Home ဆောင်းပါးများ မျိုးဆက်သစ်တို့တွက် တိုးတက်ရာလမ်းစများ ရှာဖွေစို့
24 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1435
mod_vvisit_counterမနေ့က2489
mod_vvisit_counterတစ်ပတ်အတွင်း9434
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်း40952
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2891359
Join us in Facebook
Facebook Fanbox 1.5.x.0
မျိုးဆက်သစ်တို့တွက် တိုးတက်ရာလမ်းစများ ရှာဖွေစို့

Views : 3633    

Favoured : 98

Share

မျိုးဆက်သစ်တို့တွက် တိုးတက်ရာလမ်းစများ ရှာဖွေစို့

ရေးသားသူ - S.S

 

ရှေးလူကြီးတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းကတော့ “ပညာရွှေအိုး လူမခိုး” တဲ့။ ဒါပေမယ့် ချွတ်ခြုံကျလာတဲ့ မြန်မာပြည် ပညာရေးစနစ်ကြောင့် စာရွက် တစ်ရွက်သာသာ ဖြစ်လာတဲ့ ဘွဲ့လက်မှတ်တွေကြား မြန်မာပြည်ရဲ့ မျိုးဆက်သစ်တွေကို ပေးဖို့ ပညာရွှေအိုးတွေ ပျောက်ဆုံးနေသလို ဖြစ်လာပါတယ်။ အဲဒီအခါ အဲလိုအခြေအနေက ဖောက်ထွက်ပြီး မျိုးဆက်သစ်တွေအတွက် တိုးတက်ရာ လမ်းစတွေ ဘယ်လိုရှာကြမလဲ ဆိုတဲ့ မေးခွန်းဟာ အရေးကြီးလာပါတယ်။


ပထမဆုံး တွေးရမယ့်အချက်ကတော့ ပညာဆိုတာကို ဘယ်လို ပိုင်းဖြတ်မလဲ ဆိုတာပါပဲ။ ပညာလို့ဆိုရာမှာ အတန်းပညာကိုပဲ ရည်ညွန်းတော့မလား  ဘ၀က ပေးတဲ့ပညာကိုရော ထည့်သွင်းစဉ်းစားမလား။ ပညာရေးစနစ် ကျဆင်းနေတဲ့ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေရဲ့ တိုးတက်ရာလမ်းစဟာ အတန်းပညာ ဆိုတာနဲ့ ဘယ်လောက်သက်ဆိုင်နေသေးသလဲ။ တိုးတက်ရာ လမ်းစရှာဖို့ တခြား ဘာတွေ လိုအပ်သေးသလဲ။


လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အကြီးဆုံးသူတွေကတော့ အသိဥာဏ်မဲ့တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့ နယူးယောက်စီးတီး တက္ကသိုလ်ရဲ့ ဒဿနပါမောက္ခ ဟာရီ အိုဗာစထရိ (Harry Overstreet) က ကောက်ချက်ချဖူးပါတယ် ။ သူကောက်ချက်ချသလိုပဲ နောင်တချိန်ကျရင် လူကြီးဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့မျိုးဆက်သစ်တွေအတွက် အတန်းပညာက ပေးတဲ့ ပညာဥာဏ် သာမက အသိဥာဏ် ရှိဖို့ဆိုတာလည်း လိုအပ်ပါတယ်။ အဲဒီနှစ်ခုလုံးနဲ့ ပတ်သက်နေတဲ့အရာကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ် ။


ပညာရေးသုတေသနပိုင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အတန်းပညာအရည်အသွေးတို့ကို လေ့လာတဲ့အခါ ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ် (academic motivation) ဟာ အရေးပါတယ်ဆိုတဲ့ အကြောင်းကို တွေ့ရှိလာကြပါတယ်။ ကျောင်းသားတွေရဲ့ ပညာသင်ယူလိုစိတ်ကို အတွင်းစိတ်ကြောင့် ဖြစ်ခြင်း (Intrinsic) နဲ့ ပြင်ပ အကြောင်းအချက်များကြောင့် ဖြစ်ခြင်း (Extrinsic) စသဖြင့် နှစ်မျိုး ခွဲခြားထားကြပါတယ်။ အတွင်းစိတ်ကြောင့်ဖြစ်တဲ့ ပညာ သင်ယူလိုစိတ်ကတော့ ဘာသာရပ်တစ်ခုကို သင်ယူရင် စိတ်ဝင်စားမှုကြောင့်၊ ပျော်ရွှင်မှုရတဲ့အတွက်ကြောင့်၊ ကိုယ်ပိုင် ကျေနပ်မှုရတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ ပြင်ပ အကြောင်းအချက်များကြောင့်ဖြစ်တဲ့ အတန်းပညာ သင်ယူလိုစိတ်ကတော့ မိဘဆရာတွေက သင်ယူခိုင်းတဲ့အတွက်ကြောင့်၊ မသင်ယူရင် အပြစ်ရှိသလို ခံစားရတဲ့အတွက်ကြောင့်၊ အတန်းပညာရရင် ဘ၀အတွက်တက်လမ်းရှိနိုင်တယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာပါတယ်။ အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ် ပိုရှိတဲ့ ကျောင်းသားဟာ အတန်းပညာကို ပိုတတ်မြောက်နိုင်သလို ၊ ပိုထူးချွန်ကြောင်းကို ပညာရေးသုတေသီတွေက ထပ်မံ တွေ့ရှိကြပါတယ်။


နိုင်ငံတကာကကျောင်းတွေမှာ သင်ခန်းစာတွေကို ကျောင်းသားတွေစိတ်ဝင်စားအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့အချက်က သင်ခန်းစာတွေ ပြင်ဆင်တဲ့အခါ အမြဲအလေးထားစဉ်းစားတဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ ကျောင်းသားတိုင်းအတွက် သင်ခန်းစာတိုင်း ဘာသာရပ်တိုင်းဟာ စိတ်ဝင်စားစရာဖြစ်ဖို့ ခဲယဉ်းပေမယ့်  အနည်းဆုံး တချက်တလေတော့ စိတ်ဝင်စားစရာ ဆိုတာမျိုး ရှိသင့်ပါတယ် ။ အဲလိုဖြစ်ဖို့ လုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ သင်ခန်းစာတွေကို ကျောင်းသားတွေ ကြုံတွေ့နေရတဲ့ အပြင်လောကနဲ့ ဆက်စပ်ပြီး သင်ကြားတဲ့နည်းပါပဲ။ ကျောင်းသားတိုင်းဟာ သူတို့ သင်ကြားနေရတဲ့စာတွေကို အပြင်လောကမှာလည်း အသုံးပြုလို့ရပါလား ဆိုတဲ့အချက်ကို မြင်လာတဲ့အခါ အဲဒီသင်ခန်းစာမှာ စိတ်ဝင်စားမှု အနည်းနဲ့အများ ရှိလာနိုင်ပါတယ်။ ဥပမာ .. မူလတန်းကလေးတွေကို အပေါင်း အနှုတ်သင်တဲ့အခါ သူတို့သုံးနေကျ ပစ္စည်းတွေကို သုံးပြီးဖြစ်စေ၊ လေ့လာရေးခရီး အနေနဲ့ အပြင် ကျောင်းအနီးအနားကိုသွားပြီး အုတ်တိုင်တွေကို ရေတွက်တာဖြစ်ဖြစ်၊ ကျောက်တုံးတွေ ရေတွက်တာဖြစ်ဖြစ် ၊ အဲလို ပေါ့ပေါ့ပါးပါးနဲ့ ခေါင်းထဲကို အမြဲမှတ်ဝင်သွားနိုင်မယ့် သင်ကြားနည်းမျိုးကို သုံးသင့်ပါတယ်။ အဲလိုမှသာ ကျောင်းသားတွေဟာ သင်ခန်းစာတွေကို စာမေးပွဲအောင်ဖို့ပဲ ကျက်မှတ်နေတာ မဟုတ်တော့ဘဲ ခေါင်းထဲမှာ သူ့အလိုလို စွဲသွားတာမျိုး ဖြစ်ပါမယ်။


ပညာသင်ကြားရေးပိုင်းမှာ ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို ဆက်ဆံတဲ့အခါ ကိုယ်တိုင် ကျင်လည်ခဲ့ဖူးတဲ့အခြေအနေ ပုံစံမျိုးနဲ့ မချဉ်းကပ်ဘဲ လူငယ်တွေရဲ့ သဘောသဘာဝ စရိုက်ကို နားလည်အောင် ကြိုးစားသင့်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ဒါသင် ဒါကျက် ဒါဖြေ” ဆိုတာထက် မျိုးဆက်သစ်တွေကို ကိုယ်ပိုင်တွေးတော လေ့လာနိုင်တာမျိုး ဖြစ်အောင်လည်း လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ အဲလိုလုပ်ဖို့အတွက် ဆရာ၊ ဆရာမတွေဟာ သင်ခန်းစာတွေကို ရှုထောင့်အမျိုးမျိုးက မြင်နိုင်ဖို့ ပိုလေ့လာရမယ်။ ကျောင်းသားတွေရဲ့ အတွေးအခေါ်တွေကိုလည်း အမြဲစိတ်ဝင်တစား နားထောင်ပြီး သူတို့နဲ့ အပြန်အလှန် ဆွေးနွေးပေးရပါမယ်။ အဲလိုလုပ်လိုက်တာဟာ ဆရာနဲ့ တပည့်တွေကြား လေးစားသမှု လျော့နည်းတယ်လို တချို့က ထင်မှတ်ကြပါတယ်။ တကယ်ကတော့ ဘယ်အရာမဆို လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ရှုထောင့် မြင်ပုံချင်း မတူတတ်ကြပါဖူး ။ ဒါကြောင့် ဆရာနဲ့ ကျောင်းသားကြားမှာလဲ အဲလို ရှုထောင့်မတူတာ သဘာဝပါပဲ။ အဲလို မတူညီတဲ့ ရှုထောင့်တွေကို ဆုံမှတ်တစ်ခုဖြစ်နေတဲ့ သင်ခန်းစာဆီကို ဘယ်လိုပြန်ဆွဲခေါ်မလဲ ဘယ်လို ပြန်ဆက်စပ်မလဲ ဆိုတာကတော့ ဆရာတစ်ယောက်ရဲ့ စာသင်ကြားနိုင်တဲ့ အရည်အချင်း ၊ ဘာသာရပ်အပေါ် သိကျွမ်းနားလည်တဲ့ အရည်အချင်းပေါ်မှာ အများကြီး မူတည်ပါတယ် ။


အဲလိုတွေလုပ်ရင်ရော ဘယ်လိုအကျိုးရှိနိုင်သလဲလို့ မေးစရာဖြစ်လာပါတယ်။ အဲလိုလုပ်တဲ့အခါ ကျောင်းသားတွေဟာ သူတို့ သင်ယူနေတဲ့အရာတွေကို ရှုထောင့်အမျိုးမျိုးက ကြည့်တတ်လာမယ်။ အရာတိုင်းမှာ ရှုထောင့်တစ်ခုတည်းမဟုတ် ဆိုတဲ့အချက်ကို လက်ခံလာနိုင်မယ်။ တပုံစံတည်း သမားရိုးကျ မဖြစ်တဲ့အတွက် စိတ်ဝင်စားမှုလည်း ပိုရှိလာနိုင်ပါတယ်။ သင်ယူနေတဲ့ အရာပေါ်မှာ စိတ်ဝင်စားမှု ပေါ်လာတဲ့အခါ အထက်က ဖော်ပြခဲ့တဲ့ အတွင်းစိတ်က ဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ် ကိန်းအောင်း သွားပါလိမ့်မယ် ။ အဲဒါရဲ့နောက်ဆက်တွဲကတော့ အတန်းပညာကို ပိုကောင်းမွန်အောင် သင်ယူလာနိုင်ပါမယ်။


အဲလို မျိုးဆက်သစ်ကျောင်းသားတွေကို ရှုထောင့်အမျိုးမျိုးကနေ မေးခွန်းထုတ်တာကို အားပေးသင့်ပေမယ့် တချိန်တည်းမှာ ဆရာသမားကို ရိုသေလေးစားတတ်တဲ့စိတ်၊ တဖက်က အချက်အလက်ကျကျနဲ့ ဆွေးနွေးတာကို နားထောင်တတ်တဲ့ စိတ်မျိုးတွေ ရှိပြီး ကိုယ့်ရှုထောင့်ကပဲ မှန်တယ်ဆိုပြီး တဇွတ်ထိုး အငြင်းပွားတတ်တဲ့ စိတ်မျိုး ဖြစ်မလာအောင်လည်း အသိဥာဏ်ပိုင်းမှာ သွန်သင်ဆုံးမရပါမယ် ။


အသိဥာဏ်နဲ့ ပတ်သက်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း မျိုးဆက်သစ်တွေအတွက် အများကြီး လမ်းညွှန်စရာတွေ ရှိနေပါတယ်။ အင်တာနက်အပါအ၀င် ခေတ်ရေစီးကြောင်းပေါ် လိုက်ပါလာနေကြတဲ့ ခေတ်လူငယ်တွေဟာ ခေတ်နဲ့အတူမှီအောင်လိုက်ရင်း လမ်းလွဲမသွားကြဖို့ အရေးကြီးပါတယ်။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဘာသာရေးပိုင်းတွေကို ကျောင်းသားတွေ သိနားလည်အောင်၊ လူသားခြင်းအပေါ် စာနာထောက်ထား ကူညီတတ်တဲ့စိတ်မျိုး ကိန်းအောင်းလာအောင် ကျောင်းတွေမှာ Civic & Moral Education ဆိုတဲ့ ဘာသာရပ်မျိုးကို ထည့်သွင်းသင်ကြားပေးဖို့ လိုအပ်ပါတယ်။ အဲလိုဘာသာရပ်ဟာ ငယ်ရွယ်တဲ့ မူလတန်းအရွယ်ကျောင်းသားတွေအတွက် အထူးပိုလိုအပ်သလို အလယ်တန်း အထက်တန်းကျောင်းသားတွေ အတွက်လည်း လိုအပ်ပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုအကြောင်းကို သေချာသိရှိနားလည်မှုမရှိခဲ့ရင် မျိုးဆက်သစ်တွေဟာ တခြားလူမျိုး ယဉ်ကျေးမှုအကြောင်းတွေကို သေချာ ခွဲခြားစိတ်ဖြာပြီး နားလည်နိုင်မယ့် အရည်အချင်းမျိုး လျော့နည်းသွားပါလိမ့်မယ်။ အဲဒီအခါ ဘယ်လိုအရာက ကိုယ်နဲ့သင့်တော်တယ်ဆိုတာကို စဉ်းစားတွေးတောမှု မရှိဘဲ အတုယူ မှားနိုင်ပါတယ်။ ဒါကြောင့် အဲလိုဘာသာရပ်မျိုးဟာ ကျောင်းသားတွေရဲ့ အသိဥာဏ်ပိုင်းကို မြှင့်တင်ပေးဖို့ အထူး လိုအပ်ပါတယ်။


ကလေးအရွယ်မှာသာ မူရင်း စူးစမ်းလိုစိတ်ကြောင့် အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ ပညာသင်ယူလိုစိတ် ရှိတတ်ကြပေမယ့် အသက်အရွယ်ကြီးလာတာနဲ့အမျှ သင်ယူရတဲ့ ဘာသာရပ်တွေ ခဲယဉ်းလာတာနဲ့အမျှ အဲလို အတွင်းစိတ်ကဖြစ်ပေါ်လာတဲ့ပညာသင်ယူလိုစိတ်မျိုး ရှိအောင် လုပ်ဖို့ ခဲယဉ်းပါတယ်။ အဲလိုအချိန်မှာ အနည်းဆုံးတော့ ပြင်ပ အကြောင်းအချက်တွေကြောင့် ဖြစ်နိုင်တဲ့ ပညာသင်ယူလိုစိတ်မျိုး (extrinsic motivation) ပေါ်လာအောင်တော့ လုပ်ရပါမယ်။ အထက်မှာ ဖော်ပြထားတဲ့ ပြင်ပအကြောင်းအချက်သုံးခုထဲမှာ အတန်းပညာရရင် ဘ၀တက်လမ်း ရှိနိုင်တယ်လို့ ယုံကြည်တဲ့ စိတ်မျိုး ကျောင်းသားတွေရဲ့စိတ်ထဲ အမြဲကိန်းအောင်းနေဖို့ အရေးကြီးပါတယ်။


ဘ၀မှာ အတန်းပညာရဲ့အရေးပါတဲ့ အကြောင်း တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ဗဟုသုတလည်း ဖြစ်အောင် အတုလည်းယူနိုင်အောင် ပြောပြသင့်ပါတယ်။ ဥပမာအဖြစ် … Oprah Winfrey ရဲ့ ဇာတ်လမ်းကို ကြည့်မယ်ဆိုရင် သူဟာ ဆင်းရဲပြီး အိမ်ထောင်ကွဲနေကြတဲ့ မိဘနှစ်ပါးဆီကနေ မွေးဖွားလာပေမယ့်  အတန်းပညာပိုင်းမှာ ထူးချွန်တဲ့အတွက် နောက်ပိုင်းမှာ ကျောင်းဆက်တက်ဖို့ စကောလားရှစ်တွေ ရခဲ့ပါတယ်။ သူမရဲ့အောင်မြင်မှုကို သတိထားမိတဲ့ ရေဒီယိုအသံလွှင့်ဌာန တစ်ခုက သူမကို အလုပ်ပေးခဲ့ပါတယ် ။ နောက်ပိုင်းမှာ သူမဟာ တီဗွီသတင်းဌာနမှာ ပထမဆုံးသော အသက်အငယ်ဆုံး လူမည်းအမျိုးသမီးအဖြစ် သတင်းကြေညာသူအဖြစ် ခန့်ထားခြင်းခံခဲ့ရပါတယ်။ နောက်ဆုံးမှာ အောင်မြင်ကျော်ကြားတဲ့ talk show host ဖြစ်လာတဲ့အပြင် ကမ္ဘာ့ အချမ်းသာဆုံး လူများစာရင်းထဲမှာလည်း စာရင်းဝင်ခဲ့ပါတယ်။ တကယ်လို့သာ သူမဟာ အတန်းပညာမှာ မထူးချွန်ခဲ့ဘူးဆိုရင် သူမရဲ့ ဘ၀တက်လမ်းအတွက် လမ်းစတွေဖွင့်လာဖို့ ခဲယဉ်းပါမယ်။ နောက်ဇာတ်လမ်းတစ်ခုကတော့ Liz Murray ဆိုသူပါပဲ။ သူမဟာ HIV ရှိနေတဲ့ မူးယစ်ဆေးဝါးတွေစွဲနေတဲ့ မိဘတွေက မွေးဖွားလာခဲ့ပါတယ်။ သူမပတ်ဝန်းကျင်မှာ ဟစ်ပီလူမျိုးတွေ ပြည့်ကျပ်နေခဲ့ပြီး သူတို့ဘ၀တွေရဲ့ ပျက်စီးယိုယွင်းမှုတွေကိုကြည့်ပြီး သူမက သင်ခန်းစာယူတတ်ခဲ့တယ်။ ဒါကြောင့် အဲလို ဘ၀မျိုးကနေ လွတ်မြောက်ဖို့ အတန်းပညာကို ကြိုးစားသင်ယူခဲ့တဲ့အတွက် နောက်ဆုံးမှာ ဟားဗတ်တက္ကသိုလ်ကို ရောက်ရှိနိုင်ခဲ့ပါတယ် ။


အတန်းပညာကို ယူရာမှာ ဇွဲမလျှော့တဲ့ စိတ်ဓာတ်ရဲ့အရေးပါမှုကို သာဓကပြရရင် စင်္ကာပူနိုင်ငံက Dr. William Tan ဆိုတဲ့သူကို ရည်ညွန်းရပါမယ်။ သူဟာ အသက် ၂ နှစ်သား အရွယ်တည်းက ပိုလီယိုကြောင့် ခါးကနေပြီး အောက်ပိုင်းသေခဲ့ရတယ်။ သူ့ရဲ့ အစ်မအကြီးဆုံးက သူ့ကို ကျောင်းကို အမြဲချီပို့ပေးပြီး ကျောင်းဆက်တက် စေခဲ့တယ်။ နောက်ဆုံးမှာ သူဟာ စကောလားရှစ်ရပြီး ဆရာဝန်တယောက် ဖြစ်တဲ့အထိ ထူးချွန်ခဲ့တယ်။ အောက်ပိုင်းသေနေတဲ့ အချက်ကို အလျှော့ မပေးဘဲ ဘီးတပ်ကုလားထိုင်ကို သုံးပြီး မာရသွန်တွေမှာ ဆက်တိုက် အပြေးဝင်ပြိုင်ခဲ့တယ်။ နိုင်ငံတကာကို သွားပြီးတော့လည်း ဟောပြောပွဲတွေ လုပ်သလို လူမှုရေး အကူအညီ အဖွဲ့တွေ အတွက်လည်း ရန်ပုံငွေ ရှာဖွေပေးနိုင်ခဲ့တယ်။ သူဟာ တကယ်လို့သာ ပိုလီယိုကြောင့် စိတ်ဓာတ်ကျပြီး ဘ၀မှာ အံတုလို့ ဇွဲရှိရှိနဲ့ မကြိုးစားခဲ့ရင် ခုလို အခြေအနေ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။


တချို့လူငယ်တွေဟာ ပြည်ပထွက်နိုင်မှပဲ ဘ၀မှာ ပညာတွေရပြီး ဘ၀တက်လမ်းမြင့်မယ်လို့ မြင်တတ် ကြပါတယ်။ တကယ်ကတော့ ပညာဆိုတာ ဘယ်နေရာမှမဆို ယူတတ်ရင် ရပါတယ်။ ပညာဆိုရာမှာ အတန်းပညာသာမက ဘ၀ပညာဆိုတာလည်း ရှိပါသေးတယ်။ ဘ၀ပညာ ဆိုတာကတော့ လက်တွေ့ လေ့လာဆည်းပူးပြီး ရရှိနိုင်တဲ့ လက်မှုပညာ၊ အတတ်ပညာ စသည်တို့ပဲ ဖြစ်ပါတယ်။ ဥပမာတစ်ခု ပြောရရင်တော့ … မလေးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံမှာ လာအခြေချနေထိုင်တဲ့ David Gan ဆိုသူဟာ စာတောင် မဖတ်တတ် မရေးတတ်ပါဘူး။ ဒါပေမယ့် သူဟာ ဆံပင်ညှပ်တဲ့ ပညာကို ကြိုးစားသင်ယူခဲ့တယ်  နောက်ပြီး အဲဒီအပိုင်းမှာလည်း ထူးချွန်အောင် ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ စင်္ကာပူနိုင်ငံက နာမည်ကြီး မင်းသမီးတွေရဲ့ ပင်တိုင်ဆံပင်ညှပ်ပေးသူ ဖြစ်လာပြီး ကိုယ်ပိုင်စီးပွားရေးနဲ့ အတူ ချမ်းသာတဲ့ လူတစ်ယောက် ဖြစ်လာပါတယ်။


အဲလိုဆို အတန်းပညာဟာ အရေးမပါတော့ဘူးလားလို့ မေးစရာဖြစ်လာနိုင်ပါတယ်။ David Gan ဟာ ဆံပင်ညှပ်သူတွေ အများကြီးထဲမှာ ထူးချွန်ခဲ့တဲ့ အတွက်ကြောင့် ခုလို အခြေအနေဖြစ်လာတယ်။ အထက်မှာ ဖော်ပြထားတဲ့ Oprah Winfrey, Liz Murray, Dr. William Tan တို့ဟာ အတန်းပညာမှာထူးချွန်ခဲ့လို ဘ၀မှာ အောင်မြင်မှုတိုးတက်မှုကို ရရှိသွားတယ် ။ ဒါကြောင့် အတန်းပညာဟာ အရေးပါသလို ဘ၀ပညာကလည်း အရေးပါပါတယ်။ ဘယ်ပညာမဆို ထူးချွန်ဖို့က အဓိကပါ။


တကယ်တော့ ဘ၀ဆိုတာဟာ မပြီးဆုံးနိုင်တဲ့ ပညာတွေကို ရှာဖွေနေရတဲ့ နေရာတစ်ခုလိုပါပဲ။ ဒါကြောင့် တစ်သက်တာ သင်ယူရေး (lifelong learning) ဆိုတာကို လူတွေ လက်ခံလာကြပါတယ်။ ဘ၀တစ်သက်လုံး ကျောင်းတက်ပြီး သင်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။ ဒါကြောင့် နိုင်ငံတကာရဲ့ ပညာရေးစနစ်တွေမှာ ကျောင်းသားတွေကို ဘ၀တသက်တာတွက် ကိုယ့်ဘာသာ ဗဟုသုတ ပညာတွေကို ဘယ်လိုသင်ယူရမယ်ဆိုတဲ့ နည်းလမ်းတွေ  ဘယ်လိုသင်ယူသင့်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို အားပေးပြီး ကျောင်းမှာတည်းက လေ့ကျင့်စေကြပါတယ်။


အဲဒီနည်းလမ်းတွေထဲက တစ်ခုကတော့ အင်တာနက်ကိုသုံးပြီး အင်ဖော်မေးရှင်းရှာတာပါပဲ။ အင်တာနက်ဆိုတာ ကမ္ဘာတ၀ှမ်းမှာ ကျယ်ပြန့်လာသလို မြန်မာနိုင်ငံမှာလည်း အင်တာနက်ဆိုတာ ရှိလာပါတယ်။ ဆရာ၊ ဆရာမတွေက ကျောင်းသားတွေကို ညွန်ပြရာမှာ အင်တာနက်ကိုသုံးပြီး ဗဟုသုတအချက်အလက်တွေ အတန်းပညာရေးပိုင်းနဲ့ ပတ်သက်တဲ့ အထောက်အကူတွေ ကို ဘယ်လိုရှာရမယ် ဆိုတာတွေ ပြသပေးသင့်ပါတယ်။ နောက်ပြီး စာသင်ကြားတဲ့အခါမှာလည်း အင်တာနက်ပေါ်က ရနိုင်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို သင်ခန်းစာ အထောက်အကူအဖြစ် သုံးနိုင်ပါတယ်။ နောက်ပြီး ကျောင်းသားတွေကိုလည်း နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတွေနဲ့ အင်တာနက်မှာ စကားပြော အသိအကျွမ်း ဖြစ်ကြရင်တောင် သူတို့ရဲ့ ဘ၀အတွေ့အကြုံ ကျောင်းတက်နေတဲ့သူဖြစ်ခဲ့ရင် ကျောင်းရဲ့ အတွေ့အကြုံတွေကို ဗဟုသုတရအောင် လေ့လာသင့်တဲ့အကြောင်း  သတင်းဝက်ဆိုဒ်တွေ ဖတ်ပြီးတော့ မျက်စိပွင့် နားပွင့်ဆိုတာမျိုး ဖြစ်စေတဲ့အကြောင်း ရှင်းပြသင့်ပါတယ်။


တကယ်တော့ သေချာပြန်စဉ်းစားမယ်ဆိုရင် ယိုယွင်းလာတဲ့ ပညာရေးစနစ်ကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေအတွက် တိုးတက်ရာလမ်းစတွေကို ဖော်ပြပေးနိုင်မယ့်သူတွေထဲမှာ ဆရာ၊ ဆရာမတွေဟာ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါကြောင့် နာသုံးနာနဲ့ ရပ်တည်နေကြတဲ့ မြန်မာနိုင်ငံက ဆရာ၊ ဆရာမတွေဟာ သူတို့ ကျောင်းသားတွေရဲ့ဘ၀တွေ တိုးတက်လာအောင် အထောက်အကူဖြစ်စေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ အတန်းပညာ၊ ဘ၀ပညာ၊ အသိဥာဏ်၊ တသက်တာ သင်ယူရေး စတာတွေကို သေချာလမ်းညွှန်နိုင်ကြမယ် ဆိုရင်တော့ မြန်မာနိုင်ငံက မျိုးဆက်သစ်တွေအတွက် တိုးတက်ရေးလမ်းစတွေ ရှာဖွေတွေ့ဖို့ အခွင့်အလမ်းတွေ ပိုများလာမယ်လို့ မျှော်လင့်မိပါတော့တယ်။

ရေးသားသူ - S.S

 

References:

http://www.lyved.com/success/5-rags-to-riches-stories/

http://www.toptenz.net/top-10-rags-to-riches-stories.php

http://www.soe.org.sg/files/interview2007.php?i=137&a=&c=&year=

The Straits Times (12 July 2009)

Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 3 of 3 comments

1. 14-09-2009 00:43

အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျွန်တော့် ကို အများကြီး အကျိုးပြုပါတယ်။ 
စာရေးသူနဲ့  သံလွင်အိမ် မက်ကို အထူးကျေးဇူးတင်ပါတယ်ခ င်ဗျာ။ ။
Guest
sa aung

2. 05-09-2009 17:33

Very Very ဂွတ်.....
ပြောစရာမရှိအောင် ၁၀၀% ကောင်းတဲ့ ဆောင်းပါးေ လးပါ။ 
ဆောင်းပါးမှာ ဥပမာလေးတွေ ထည့်ပေးတာ အရမ်းကို ကြိုက်ပါတယ်။  
Oprah Winfrey တို.Liz Murray တို. ရဲ့ ဇာတ်လမ်းလေးတွေ ကို ဖော်ပြတာလည်း အရမ်းနှစ်သ က်မိပါတယ်။  
အကျိုးပြုေ ဆာင်းပါးတွေ ဆက်လက်ရေးသားပြုစုနို င်ပါစေလို. မျှာ်လင့ိပါတယ်။ :) :) :)
Guest
ွှTTY

3. 02-09-2009 20:49

Education for all
A nice one.Hope to read more.Best wishes.
Guest
ံHponeSinKyal

Display 3 of 3 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
မျိုးဆက်သစ်တို့တွက် တိုးတက်ရာလမ်းစများ ရှာဖွေစို့
Monday, 20 July 2009 05:00

Rating 2.9/5 (13 votes)