Home ပေးစာ ငါတို့တွေလုပ်ရမယ့် နိုင်ငံရေး
19 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့682
mod_vvisit_counterမနေ့က1268
mod_vvisit_counterတစ်ပတ်အတွင်း11010
mod_vvisit_counterယခင်သတင်းပတ်က10622
mod_vvisit_counterတစ်လအတွင်3း2200
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2882607
Join us in Facebook
Facebook Fanbox 1.5.x.0
ငါတို့တွေလုပ်ရမယ့် နိုင်ငံရေး

Views : 3391    

Favoured : 89

Share

ငါတို့တွေလုပ်ရမယ့် နိုင်ငံရေး
ကမ္ဘာစိုးမင်း

 

သူငယ်ချင်း -

မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့ ငါလာသွားတယ်။ ဒါပေမယ့် ဝင်ဝင်ချင်းပဲ Home Page မှာရေးထားတဲ့ စည်းကမ်းချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့ “နိုင်ငံရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်လို့ ငါ ဒီစာလေးရေးလိုက်တာပါ သူငယ်ချင်းရေ။
 
 
ဒီလိုရေးထားတာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ “နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။ ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကို ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီထောင်တာ၊ ဆန္ဒပြတာတွေကို ဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေးမရေးရ ဆိုတဲ့နေရာမှာ အစိုးရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့အရေး ကိုပြောတာပါသူငယ်ချင်းရေ။ အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့ နေရာတစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို တတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြရလိမ့်မယ်၊ နောက်ပြီး ရေးကြရလိမ့်မယ်သူငယ်ချင်း။
 
 
လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာပြီ၊ လူစဉ်မီပြီလို့ ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊ စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊ နောက်တစ်ရက်ကျ အမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့ ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ့။ ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့ ငါတို့နိုင်ငံ နတ်ရေကန်ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊ ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။ ဒီမိုကရေစီကို မင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေလုပ်သင့်တာက အစိုးရအပြောင်းအလဲကို ရည်ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။ ဒီလိုပြောလို့ ငါတာဝန်မဲ့တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာ အစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။ သံဃာတွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅ ဖွဲ့လောက်၊ ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန်လုပ်နေကြတာက ၅ ဖွဲ့လောက်၊ လက်နက်ကိုင်ထားတာ၊ တိုင်းရင်းသားအဖွဲ့အစည်းဆိုတာတွေနဲ့ ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တနေ့နေ့များ ဒီမိုကရေစီရခဲ့ရင် အားလုံးညီညီညွတ်ညွတ် ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေက အစိုးရပြောင်းဖို့၊ စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။ ပြည်တွင်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေး သတိရတယ်။ လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ မှန်ပေမယ့် လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့ ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ်နေအောင် ငါတို့ ဘာတွေပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။ နိုင်ငံ့အရေးပေါ့။
ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊ အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေး ဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက ဝင်ကူကြဖို့တွေဟာ ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှ မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို လိုအပ်လှတဲ့ အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာ ဆိုးဆိုးရွားရွားပျက်စီးနေတာပါပဲ။

သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို စည်းကမ်းလိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။ တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။ ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့ ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက လူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင် ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊ စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။ ဒီလိုစည်းကမ်းဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။ ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေးတွေ ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်း ထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့ လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေ ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး ထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလို စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊ အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစဉ်နားတွေမှာရော ကွမ်းတံတွေး ထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။ ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။ လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါပါပဲ။ ဒါလေးက သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်းကောင်းတဲ့နိုင်ငံ၊ ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆို ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ်ညစ်တွေ ရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ ပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့ ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။

စီးပွားရေးချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေအနေနဲ့ ငွေကို ဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊ လာဘ်ယူဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့ အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှ လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့ အကြံအဖန်တောင်းစားရတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့် တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်း ကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။

သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ အားကစားအကြောင်းပြောကြဟေ့ဆို “တချိန်က” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကို စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြရပြန်တော့ပဲမဟုတ်လား။ သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာ အစိုးရအကူအညီမပါဘဲ မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ်ပေးလိမ့်မယ်ဆိုပြီး စောင့်နေတာထက် ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ ထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာထားသင့်တယ်။ မင်းတို့လို IT ပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့ အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့လူတွေကလည်း ကျောင်းသားတွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေးကြမယ်၊ အကြားအမြင်ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့ လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် နားချကြမယ်ဆို ငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင် လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊ စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊ မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာအတွက်ဆိုကြရတယ်ဆိုတာသိအောင်၊ ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိအောင် လုပ်ပေးနိုင်ရင်ပဲ တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့ အနာဂတ်တွေပဲမဟုတ်လား။

သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာ ရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊ ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး ငါတို့လုပ်ကြရမယ်သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။ ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲက ခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။ ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါ ငါတို့ပြည်သူတွေဟာ ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို ဘယ်လောက်ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။ တိုင်းပြည်တစ်ခုကပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့စည်းကမ်းပြည့်ဝပြီး ကိုယ်ကျင့်တရားကောင်းလာတဲ့အခါ ငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေ ဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။

မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့ မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်း မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ မင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို ထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့လို့။
ကမ္ဘာစိုးမင်း
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 9 of 9 comments

1. 28-06-2010 19:22

ကိုသူရိန်သို့
ကိုသူရိန်ရဲ့ အပြုသဘောဆန်တဲ့ comment ကို ဖတ်ရတာ တန်ဖိုးရှိ ပါတယ်။ ကျွန်တော့် ပေးစာ ထဲမှာရေးထားသလို နိုင်ငံရေး ဆိုတဲ့ ခေါင်းစဉ်က ကျယ်လွန်းပါတယ်။ ကျွန်တော်တိုက်တွန်းထားသလို၊ ကိုသူရိန်တို့ လက်တွေ့လုပ်နေသလို ပညာဖြန့်ဝေ တာမျိုးဟာလ ည်း အရေးပါတဲ့ နိုင်ငံ့အေ ရးဖြစ်သလို အုပ်ချုပ်မှုအာဏာအပိုင်းတွေဟာလည်း နိုင်ငံရေး ဖြစ်ပါတယ်။ ဒါကြောင့် “နိုင်ငံရေး မရေးရ” လို့ တားမြစ်လို က်မယ်ဆို ဝါးလုံးရှည်နဲ့ သိမ်းလိုက် သလို အားလုံးပါကုန်မှာစိုး လို့ ကျွန်တော်တို့ လုပ်သင့်တဲ့  နိုင်ငံရေး လို့ ရည်ညွှန်းပြီး အစိုးရအပြောင်းအလဲမဟု တ်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ ကျွန်တော်တိုက်တွန်းထားတာဖြစ်ပါ တယ်။ ကိုသူရိန်ကိုယ်တိုင်ပဲ (ပညာဖြန့်ေ တဲ့) နိုင်ငံ့အေ ရးလုပ်နေပြီ၊ ရေးနေပြီ မဟုတ်ပါလား ။ ပြည်တွင်းမှာတော့ နည်းနည်းအသုံးအနှုန်းမှားမိရင် ကိုသူရိန်ေ ပြာသလို ရေးချင်တာေ ရးခွင့်မရလို့ ရေးသင့်တာ ရေးကြတဲ့ အခွင့်အရေး ပါပျောက်သွားနိုင်တာမို့ လိုသလို ဖြတ်၊ညှပ်၊ ကပ် လုပ်ရတဲ့ အဆင့်လေးတစ်ခုတော့ Web Admin တွေမှာ အပိုရှိနေမှာပါ။ တတ်နိုင်တဲ့ ဘက်ကနေ ပညာတွေ အများကြီး ဆက်လက်ဖြန့် ဝေနိုင်ပါ စေ။
Guest
ကမ္ဘာစိုးမင်း

2. 26-06-2010 04:43

ကန့်ကွက်ခြင်း
မင်္ဂလာပါ။ 
ကျွန်တော်က www.myanmaritmen.com ရဲ့ Founder ကိုသူရိန်ပါ။ ကိုကမ္ဘာစိုးမင်းရဲ့ အတွေးကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ ကန့်ကွက်စရာလေးတွေရှိ လို့ အခုလို Comment ၀င်ရေးတာပါ ။  
Web Portal တွေမှာ နိုင်ငံရေး တွေ ရေးသားဖို့ ခွင့်မပြု ခင်းရဲ့ အဓိကအကြောင်းရင်းက Ban မှာ ကြောက်လို့ ပါ။ Site တစ်ခု Ban ခံရပြီဆိုရ င် လာလည်တဲ့သူ နည်းသွားပါ ပြီ။ ခက်ခက်ခဲခဲ နဲ့ နေ့တိုင်း ကျော်ဝင်မယ့်သူက ရှားပါတယ်။  
ဥပမာ ကျွန်တော်တို့ Site ဆိုရင် IT နည်းပညာတွေ ကို လူငယ်တွေ တတ်စေချင်လွန်းလို့ ဖြန့်ဝေပေး နေတာပါ။ နိုင်ငံရေး ဆိုတာကို ရေးခွင့်ပြုလိုက်တာနဲ့  တည်ဆဲအစိုး ရရဲ့ မကောင်းကြောင်းတွေ ပါလာတော့မှ အသေအချာပါ။ အဲဒီအခါမှာ Site လည်း Ban ခံရမှာ အသေအချာပါ။  
နိုင်ငံရေး =နိုင်ငံ့အ ရးထဲမှာ ပညာရေးလည်း ပါတာပဲမဟုတ်လား။ ကျွန်တော်တို့တွေ တတ်နိုင်သေ လာက် ပညာတွေ ဖြန့်ဝေပေး နေပါတယ်။ အိုင်တီနည်းပညာတွေ ဖြန့်ဝေပေး နေပါတယ်။ 
Web Portal Admin တွေက မြန်မာတွေ ဖြစ်ကြပြီး မြန်မာ့အရေးကို မရေးရဆိုပြီး ပိတ်ပင်ကြတာ ဘာကြောင့်လဲဆိုတာ ခင်ဗျားစဉ်းစားကြည့် သင့်ပါတယ်။ ရေးချင်တာေ ရးခွင့်မရလို့ ရေးသင့်တာေ ရးကြတဲ့ အခွင့်အရေး ပါ ပျောက်သွား မှာစိုးကြလို့ပါ။
Guest
Thurein

3. 06-09-2009 21:58

excellent
Although we can argue that the decline in morality of people starts from corrupt leaders or examples and fuelled by a bad system, we all have to change ourselves to deserve a better country or society. Otherwise, even if the change occurs, we might be changing a bad one with another bad one.
Guest
mogyo

4. 16-08-2009 07:17

ဂွပေါလစ်တစ်ရှင်
ပေါလစ်တစ်ရှင် ဆိုတဲ့ ပညတ်ကြီးက ယုံချင်စရာ မရှိဘူး။ ကျုပ်ဖာသာေ ဆးခန်းလေးဖွင့်ပြီး အလကားလိုက် ကုပေးနေတယ် ဗျာ။ သရဲဘောကြော င်တဲ့အကောင်ဆိုပါစို့ ။
Guest
Ninmujar

5. 06-08-2009 19:32

comment for the article
I like your way of thinking about the word "politic". If every young people in Myanmar has the level of thinking like that, then I'm sure our country will better than at the present, coz they are next generation to shape the country. :)
Guest
SL

6. 06-08-2009 18:52

ကြောက်စိတ်
ကျေး ဇူး တင်ပါတယ်။ များ သော အား ဖြင့် ဒီ လို ရေး ထား တာ တွေ့ရင် ကြောက်စိတ် တွေ နဲ့ တာ ဝန် မယူ ရဲ မှု တွေ ကို ခံစား ရ ပေမဲ့ ဒီလို မျိုး တွေး ပေး လို့ လည်း ရ သေး တာ ပဲ နော်။ ပျော် ရွင်ပါစေ။
Guest
ခခ

7. 06-08-2009 01:19

နိုင်ငံ့အရေး
နိုင်ငံရေး ကို စိတ်မ၀င်စားပါ။ဒါပေမယ့် နိုင်ငံ့အေ ရးကတော့ ကျွန်တော်တို့အားလုံး နဲ့ဆိုင်ပါ တယ်။ macro climate ကို ပြောင်းလဲဖို့မဖြစ်နိုင်တောင်မှ micro climate(ကိုယ့်ပ်ဝန်းကျင်) လေးတွေကိုေ တာ့ ကောင်းလာအောင် လုပ်နိုင်ပါတယ်ဗျာ။ micro climate လေးတွေ အများကြီးေ ကာင်းလာဖို့  တတ်စွမ်းသေ ရွ့ လုပ်ကြရအော င်လားဗျာ။
Guest
mingalarko

8. 30-07-2009 15:36

Thanks for ur post!!
(ကို) ကမ္ဘာစိုးမင်းရေ... 
 
ဒီပေးစာအတွ က် အရမ်းကို ကျေးဇူးတင် ပါတယ်။ 
ပေးစာထဲမှာ ညွှန်းထားတဲ့  web portalဆိုတာ KLသိတဲ့siteလေး ပဲ ဖြစ်နေမလား မသိဘူး။ 
သူငယ်ချင်း ၁ယောက်က inviteလုပ်လို့ ၊ ကိုယ်နဲ့သက်ဆိုင်တဲ့ siteပဲဆိုပြီ အဖွဲ့ဝင်လု ပ်လိုက်မိတ ယ်။ 
လုပ်ပြီးမှ Home Pageမှာ ရေးထားတဲ့ “နိုင်ငံရေးအကြောင်းအ ရာများ မတင်ရ”ဆိုတာကြီး တွေ့လိုက်ရ လို့ ရင်ထဲအောင့် သွားတာပဲ။  
အဲ့ဒီလူတွေ ဒီပေးစာလေး ကို ဖတ်ဖြစ်ပါေ စလို့လည်း ဆုတောင်းမိ တယ်.....
Guest
KL

9. 26-07-2009 07:25

good essay.!!
သာဓု၊ သာဓု၊ သာဓု။ ဒါမျိုး လူတွေအားလုံး စဉ်းစားလာေ အာင် နားလည်လာအောင် များများရေးပါဗျို့...။
Guest
jj

Display 9 of 9 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ငါတို့တွေလုပ်ရမယ့် နိုင်ငံရေး
Sunday, 19 July 2009 01:54

Rating 3.6/5 (14 votes)