစဉ်နေ့ ဆိုပါတော့။ မနက် ရှစ်နာရီ လူစု၊ နာမည်စာရင်းခေါ်ပြီး ဘတ်စ်ကားပေါ် တက်ကြပါတယ်။ ဂျပန်ရဲ့ တိုးရ်ဘတ်စ်တွေထုံးစံ ဂိုက်တစ်ယောက်ပါပါတယ်။ သူက တစ်လမ်းလုံး စကားတွေပြောပြီး ရှင်းပြပါတယ်။ မြင်သမျှလက်ညှိုးထိုးပြီး အရှေ့ဖက်က ဘာပါ၊ အနောက်ဖက် က ဘာပါ။ ဘယ်ကိုကြည့်လိုက်ရင် ဘာတွေ့ပါမယ်၊ ညာကို ကြည့်လိုက်ရင် မြင်ရတာက ဘာဖြစ်ပါတယ် နဲ့ ပြောပါတယ်။ ပြစရာအထူးအထွေမရှိရင် တစ်ခုခုရဲ့ အကြောင်းကို ကျကျနန ရှင်းပြနေတတ်ပါတယ်။ ဥပမာ နေရာတစ်ခုရဲ့ သမိုင်းကို ဖြစ်ဖြစ်၊ တွင်ကျယ်နေတဲ့ ပစ္စည်းတစ်ခုရဲ့ အကြောင်းကို ဖြစ်ဖြစ်ပေါ့။
ကျွန်တော်ကတော့ လိုက်နားထောင်ပြီး သဘောကျ နေမိပါတယ်။ တော်တော်လေး လေ့လာပြင်ဆင်ထားတာပဲ လို့ ချီးကျူးမိပါတယ်။ ကြံပင်တွေတွေ့တော့လဲ ကြံနဲ့ ပတ်သက်တဲ့အကြောင်း စိုက်ပျိုးထုတ်လုပ်မှု၊ မြေသြဇာ လိုအပ်ပုံ ရောဂါနဲ့ပိုးမွှားကာကွယ်ဖို့ အရေးကြီးပုံက အစပြုပြီး ကြံအထွက်၊ သကြားအထွက်နဲ့ အသုံးပြုပုံတွေ

အထိ ပြောပါတယ်။ လမ်းဘေးမှာ တောင်တွေနဲ့ တောင်ခါးပန်း တဝိုက်က စက်ရုံတွေ တွေ့တော့လဲ အိုကီနာဝါရဲ့ တောင်တွေဟာ ကျောက်တောင်တွေ ဖြစ်တဲ့အကြောင်း စမ်းသပ် စစ်ဆေး ကြည့်တော့ ဘိလပ်မြေ ထုတ်လို့ ရနိုင်တဲ့ အတွက် အခု စက်ရုံတွေ တည်ပြီး အများကြီး ထုတ်နေကြောင်း ပြောပါတယ်။
တော်တော်လေး မောတော့ သီချင်းတွေ ဖွင့်ပြပါတယ်။ အိုကီနာဝါဟာ ဂျပန်မှာ ဂီတအနုပညာရှင် အများကြီးထွက်တဲ့ ဒေသလဲ ဖြစ်နေပြန်ပါတယ်။ ကျွန်တော် ကိုယ်တိုင်တောင် အိုကီနာဝါက အဆိုတော်တွေ အများကြီး ကြိုက်နေမိတာ ရှိပါတယ်။ ဥပမာ - BEGIN, Kiroro, Natsukawa Rimi, The Boom, Gackt, Orange Range စသည်ဖြင့် နောက်ထပ် အများကြီးရှိပါတယ်။ ကားပေါ်မှာ ဖွင့်ပြတဲ့ သီချင်းတွေက အိုကီနာဝါရဲ့ အထင်ကရ သီချင်းတွေဖြစ်ပါတယ်။ Shima Uta, Shimanjunu Takara, Hana စတာတွေဖြစ်ပါတယ်။
ဂိုက်ဒိုစံ မပြောပေမယ့် ကျွန်တော်ပြောပြချင်တာက သူတို့ရဲ့ Sanshin လို့ခေါ်တဲ့ တူရိယာလေး အကြောင်း ဖြစ်ပါတယ်။ အဲဒီ တူရိယာသံဟာ ဒီကျွန်းကို အခြေပြုတဲ့ ဂီတ ပညာရှင်တွေရဲ့ သီချင်းတွေတော်တော်များများမှာ ထည့်သုံးလေ့ရှိတာ တွေ့ရပါတယ်။ အဲဒီ Sanshin တူရိယာဟာ တရုတ်က အခြေခံလာတဲ့ တူရိယာဖြစ်ပါတယ်။ အခုခေတ် မြင်တွေ့ရတဲ့ ဆန်ရှင်းပုံစံဖြစ်အောင်၊ အခုကြားနေရတဲ့ အသံ ဖြစ်အောင် ပြောင်းလဲမှုတွေတော်တော်များများ လုပ်ထားပါ တယ်။ ကြိုးသုံးကြိုး တပ်ထားပြီး လည်ပင်းရှည်နဲ့ ဂီတာလိုပုံစံ ဖြစ်ပါတယ်။ အဲဒီ ဆန်ရှင်းကို တုပြီး ဂျပန် ပြည်မကြီးမှာ Shamisen ဆိုတဲ့ တူရိယာကို တီထွင် ပါတယ်။ နှစ်မျိုး လုံးရဲ့ အသံထွက်ပုံက ဘင်ဂျိုသံဆန်ဆန် ပါ။ ဒါပေမယ့် ဘင်ဂျိုသံထက် ချိုပါတယ်။ ဆန်ရှင်းရဲ့ အသံအိုးကို မြွေအရေခွံနဲ့ လုပ်ပြီး ရှာမိဆန်းကိုတော့ ကြောင် (သို့မဟုတ်) ခွေး အရေခွံနဲ့ ကျက် ပါတယ်။ ကြိုးတွေအနေနဲ့ ဟိုတုန်း က ပိုးကြိုး ဖြစ်ပြီး အခု ခေတ်မှာတော့ နိုင်လွန်ကြိုးကို သုံးပါတယ်။
ရှီဆာ

ဂျပန်က တရုတ် ယဉ်ကျေးမှုကို ခုနစ်ဆယ်-ရှစ်ဆယ် ရာနှုန်းလောက် ယူထားပါတယ်။ အဲဒါဟာ အိုကီနာဝါမှာ အမှန်ဆုံးလို့ ဆိုရမလိုပါ။ အိုကီနာဝါရဲ့ လမ်းတလျှောက်လုံး မှာရှိတဲ့ အိမ်တွေ၊ လမ်းတွေ အဆောက်အဦတွေတိုင်းမှာ ရှီဆာ လို့ခေါ်တဲ့ ခြင်္သေ့ရုပ်နဲ့ ခပ်ဆင်ဆင် အရုပ်တွေကို တွေ့ရပါတယ်။ Lion-dog ခွေးခြင်္သေ့လို့လဲ ပြောကြပါတယ်။ (ယာပုံ) ခေါင်းက ခြင်္သေ့ခေါင်း၊ ကိုယ်ပိုင်းက ခွေးကိုယ်နဲ့ပါ။ ရှီဆာ လို့ခေါ်သလို ရှီရှီ လို့လဲ ခေါ်ပါသေးတယ်။ အိမ်ပေါက်ဝ တံခါးတိုင်တွေမှာ၊ ခေါင်မိုးတွေပေါ်မှာ၊ အိမ်ဝင်းကို ကာထားတဲ့ တံတိုင်းတွေမှာ အများကြီး တွေ့ရပါတယ်။ အချို့နေရာတွေမှာ တစ်ထွာ သာသာ၊ တောင်ဆုပ်ဝန်းကျင် ခပ်သေးသေးတွေဖြစ်ပေမယ့် အချို့နေရာတွေမှာတော့ လူတစ်ထိုင်၊ လူတစ်ရပ် စသဖြင့် ကြီးကြီးမားမားတွေကိုလဲ တွေ့ရပါတယ်။ ပုံမှန်အားဖြင့် နှစ်ကောင်တွဲ စုံလိုက် တွေ့ရပါတယ်။ တစ်စုံထဲမှာ တစ်ကောင်နဲ့တစ်ကောင် တူအောင် မလုပ်ပါဘူး။ ဥပမာ - တစ်ကောင်က ပါးစပ်ဟထားရင် ကျန်တစ်ကောင်က ပါးစပ် ပိတ်နေပါတယ်။ အိုကီနာဝါရဲ့ City Office အဆောက်အဦးကြီးရဲ့ အမိုးနဲ့ မြင်သာတဲ့အပိုင်းတွေမှာ ရှီဆာ အကောင် ပေါင်း ၆၀ ကျော် လုပ်ပြီး အလှဆင်ထားတယ်လို့ ဆိုပါတယ်။ တကယ်တော့ ရှီဆာကို အဆောင်ပစ္စည်းပုံစံမျိုးလို ဝယ်ယူ၊ ထုလုပ် ဆောင်ထားကြတာ ဖြစ်ပါတယ်။ သူရှိရင် အန္တရာယ်ကင်းတယ်။ အမှောင့်ပရောဂ မဝင်ဘူး။ သူ့ကို ဆောင်ထားရင် လာဘ် ကောင်းတယ် စတဲ့ အယူအဆတွေ ဖြစ်ပါတယ်။ အဲဒါဟာလဲ တရုတ်ရဲ့ Guardian lion အယူအဆက လာတာပါ။
ဂူဗိမာန်
ကျွန်တော့်အနေနဲ့ အံ့သြမိတာ တစ်ခုက သူတို့ရဲ့ သချုင်္ီင်းဂူ ပုံစံတွေကိုပါ။ အဝေးကကြည့်ရင် အိမ်လေးတွေနဲ့ တူပါတယ်။ အချို့ အမိုးခုံးခုံးနဲ့ လိပ်ရဲ့ ကျောကုန်းနဲ့ တူပါတယ်။ အချို့က အခုခေတ် တိုက်အိမ်ပုံစံမျိုးပါ။ ဒါပေမယ့် မြင်တာနဲ့ အိမ်မဟုတ်နိုင်ဘူးလို့လဲ သိပါတယ်။ အရွယ် အမျိုးမျိုးပါပဲ။ ဒါပေမယ့် တော်တော်ကြီးပါတယ်။ အိပ်ပေါက်စ တစ်လုံးနီးပါးရှိတဲ့ ဂူတွေကိုလဲ တွေ့ရပါတယ်။
အဲဒါတွေဟာ သူတို့ရဲ့ ဆွေစဉ်မျိုးဆက် မိသားစု အုတ်ဂူ ဗိမာန်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ အိုကိနာဝါက တရုတ်နဲ့ တော်တော်ကိုတူတယ်လို့ ဆိုရမယ်။ သူတို့ဟာ ကွယ်လွန်ပြီး ဘိုးဘေးဘီဘင်များကို ကိုးကွယ်သူများ ဖြစ်ပါတယ်။ သေဆုံး ပြီးသူ မိသားစုဝင်များ အားလုံးကို ကိုးကွယ်ပါတယ်။ မိသားစုဝင် တစ်ယောက်ယောက် သေဆုံးတိုင်း အဲသည် အုတ်ဂူကြီးထဲကိုပဲ ဆက်ထည့်ပြီး သင်္ဂြီုဟ်ပါတယ်။ ဒါပေမယ့် မိသားစုကို ဂုဏ်ပျက်စေသူ၊ အပြင်အပ ဒေသတစ်ခုခုမှာ သေဆုံးခဲ့သူ အစရှိတဲ့သူတွေကိုတော့ ထည့်သွင်းခွင့် မပြုပါဘူး။ အဲဒီ ဂူဗိမာန်ကိုပဲ ဘိုးဘွားတွေရဲ့အိမ်သဘောမျိုး ယုံကြည်ကြပါတယ်။ ဒါကြောင့် လူ့ဘဝဆိုတာကို “မိခင် ဝမ်းထဲကလာပြီး မိခင်ဝမ်းထဲကိုပြန်သွားတယ်” လို့ ယုံကြည် ကြပါတယ်။ သေလွန်သွားတာဟာလဲ မိခင်ဝမ်းထဲ ပြန်သွား တာပဲ၊ သေလွန်ပြီး သုံးဆယ့်နှစ်နှစ်ကြာတဲ့အခါမှာ သူဟာ လက်ရှိမိသားစုထဲကို လူဖြစ်ပြီး ပြန်ဝင်စားတယ် လို့ ယုံကြည် ကြတဲ့အတွက် မိခင်ဝမ်းထဲ ပြန်ရောက်တယ် လို့ ဆိုပါတယ်။ မိသားစုတစ်ခုလုံးရဲ့ အကြီးဆုံး အမျိုးသမီး ကို အားလုံးက အလေးထားကြပါတယ်။ သေဆုံးတဲ့သူတွေ အိမ်ကိုပြန်လာလည်တဲ့ ယုံကြည်မှုကလဲ တရုတ် ယုံကြည်မှုပါပဲ။ ကိုယ်ကလဲ သွားပြီး သန့်ရှင်းရေး လုပ်တာ၊ ပန်း၊ နံ့သာ၊ စားစရာတွေသွားတင်တာ၊ အကြောင်းထူးရှိရင် စကားသွားပြောတာ စတာတွေဟာလဲ တရုတ် အခြေခံပါပဲ။ ညစဉ်တိုင်း အမျှဝေတဲ့ သဘောမျိုးလဲ လုပ်ပါသတဲ့။ အဲဒါကတော့ ဗုဒ္ဓဘာသာ လို့ ပြောရပါမယ်။

အဲဒီအုတ်ဂူနဲ့ ပတ်သက်ပြီး ယုံကြည်မှုတွေ အများကြီး ရှိပါသေးတယ်။ ဂူဗိမာန်ကို လက်ညှိုးနဲ့ထိုးရင် ရိုင်းပါတယ်။ အနီးအနားမှာ သေသူတွေရဲ့ အကြောင်းကို အော်ကျယ်အော်ကျယ် မပြောရပါဘူး။ ဓာတ်ပုံ မရိုက်ရဘူး။ ညဖက်ကို သွားရင် အန္တရာယ် ရှိတယ်။ သက်ဆိုင်တဲ့ မိသားစုဝင် တစ်ဦးဦး မပါဘဲနဲ့ မဆိုင်တဲ့သူဟာ မဝင်ရဘူး။ အုတ်ဂူကို မရိုမသေ ဖျက်လိုဖျက်ဆီးလုပ်ရင်၊ အုတ်ဂူပေါ်မှာ စာတွေရေး ပုံတွေဆွဲရင် ဒုက္ခရောက်တတ်တယ် စသည်ဖြင့် ယုံကြည်ကြပါတယ်။
ကရာတေး
ဂျပန်ရိုးရာ အားကစားအဖြစ် ကမ္ဘာကျော်နေတဲ့ ကရာတေးဟာ အိုကီနာဝါက လာတာ ဖြစ်ပါတယ်။ အိုကီနာဝါ ရဲ့ ရိုးရာ ကိုယ်ခံပညာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ အရပ်ရပ်က ကရာတေးကို ကျကျနန လေ့လာချင်သူများဟာ အိုကီနာဝါ အထိ ရောက်အောင်လာပြီး သင်ယူနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကရာတေးရဲ့ အခြေခံကို ပြန်စပ်စု ကြည့်လိုက်တော့ တရုတ်ရိုးရာ ကွန်ဖူးနဲ့ အိုကီနာဝါလက်သိုင်း တစ်မျိုးနဲ့ ပေါင်းစပ်တီထွင်ထားခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။
ရေသတ္တဝါပြတိုက်
ပင်လယ်ထဲက ဒေသဆိုတော့ ငါးနဲ့ ရေသတ္တဝါတွေကို ပြဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ ယူဆကြပုံရပါတယ်။ Okinawa Churaumi aquarium ကို လိုက်ပို့ပါတယ်။ မြန်မာလိုတော့ ငါးပြတိုက်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံက ငါးပြတိုက်ဟာ အိမ်မှာ အလှမွေးတဲ့ မှန်ပုံးသာသာ၊ ပြတင်းပေါက်တစ်ချပ်စာလောက်တွေပဲရှိတာမို့ အမြင်ပြောင်း သွားမှာစိုးလို့ ရေသတ္တဝါပြတိုက်လို့ ရေးလိုက်တာပါ။ ရေတိမ်ပိုင်း၊ ရေနက်ပိုင်းခွဲခြားပြီး ငါးနဲ့ ရေသတ္တဝါ အမျိုးမျိုးကို ပြထားပါတယ်။ ကျွန်တော် သဘောကျမိတာ ကတော့ ဧရာမ မှန်နံရံကြီးကာထားပြီး ရေသတ္တဝါမျိုးစုံ ကူးခတ်သွားလာ နေတာကို ကြည့်နိုင်တဲ့ နေရာဖြစ်ပါတယ်။ အမြင့်က ၈.၂ မီတာ ၊ အလျားက ၂၂.၅ မီတာရှိပြီး ရေကုဗမီတာ ၇၅၀၀ ဆန့်တဲ့ နေရာကြီး တစ်ခုပါ။ အဲဒါကို တည်ဆောက်ထားတဲ့ မှန်ဟာ ၆၀ စင်တီမီတာ (၂ ပေ) အထူရှိပါသတဲ့။
Ryukyu Mura
Ryukyu Mura ဟာ အိုကိနာဝါရဲ့ ရှေးဟောင်းရွာ တစ်ရွာ ဖြစ်ပါတယ်။ ဟိုးတုန်းက ရှိခဲ့တဲ့ သဘာဝ၊ အဆောက်အဦး၊ နေထိုင်ကြပုံကို အရှိအတိုင်း မြင်နိုင်အောင် ဖန်တီးထား ပါတယ်။ ရွာသားတွေရဲ့ နေ့စဉ်ဘဝကို သိရှိရအောင် ပုံမှန် အလုပ်လုပ်ကိုင် နေကြသလို သွားလာလှုပ်ရှား နေကြစေ ပါတယ်။ Ryukyu Mura ကတော့ အိုကီနာဝါရဲ့ ဒေသ အသီးသီးက ယခင်အတိုင်းရှိနေတဲ့ အိမ်တွေ၊ အဆောက်အဦ တွေကို မပျက်စီးစေပဲ သယ်ယူလာပြီး လက်ရှိ မြင်တွေ့ ကြရတဲ့အတိုင်းဖြစ်အောင် တည်ဆောက်ထားတာ လို့ သိရပါတယ်။ အချို့အိမ်တွေဟာ နှစ်တစ်ရာကျော် သက်တမ်း ရှိတယ်လို့ သိရပါတယ်။
ကျွန်တော်တို့အဖွဲ့ဟာ Ryukyu mura မှာပဲ နေ့လည်စာစား၊ အိုကီနာဝါအကနဲ့ ဖျော်ဖြေနေတာတွေကို ကြည့်၊ ရွာထဲကို ဝင်လည်၊ လက်ဆောင်ပစ္စည်းတွေကိုဝယ်၊ ဓာတ်ပုံတွေရိုက် စသည်ဖြင့် မအားလပ်အောင် ဖြစ်နေပါ တော့တယ်။ သူတို့ရဲ့ ရိုးရာသဘာဝအဖြစ်နဲ့ သီချင်းဆိုရင်း၊ တီးကြ ကကြရင်း တရွှီရွှီနဲ့ လက်ခေါက်ထိုးကြပါတယ်။ အချို့ မြန်မာတွေက လက်ကွင်းထိုးတယ် လို့လဲ ဆိုပါတယ်။ လေချွန်တာ မဟုတ်ပါဘူး။ လေချွန်တာက လက်မပါပဲ နှုတ်ခမ်းလေးပဲ စုပြီး တရွှီရွှီလုပ်တာကို ခေါ်တာပါ။ အင်္ဂလိပ်လို တော့ ပုံစံအားလုံးစုပေါင်းပြီး whistling လို့ပဲ ခေါ်ပါတယ်။ ယောက်ျားတွေရော မိန်းမတွေရော တော်တော်လေး အသံ ကျယ်အောင်၊ အသံစူးနေအောင် ထိုးတတ်ကြပါပေတယ် လို့ သြချမိတယ်။ ကျွန်တော့်ရွာက ညီအစ်ကိုတွေ၊ ဦးကြီးဦးလေး တွေလဲ အဲလို လက်ခေါက်ထိုးတတ်ပါတယ်။ တစ်ခါတလေ လယ်ထဲယာထဲ အလုပ်လုပ်ရင်း အဝေးက တစ်နေရာနဲ့ တစ်နေရာကို လက်ခေါက်ထိုးပြီး စကားပြောပါတယ်။ ဥပမာ “ရာဇာနေဝင်းရေ ပြန်ကြရအောင်ဟေ့” လို့ ထိုးလိုက်ရင် အမှန်တကယ် အဲလို အသံထွက်သလို ကြားရပါတယ်။ ကျွန်တော်လဲ အိုကီနာဝါ ခရီးစဉ်က အိမ်ပြန်ရောက်ပြီး လက်ခေါက်ထိုးကြည့်ပါသေးတယ်။ ဒါပေမယ့် အသံမထွက်ပဲ ဖြစ်နေလို့ လက်လျှော့လိုက်ရပါတယ်။
ရှေးဟောင်းအမွေအနှစ်
လူတွေဟာ ရိုးရာအမွေအနှစ်ဆိုတာကို အစစအရာရာ (ငွေရေးကြေးရေး၊ ကျန်းမာရေး စသည်) အဆင်ပြေလာမှ တန်ဖိုးထားတတ်ကြပါတယ်။ ဘာနဲ့တူမလဲ ဆိုတော့ အိမ်တစ်အိမ်ဟာ ဆင်းရဲချို့တဲ့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ နေရရင် သူ့ဘိုးစဉ်ဘောင်ဆက်က ထိန်းသိမ်းလာတဲ့ ပစ္စည်း အမွေအနှစ်တွေကို တန်ဖိုးမထားနိုင်၊ တန်ဖိုးထားရကောင်းမှန်း မသိ ဖြစ်သွားကြတတ်သလိုမျိုးပါ။ အစစ အဆင်ပြေ လာမှ မှန်ဘောင်လေးသွင်း၊ ရှိုးကေ့စ်လေးထဲထည့်ပြီး ဒါ ငါတို့ အဘိုး ဘယ်တုန်းက ဘာလုပ်ခဲ့တဲ့ဟာပေါ့ စသည် ဂုဏ်ယူ တန်ဖိုးထား ပြတတ်တာပါ။
ဒီမှာ ရှေးဟောင်း အမွေအနှစ်တွေ၊ ရှေးကလက်ကျန် အဆောက်အဦးတွေကို တလေးတစားတန်ဖိုးထားပြီး ပြသ ထားတာတွေ မြင်တော့ အဲဒါကို ပြန်သတိရမိတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာလဲ ပြလို့ မကုန်နိုင်တဲ့ ဂုဏ်ယူ စရာတွေ အများကြီးရှိပါတယ်။ တန်ဖိုးထားပြီး အလေးအမြတ် ပြုစရာတွေ အများကြီးရှိပါတယ်။ ပုဂံမြို့တော်ဟောင်း တစ်ခုတည်းနဲ့တင် အံ့မခန်းတဲ့ ပြစရာတွေရှိပါတယ်။ တလောက မင်းကွန်းစေတီတော်ကြီး ပျက်စီးကြောင်း ကြားတော့ တော်တော် စိတ်မကောင်း ဖြစ်သွားမိပါသေးတယ်။ အချိန်မီ မပြင်ဆင်နိုင်ဘဲ ပျက်စီးသွားခဲ့တာတွေလည်း ကျွန်တော်တို့ နိုင်ငံမှာ အများကြီးရှိနေပါတယ်။
ရှေးဟောင်းပစ္စည်းဆိုတာ မွမ်းမံကြရတာပါပဲ။ ရေရှည် တည်တဲ့အောင် ထိန်းသိမ်းကြရတာပါပဲ။ ဒီ ဂျပန်နိုင်ငံမှာလည်း ပျက်စီးသွားတဲ့ အရာတွေကို ရှေးဟောင်းပုံစံအတိုင်း ပြန်လည် တည်ဆောက်တာတို့၊ လက်ရှိပစ္စည်း တစ်ခုခုကို မွမ်းမံ နေတာတို့ ရှိပါတယ်။ ကွာခြားတာ တစ်ခုက ဒီဂျပန်မှာ အဲဒီအလုပ်တွေကို ဗိသုကာပညာ တဖက်ကမ်းခတ်တဲ့ ပုဂ္ဂိုလ်တွေက တာဝန်ယူလုပ်ပြီး ကျွန်တော်တို့ နိုင်ငံမှာကျတော့ တစ်ယောက်ယောက်က ကံထရိုက်ယူပြီး ရပ်ကွက်ထဲက ပန်းရံဆရာ၊ သံလက်ကိုင်တတ်တဲ့သူ တစ်ဦးဦးကို တက်ပြင် ခိုင်းတာပါပဲ။ အဲဒီတော့ ရှေ့ ဘာဆက်ဖြစ်မယ် ဆိုတာ စဉ်းစားကြည့်ရုံနဲ့ သဘောပေါက်ပါတယ်။
အိုကီနာဝါတစ်ခွင်ကို တစ်ရက်စာပဲ လည်ပတ်ချိန်ရှိတာမို့ နေရာတွေ အများကြီး မသွားနိုင်ပါဘူး။ ဘယ်ကိုပဲ သွားမယ် ဆိုပြီး ဦးတည်ချက် တစ်ခုနှစ်ခုပဲ ရွေးချယ်ပြီး သွားရပါတယ်။ အဲဒီအထဲက ရှေးဟောင်းနေရာတွေဖြစ်တဲ့ Nakagusuku jo နဲ့ Shuri jo ဆိုတဲ့ ရဲတိုက် နှစ်ခုကို ရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ နေရာဒေသတော်တော်များများမှာ ခန့်ခန့် ညားညား အထင်ကရတွေ့ရှိတတ်တာဟာ ရဲတိုက်ဟောင်း၊ ခံတပ်ဟောင်းတွေ ဖြစ်ပါတယ်။ ရှေးခေတ်အစဉ်အဆက်မှာ ဆာမူရိုင်းတွေ တည်ဆောက်နေထိုင်ခဲ့တဲ့ အထင်ကရ အဓိက ကျတဲ့ နေရာတွေဖြစ်ပါတယ်။
Nakagusuku Castle
နာကဂုစုခု ရဲတိုက်ဟာ ၁၅ ရာစု အစောပိုင်းမှာ တည်ဆောက်ထားခဲ့တာ ဖြစ်ပြီး အခု လောလောဆယ်တော့ အောက်ခံ ကျောက်သားတွေနဲ့ ကျောက်နံရံတံတိုင်းတွေကိုပဲ မြင်ရပါတော့တယ်။ အဝင် တံခါးပေါက်အဖြစ်လုပ်ထားတဲ့ ကျောက်သားမုဒ်ဦးကြီးက ခန့်ညားလှပါတယ်။ ဝိုင်းပတ်ထားတဲ့ ကျောက်တံတိုင်းတွေကို မြင်ရတော့ အာရုံထဲမှာ တရုတ်ပြည်ရဲ့ The great wall ကို မြင်ယောင်မိပါတယ်။ ဒါပေမယ့် ဒီဟာက အရွယ်ငယ်ငယ် ဖြစ်လို့ နှိုင်းယှဉ်လို့တော့ မရပါဘူး။ နာကဂုစုခုရဲတိုက်ဟာ UNESCO ရဲ့ World Heritage Site တစ်ခု ဖြစ်ပါတယ်။
စကားမစပ် အဲဒီ နာကဂုစုခု ရဲတိုက်အဝင်မှာ သင်္ဘောပင်သေးသေးတစ်ပင် အသီးလေးတွေ သီးနေတာ မြင်မိပါတယ်။ ရဲတိုက်က ပြန်ဆင်းတော့ သူများတွေကို ပြမယ်လို့ ကြည့်တော့ အသီးတွေ သိပ်မရှိတော့တာ တွေ့ရပါတယ်။ နောက်မှ ခရီးစဉ်ထဲမှာပါတဲ့ လာအိုအမျိုးသမီး တစ်ယောက် ခူးသွားမှန်းသိရပါတယ်။ သူတို့လဲ သင်္ဘောသီး ကြိုက်ကြတယ် ထင်ပါရဲ့လို့ တွေးမိတယ်။ ကိုယ်တို့တတွေ ကတော့ မြင်ရင်ပြရုံ၊ သွားရည်ကျရုံကလွဲပြီး ခူးဖို့အထိ စိတ်မကူးကြပါ။ လမ်းလျှောက်လာရင်း ထိကရုံးပင်တွေကို တွေ့လို့ မေလွင်ဦးက တို့လိုက်ထိလိုက်လုပ်ပြီး သဘောကျ နေပါသေးတယ်။ ထိကရုံးပင်ကို မြင်ရတာ ရပ်ဝေးဒေသ တစ်ခုမှာ ကိုယ့်ရဲ့ ငယ်ပေါင်းကြီးဖော်တွေနဲ့ ပြန်တွေ့ရသလိုပဲ ဆိုရင် လွန်တယ် လို့ ပြောကြမယ် ထင်ပါတယ်။
Shuri Castle

နောက်ထပ်သွားတဲ့ ရဲတိုက်ဟာ Shuri jo ဖြစ်ပါတယ်။ တကယ်တော့ ရဲတိုက်ဆိုတာထက် နန်းတော်ကြီး လို့ ပြောမှမှန်မယ် ထင်ပါတယ်။ အိုကိနာဝါ ဒေသ တစ်ခုလုံးကို အုပ်ချုပ်ခဲ့တဲ့ဘုရင် နေခဲ့တဲ့ နေရာဖြစ်လို့ ဖြစ်ပါတယ်။ ဘယ်အချိန်တည်ဆောက်ခဲ့တယ် လို့ အတိ အကျ မပြောနိုင်ဘူးလို့ ဆိုကြပါတယ်။ ၁၃ ရာစု အစောပိုင်း ကတည်းက ဒီနေရာကို ရဲတိုက်အနေနဲ့ သုံးခဲ့ကြတယ် လို့ ယူဆကြပါတယ်။ တဖြည်းဖြည်းနဲ့ မွမ်းမံဖြည့်ဆည်း တည်ဆောက်ခဲ့ရင်း အခုမြင်ရတဲ့ပုံစံ ရောက်လာတာ ဖြစ်နိုင်ပါတယ်။ (ကျွန်တော့်အမြင် ပြောတာပါ)။ Wikipedia, the free Encyclopedia ထဲမှာတော့ ရှုရိ ရဲတိုက်ကို အသုံးပြု ထိန်းချုပ်ခဲ့သူတွေဆိုပြီး Chūzan (14th century-1429), Ryūkyū Kingdom (1429-1879), Japan (1879-present) လို့ ဖော်ပြထားပါတယ်။
ဒီရဲတိုက်ကြီးကို စစ်အတွင်းမှာ ဂျပန်စစ်တပ်တွေက စစ်ဌာနချုပ်အဖြစ် အသုံးပြုခဲ့ပါတယ်။ ရဲတိုက်ကြီးရဲ့ မြေအောက်က ဥမင်လှိုဏ်ခေါင်းတွေမှာ နေထိုင်ခဲ့ကြပါတယ်။ ၁၉၄၅ မှာ ဂျပန်စစ်ရှုံးပြီး ရဲတိုက်ကြီးတစ်ခုလုံးလဲ မီးလောင်ပြီး အားလုံးနီးပါး ပျက်စီးခဲ့ပါတယ်။
စစ်ပြီးတော့ ၁၉၅၀ လောက်ကစပြီး ရဲတိုက်ကြီးရဲ့ နေရာမှာ Ryukyu University ကို တည်ထောင် ဖွင့်လှစ် ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၀ ကနေ တစ်လျှောက်လုံး အဲသည် နေရာဟာ Ryukyu တက္ကသိုလ် အနေနဲ့ ရှိနေခဲ့ပါတယ်။ ၁၉၇၅ လောက်မှာမှ ရဲတိုက်အဖြစ် ပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်ကြပြီး တက္ကသိုလ်ကို ရွှေ့ပြောင်းစေပါတယ်။ အခုမြင်နေကြရတဲ့ ရှုရိ ရဲတိုက်ကြီးအဖြစ် ဓာတ်ပုံတွေ၊ သမိုင်း မှတ်တမ်းတွေနဲ့ ရှေ့မီနောက်မီပုဂ္ဂိုလ်တွေရဲ့ အမှတ်အသား တွေနဲ့ အရင်ပုံအတိုင်းဖြစ်အောင် ပြန်လည် တည်ဆောက်ခဲ့ ကြပါတယ်။ ၁၉၉၂ မှာမှ အားလုံးအပြည့်အစုံ ပြီးစီးတယ် လို့ သိရပါတယ်။
ရဲတိုက်ကို ဝင်လာတဲ့ လမ်းမှာ တံခါးတွေ အထပ်ထပ်၊ မုဒ်ဦးတွေ အကြိမ်ကြိမ် ဖြတ်ခဲ့ရပါတယ်။ နောက်ဆုံး အဓိက အဆောက်အဦကြီးဖြစ်တဲ့ ပင်မနန်းဆောင်ကြီး (Seidan main hall) အထိ လှေကားအရှည်ကြီးကို ဖြတ်တက်ပြီးမှ ရောက်ပါတယ်။ တရုတ်သိုင်းကားတွေထဲက နန်းတော်ကြီး တစ်ခုကို တက်လာရသလိုပါပဲ။ Seidan ရဲ့ အထဲကိုတော့ ကျွန်တော် မဝင်ဖြစ်တော့ပါဘူး။ အပြင်ကပဲ လှမ်းကြည့်ပြီး ပြန်ဆင်းခဲ့ပါတယ်။ မနီလာနဲ့ မေလွင်ဦးတို့က ဝင်ကြည့် ခဲ့ကြလို့ အထဲမှာ ခမ်းခမ်းနားနား တည်ဆောက်ထားတာတွေ၊ စန္ဒကူးသားနဲ့ တည်ဆောက်ထားတဲ့ ခန်းဆောင်တစ်ခုရှိပြီး အလွန်မွှေးပျံ့တဲ့ရနံ့ ရခဲ့ကြောင်းတွေ ပြောပြပါတယ်။ ရဲတိုက်ရဲ့ အနီးအနားဝန်းကျင်မှာလဲ UNESCO ရဲ့ World Heritage Site တွေ ရှိပါသေးတယ်။ ရဲတိုက်ရဲ့ အပြင်ဆုံး အဝင်ဝမှာရှိတဲ့ Sureimon မုဒ်ဦးမှာ ဓာတ်ပုံတွေ ရိုက်ခဲ့ ကြပါတယ်။ Sureimon ကို ဂျပန်ယန်း ၂၀၀၀ တန် ငွေစက္ကူမှာ ထည့်သွင်းအသုံးပြုထားတာ တွေ့နိုင်ပါတယ်။
ရဲတိုက်တစ်ခုကနေ တစ်ခုကိုသွားနေစဉ် လမ်းမှာ အမေရိကန်လေတပ် အဆောက်အဦတွေ၊ ဝန်ထမ်းနေအိမ် နေရာတွေကို မြင်ရပါတယ်။ ဂိုက်ဒိုစံက အမေရိကန်လေတပ် အကြောင်း၊ ဝန်ထမ်းတွေ ဘယ်လောက် များကြောင်း၊ နေ့စဉ် စစ်ရေးလေ့ကျင့်မှု ဘယ်လို လုပ်နေကြောင်း တွေ ပြောပြပါတယ်။ အိုကီနာဝါကို ၁၉၄၅ ကနေ ၁၉၅၂ အထိ အမေရိကန် စစ်တပ်က အုပ်ချုပ်တယ်။ ၁၉၅၂ နောက်ပိုင်းမှာ မဟာမိတ်နဲ့ ဂျပန် ပူးတွဲပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်းပြီး အုပ်ချုပ်ခဲ့တယ်။ ၁၉၇၂မှာတော့ ဂျပန်လက်ထဲ အပြီးအပိုင် ပြန်ပေးခဲ့ပါတယ်။
အိုကိနာဝါအခြေစိုက် အမေရိကန်စစ်တပ်

ဂျပန်စစ်ရှုံးပြီးတဲ့ နောက်မှာ မဟာမိတ်အဖွဲ့ဝင်နိုင်ငံ အားလုံး က ဂျပန်ကို စစ်တပ်လုံးဝမထားဖို့ စီစဉ်ခဲ့ပါတယ်။ ဂျပန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ် မဖွဲ့စည်းရေး ဆိုတာကို ထည့်သွင်းဖို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီအတွက် ဂျပန်ဟာ လုံးခြုံရေးကင်းမဲ့တဲ့ အဖြစ်မျိုး ဖြစ်လာမှာမို့ ကာကွယ်ပေးဖို့ အတွက် အမေရိကန်စစ်တပ်ကို အိုကိနာဝါမှာ ထားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဗီယက်နမ်စစ်ဖြစ်တော့လဲ အမေရိကန်က အိုကီနာဝါမှာပဲ အခြေစိုက်ပြီး ဗျူဟာဆင်ခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန် စစ်တပ်ဟာ အိုကီနာဝါ တစ်ခုထည်းမှာ ရှိနေတာ မဟုတ်ပါဘူး။ အခြားဒေသနှစ်ခုမှာလဲ ရှိနေပါတယ်။ အားလုံးပြောရရင် Kadena Air base (Okinawa), Misawa Air base (Aomori ken), Yokosuka (Kanagawa ken) ဖြစ်ပါတယ်။ အဲဒီတပ်တွေကို United States Forces in Japan (USFJ) အမေရိကန်-ဂျပန် လုံခြုံရေးတပ် လို့ ခေါ်ဆိုကြပါတယ်။ အခု လောလောဆယ်လည်း အကြောင်းအရာ မျိုးစုံပေါ်ပေါက်နေတာမို့ ပြင်ဆင်လေ့ကျင့် နေကြဆဲ၊ လိုအပ်လာရင် အသင့်ဖြစ်အောင် စီစဉ်ထားကြဆဲ ဖြစ်ပါတယ်။ စုစုပေါင်း အင်အား ၃၃,၄၅၃ ဦး ရှိပြီး၊ စစ်သားမဟုတ်တဲ့ ဝန်ထမ်းလဲ ၅,၅၀၀ လောက်ရှိတယ်လို့ Wikipedia မှာ တွေ့ရပါတယ်။
အိုကီနာဝါမှာ ဂျပန်လက်အောက်ခံအဖြစ် မနေချင်သူတွေ အများအပြားရှိပါတယ်။ အမေရိကန်တပ်ကို လက်ခံမထား လိုသူတွေလဲ အများကြီး ရှိပါတယ်။ အမေရိကန်စစ်တပ်ကို အိုကီနာဝါက မြေဧရိယာစုစုပေါင်းရဲ့ ၁၀ ရာနှုန်းလောက် ပေးထားရတာ ဖြစ်ပါတယ်။ အခုလက်ရှိ အချိန်ကာလတွေ အထိ ကိုယ်ပိုင်လွတ်လပ်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုများ ရှိနေပါသေးတယ်။ ဒါပေမယ့် အသီးသီး အသက အယူအဆ ကွဲပြားနေတဲ့အတွက် ဘာမှ ပြောင်းလဲ မသွားနိုင်သေးပါဘူး။ စစ်တမ်း ကောက်ယူ ကြည့်တဲ့အခါ အိုကီနာဝါသီးသန့် ဖြစ်ချင်သလို၊ ဂျပန်အောက်မှာပဲ နေချင်သူလဲ ရှိပါတယ်။ ဘာဖြစ်ဖြစ် အဆင်ပြေတယ် ဆိုတဲ့ သူတွေလဲ ဒုနဲ့ဒေးပါပဲ။ ရာခိုင်းနှုန်းဖွဲ့ကြည့်တော့ သူမသာ ကိုယ်မသာ ဖြစ်နေလို့ ဘာဆိုတာ မဆုံးဖြတ်နိုင်ကြပါဘူး။
အိုကီနာဝါဟိုတယ်
ဒုတိယနေ့တည်းရမယ့် နေရာက အိုကီနာဝါဟိုတယ် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ နာမည်လေးကြားရတာနဲ့ သဘောကျပါတယ်။ ကျန်တဲ့သူတွေကတော့ ဒီဟိုတယ်က စုတ်တယ် လို့ ပြောပါတယ်။ မနေ့ကတည်းတဲ့ ဟိုတယ်နဲ့တော့ ကွာချင်တိုင်း ကွာတာကိုး။ ဒါပေမယ့် ကျွန်တော်မြင်တာပြောရရင် အပူပိုင်း ဒေသမှာရှိတဲ့ အဆောက်အဦတစ်ခုဆန်ဆန် တည်ဆောက် ထားတာ ဖြစ်ပါတယ်။ အပင်တွေ အများကြီးဖြစ်ပြီး Tropical plants တွေပဲ ဖြစ်နေတာကို သတိထားမိပါတယ်။
ညနေစာကိုတော့ အမှတ်တရလက်ဆောင်ပစ္စည်းတွေ ခင်းကျင်းရောင်းချတဲ့ဆိုင်တွေရှိတဲ့ ကော့ခုဆိုင်းလမ်း ကို လမ်းလျှောက်ရင်း သွားစားပါတယ်။ ဂျပန်မှာ စားသောက်ဆိုင် ရှာတယ် ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပါ။ ကိုယ်ကလဲ ဂျပန်စာမဖတ်တတ်တော့ ပုံတွေပြထားတာကို ကြည့်ပြီး ရှာကြရပါတယ်။ ထူးထူးဆန်းဆန်း လမ်းပေါ်မှာ ထွက်ပြီး ဧည့်ရှာနေတဲ့ စားသောက်ဆိုင်ဝန်ထမ်းတစ်ယောက်နဲ့တွေ့ပြီး သူ့ဆိုင်ကိုပဲ လိုက်စားဖြစ်ပါတယ်။ အဆင်ပြေပါတယ်။
စားသောက်ဆိုင်အသွား လမ်းမှာ ဘောလုံးဝါသနာအိုး နှစ်ယောက်ဖြစ်တဲ့ အောင်ကိုလတ်နဲ့ ယဉ်လွန်က ဘောလုံး အသင်း အင်္ကျီတွေ ဈေးချနေတာတွေ့ပြီး ဝယ်မယ် ဝယ်မယ် တကဲကဲ လုပ်ကြပါတယ်။ အမှန်တကယ်ကို အပြန်လမ်းမှာ ဝင်ဝယ်ကြပြီး နောက်နေ့မနက်မှာ ဝတ်နေကြတာ တွေ့ရ ပါတယ်။ ဝါသနာနဲ့ပတ်သက်ရင် ဒီလိုပဲ ဖြစ်မှာပဲလို့ တွေးမိပါတယ်။ ကျွန်တော်လဲ သီချင်းတစ်ပုဒ်၊ စာအုပ်တစ်အုပ် ကို လိုချင်မိရင် မရရအောင် ရှာပြီးဝယ်တာပဲ မို့ပါ။
အပြိုင်အဆိုင် ၀ယ်ကြပြီ
နောက်ဆုံးနေ့ (ဇွန် ၁၅) မနက်မှာတော့ ဈေးဝယ်ဖို့ပဲ အစီအစဉ်ရှိတာမို့ စောစော မထကြပါဘူး။ ရှစ်နာရီလောက် မှာ မနက်စောစာ ထစားကြပါတယ်။ ထမင်းစားခန်းမ ကျယ်ကြီးထဲကို ရောက်တော့ ကျွန်တော်တို့ ယောက်ျားလေး တွေက ခန်းမအစွန်ကစားပွဲမှာ ဟော(hall) ဖက်ကို မျက်နှာမူပြီး နေရာယူပါတယ်။ ဒါကို မနီလာမြင်တော့ ယောက်ျားလေးတွေက နေရာယူတာကကို သိသာတယ် လို့ ပြောပါတယ်။ အားလုံးကို မြင်သာအောင်၊ ကြည့်လို့ရအောင် နေရာယူထားတယ် လို့ ဆိုချင်တာ ဖြစ်မှာပါ။
ထမင်းစား၊ အဝတ်လဲပြီး ဈေးဝယ်ထွက်ကြပါတယ်။ ဘယ့်သူကို ဘာလက်ဆောင် ပေးရမတုန်း။ ဆရာ့အတွက်၊ ဌာနအတွက် စသည်ဖြင့် ခေါင်းခြောက်ကြပါတယ်။ အဲဒီကနေ ဟင်းသီးဟင်းရွက် ဈေးတန်းကို သွားပါတယ်။ ဟိုတယ်မှာ ကတည်းက သင်္ဘောသီး အစိမ်း ဘယ်မှာရနိုင်လဲ ဆိုတာ မေးလာခဲ့ပြီးသားပါ။ ရောက်တာနဲ့ ဈေးမေးကြ၊ ဆစ်ကြနဲ့ ဝယ်ကြပါတယ်။ တကယ်တော့ ဈေးဆစ်လို့ မရတာများ ပါတယ်။ ဂျပန်ရဲ့ ဈေးရောင်းတဲ့ သဘာဝက ပိုပြီးလဲ တင်မထား ဘူး၊ ထပ်လဲ မလျှော့ဘူး ဆိုတဲ့ တစ်ခွန်းဈေး သဘောပါ။ ဒါပေမယ့် ကျွန်တော်တို့က မြန်မာတွေ မဟုတ်လား။ ကိုယ့်သဘာဝကိုတော့ မလျှော့ဘူး။ ဘာဖြစ်ဖြစ် ဆစ်လိုက်တာပါပဲ။
ဝယ်လဲဝယ်ကြပါတယ်။ ပြီးကာမှ ကြွပ်ကြွပ်အိတ်တွေ အထုပ်တွေ တစ်ဖက်တစ်ချက်နဲ့ ဘယ်လိုလုပ်ရမှန်း မသိကြ တော့ဘူး ဖြစ်နေပါတယ်။ အဲဒီတော့မှ ကျွန်တော်လဲ ကဲ ငါကယ်မှ ဖြစ်တော့မယ်လို့ စဉ်းစားပြီး အနီးနားက ဆိုင်တစ်ဆိုင်ကိုပြေးကာ ကဒ်ထူပုံးတစ်ပုံး တောင်းပါတယ်။ ပြီးမှ နီးစပ်ရာ ပေါင်းထည့်လိုက်ပါတယ်။
အဲဒီပုံးကြီး တစ်ယောက်တစ်ဖက်ဆွဲပြီး ဟိုတယ်ထဲ ပြန်ဝင်လာတော့ အများက ပြုံးစေ့စေ့နဲ့ကြည့်ကြပါတယ်။ ကျွန်တော်က သင်္ဘောသီးတွေ ဝယ်လာတာကွ လို့ ပြောလိုက်ပါတယ်။ အားလုံးကတော့ သင်္ဘောသီးအမှည့်တွေလို့ ထင်မှာပါ။ ကျွန်တော်တို့နဲ့ တစ်ခန်းထဲတည်းခဲ့တဲ့ ရီနာ့တ် ဆိုတဲ့ကောင်ကလာပြီး မင်း အခွန်ဆောင်ရလိမ့်မယ် လို့ နောက်ပါတယ်။
ဈေးထဲမှာကတည်းက ကန်စွန်းရွက်ဆို သယ်လို့မရဘူး။ ဘာဆို ခွင့်မပြုဘူးနဲ့ ဝိုင်းပြောကြတော့ အောင်ကိုလတ်တို့ ယဉ်လွန်တို့က သူတို့ဝယ်လာတာတွေကို အဝတ်အိတ် တွေထဲ ပြောင်းထည့်ပါတယ်။ ကျွန်တော်ကတော့ ဒါပြည်တွင်း ခရီးစဉ်ပဲ သယ်လို့မရတာ မဖြစ်နိုင်ဘူး ဆိုပြီး (အမြဲ အဲသလို ဂွကျကျပဲ) ကဒ်ထူပုံးအတိုင်း သယ်ပါတယ်။ လေယာဉ် Check in လုပ်ဖို့ တန်းစီရင်း ကျွန်တော်တို့ အဖွဲ့လိုပဲ အားလုံးက လုပ်ကြရင် ဟင်းသီးဟင်းရွက်လေယာဉ် ဖြစ်သွားမယ် လို့ တွေးရင်း ပြုံးမိပါတယ်။
အပြန်ခရီး
အိုကီနာဝါနဲ့ ဖုကုအိုကာက တစ်နာရီခွဲပဲ ကြာတဲ့ ခရီးစဉ် ပါ။ ဒါပေမယ့် အတွဲတွေဟာ တစ်နာရီခွဲလောက်လေးကိုပဲ မခွဲနိုင်ကြပါလား လို့ ကြည့်ရင်းတွေးမိပါတယ်။

လေယာဉ်ပေါ် ရောက်တာနဲ့ ငါ့ခုံနဲ့ မင့်ခုံ လဲပေးပါလား။ ကျေးဇူးပြုပြီး ဟိုနေရာကို ရွှေ့ပေးနိုင်မလား ဆိုတဲ့အသံတွေ ဆူညံ နေပါတယ်။ စီစဉ်တဲ့သူတွေက ဒါ အားလုံးချစ်ကြည်ရေး၊ ခင်မင်ရင်းနှီးရေး ခရီးစဉ်ဖြစ်လို့ ကျသလို၊ ကြုံတဲ့သူနဲ့ တွဲထိုင်ဖို့ ပြောပါတယ်။ ဟိုတယ်အခန်းပေးတုန်းကလဲ Random ပဲပေးပါတယ်။ လေယာဉ်ထိုင်ခုံကိုလဲ Random ပေးပါတယ်။
ကျွန်တော်ကတော့ ကျတဲ့နေရာမှာပဲ ထိုင်လိုက်ပါတယ်။ ဘာမှ မကြိုးစားပါဘူး။ ဇနီးသည်ကလဲ သူ့ရတဲ့နေရာပဲ ထိုင်နေပါတယ်။ အဲဒီမှာ ကိုယ်တစ်ယောက်တည်း ငြိမ်လဲ မရဘူးလို့ ဆိုရအောင် ခုံလဲပေးပါလို့ တစ်ဦးက ပြောလာ ပါတယ်။ အိုကေအိုကေ ငါက ကိစ္စမရှိပါဘူး ဆိုပြီး လဲပေးလိုက်ပါတယ်။ လဲပေးပြီး ခုံမှာ ထိုင်ကာရှိသေး နောက်တစ်ယောက် ရောက်လာပြီး နေရာလဲပေးနိုင်မလား ဆိုလာပြန်ပါတယ်။ စိတ်ပေါက်ပေါက်ရှိတာနဲ့ ငါက ဟိုကနေ လဲပေးပါဆိုလို့ ဒီရောက်လာတာ နောက်တစ်ခါ လဲရဦးမှာလား ဆိုပြောလိုက်တော့ စုမိမဆန့်၊ စုမိမဆန့်နဲ့ ဗီယက်နမ်သံ ဝဲဝဲနဲ့ ပြောရှာပါတယ်။ ဒါပေမယ့် ရတယ်ရတယ် ဆိုပြီး လဲပေးလိုက်ပြန်ပါတယ်။
ထိုင်ခုံမှာ အကျအနထိုင်ပြီး ကိုယ့်လူတွေကို လိုက်ကြည့်တော့ အားလုံးက အတွဲကိုယ်စီနဲ့ ထိုင်နေကြပါတယ်။ ကျွန်တော်လဲ ဘာမှ ရှည်ရှည်ဝေးဝေးတွေးမနေတော့ပဲ မျက်စေ့မှိတ်ပြီး မှိန်းဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အချိန်ကျ တာတောင် လေယာဉ် မထွက်နိုင်သေးပဲ ကျွက်စီကျွက်စီ အသံတွေ ကြားရပါတယ်။
အကြောင်းကို လေ့လာကြည့်တော့ တရုတ်မတစ်ယောက် သူ့ဟန်းဖုန်း ဘယ်မှာထားမိမှန်းမသိတဲ့ အဖြစ်ပါ။ တစ်ယောက်ယောက်ကိုပဲ အပ်ထားခဲ့သလိုလို အိတ်တစ်ခုထဲ ကိုပဲ ထည့်လိုက်သလိုလို ပြောနေပါတယ်။ ခရီးသည်တွေရဲ့ အိတ်တွေကို ဖွင့်ရှာမယ် ဆိုတဲ့ ပုံစံမျိုး လေယာဉ်မယ်က လုပ်လိုက်ပါသေးတယ်။ နောက်မှ အမျိုးသမီးတစ်ယောက်က လေဆိပ်က အိမ်သာထဲမှာ ဖုန်းတစ်လုံးတွေ့ခဲ့တယ် လို့ ပြောမှ မေးမြန်းကြည့်ပြီး သူ့ဖုန်းဖြစ်နိုင်တယ် ဆိုပြီး ငြိမ်သွားပါတယ်။ နောက်ဘာဖြစ်တယ်၊ ပြန်တွေ့သလား၊ မတွေ့သလား မသိတော့ပါ။
အလာတုန်းက ရာသီဥတုမကောင်းလို့ ကွင်းဆင်း နောက်ကျခဲ့ပါတယ်။ အခု အပြန်ကျတော့လဲ ဖုန်းပျောက်တဲ့ ကိစ္စနဲ့ နာရီဝက်လောက် အထွက်နောက်ကျပြန်ပါတယ်။ ကျွန်တော်ကတော့ လေယာဉ်တက်ပြီးတာနဲ့ အိပ်ဖို့ ကြိုးစားပါတယ်။ ဘေးက တရုတ်နှစ်ကောင်ကလဲ အစားတွေ တစ်လမ်းလုံးစားပြီး စကားတွေ တစ်လမ်းလုံးပေါလာပါတယ်။ ကျွန်တော်ကတော့ မကြားတစ်ချက် ကြားတစ်ချက်နဲ့ အိပ်ပျော်သွားလိုက်တာ လေယာဉ်ဆိုက်ကာနီးမှပဲ ပြန်နိုးပါ တော့တယ်။
ဖုကုအိုကာ လေဆိပ်ကိုရောက် ပစ္စည်းတွေ အသီးသီး ယူကြပြီး သူများတွေနှုတ်ဆက် ထွက်ခွာသွားကြတဲ့အချိန်မှာ ကျွန်တော်တို့ အဖွဲ့က ဟင်းသီးဟင်းရွက် ခွဲခြမ်းရေး လုပ်နေပါတယ်။ ကဒ်ပုံးကြီးကိုဖွင့် ရော့ ဒါအစ်မဟာ၊ ဒါ ညီမဟာ ဆိုပြီး ခွဲကြပါတယ်။ အားလုံး လူစဲသွားပြီးနောက် ခပ်လှမ်းလှမ်းမှာ ခရီးစဉ် စီစဉ်သူ FOSA ဒု-ဥက္ကဌ Ram ကို ကောင်မလေးတစ်ယောက်နဲ့ တွေ့ပါတယ်။ ကောင်မလေးက သူ့ကို လာကြိုတာ ဖြစ်နိုင်ပါတယ်။ ကောင်မလေးက ထောင်ထောင်မောင်းမောင်းလေးပါ။ Ram ရဲ့ပုံကတော့ ပထမဆုံးတွေ့တဲ့နေ့ကအတိုင်း ယဲ့ယဲ့လေးပါပဲ။ လေယာဉ်က အဆင်းမှာ Ram လဲကျသွားမှာ စိုးလို့ ကောင်မလေးက လာကြိုပုံရတယ် လို့ ကျွန်တော် ဟာသလုပ်လိုက်ပါတယ်။ Ram က ကျွန်တော်တို့ကို လက်ပြပြီး သူ့ကောင်မလေးနဲ့အတူ မြေအောက်ဘူတာရှိတဲ့ဘက်ကို ထွက်ခွာသွားပါတော့တယ်။