Views : 2272  |
Favoured : 86 |
သူငယ်ချင်းသို့ ပေးစာ
သံလွင်မောင်
သို့ဧပရယ်လ်
မိဧပရယ်လ်ရေ - ငါမှစာမရေးရင် နင်ကလည်း စကို မရေးတော့ဘူးနော်။ စိမ်းကားသူကြီးပေါ့လေ။ စာမရေးတာ ကြာလို့ နင့်သူငယ်ချင်း အရင်းကြီး ငါ့ကို မေ့နေပြီလား။ ငါကတော့ မမေ့ရက်ဘူး အချစ်ဦးရယ် ... အဲ သူငယ်ချင်းရယ်။ ခုလို မိုးတွေ ရွာတတ်တဲ့ ကျောင်းဖွင့်ချိန် ဇွန်၊ ဇူလိုင်ဆို ပိုတောင် သတိရမိသေးပေါ့။ မိုးတွေရွာတဲ့ တစ်ရက် ကျောင်းသွားတဲ့ လမ်းက ရေမြောင်းကြီးထဲ ငါရေဆင်းကူးတော့ နင်စိတ်ပူလို့ အသံပြဲနဲ့ အော်နေတာလေ။ ရေကူးတယ်ဆိုလို့ အင်းယားကန်ထဲက ရေကူးသမား ကိစ္စကလည်း ဟိုးလေး တကျော်နဲ့ပါလား ဧပရယ်လ်ရေ။ သူတော်စင်လိုလို၊ အကြားအမြင်လိုလို ဖြစ်နေတဲ့ ကိုရွှေယက်တောကလည်း အချိန်ကောင်းကိုမှ ရက်ရာဇာ ကျလာတယ်။ ငါတို့ အန်တီစုကလည်း သူကိုယ်တိုင်တောင်မှ အကျဉ်းစံ နေရတော့ ကိုယ်ချင်းစာပြီး နှုတ်ဆိတ်နေမိတယ်။ အင်း ... “အဲဒီမှာ စတွေ့တော့တာပဲ” လို့သာ ရန်ကုန်က ဘန်းစကားနဲ့ ပြောလိုက်ချင်တော့တယ်ဟာ။ လွတ်ရက်စေ့နေတဲ့ အန်တီစုကို လွှတ်မပေးချင်တာနဲ့တော့ အံဝင်ခွင်ကျ ဖြစ်သွားတာပေါ့လေ။ ချက်ချင်းကို တရားစွဲ၊ သက်သေတွေခေါ်နဲ့ နေအိမ်ကနေ အင်းစိန်ထောင်ထဲ အန်တီစုကို ပြောင်းလိုက်ပါရောလား။ အသေးစိတ်ကတော့ နင်လည်း သိနေတာပဲဟာ။ ငါမှတ်မိနေတဲ့ သတင်း တစ်ခုကတော့ အန်တီစုကို ဒီပဲယင်းမှာ လုပ်ကြံတာ မအောင်မြင်တော့ နေအိမ်မှာ ပြန်ထိန်းသိမ်း ထားတယ်လေ။ အဲဒီမှာ ဘဘဝန်ကြီးတွေက ဘာပြောလဲဆိုတော့ အန်တီစုရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့ တားမြစ်ထားရတာပါတဲ့။ ကာကွယ်တဲ့လူတွေကလည်း အိမ်ထဲလူဝင်တာ မမြင်လိုက်ဘူးတဲ့လေ။ တော်သေးတာပေါ့ အရူးလိုလိုကောင်မို့လို့။ လူသတ်သမားဆို ဘုရားတောင် တချိန်ရ လိုက်ပါ့မလားပဲ ဧပရယ်လ်ရေ။ ဒါတောင် အန်တီစုက မပူးပေါင်းလို့ဆိုတာက ပါသေးတာ။ အဲဒီလုံခြုံရေးတွေကို နယ်မပို့ဘဲ နေပြည်တော်က သူတို့ အိမ်တွေမှာ စောင့်ခိုင်းရမှာ။
အဲဒီအမှုအတွက် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကလည်း စံချိန်တင်ပဲလို့ ဆိုရမယ်ဟ။ နင်မသိလောက်ဘူးထင်လို့ ပြောပြဦးမယ်။ မြန်မာ့ဒီမိုကရေစီနဲ့ အန်တီစုကို ထောက်ခံတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အပြင်းအထန် ဝေဖန်တယ်ဆိုတာမျိုးကတော့ နင့်အတွက် ရိုးနေလောက်ရောပေါ့။ ဒါပေမယ့် ဒီတခါတော့ အာစီယံအဖွဲ့ကြီးပါ အန်တီစုကို လွှတ်ပေးပါလို့ တောင်းဆိုလိုက်တာကတော့ ထူးခြားတယ်။ ဒါ့အပြင် အာစီယံနိုင်ငံတွေကလည်း သီးခြားစီ တောင်းဆိုကြတဲ့အထဲမှာ ငါ့တို့ “စင်္ကာပူရ”တောင် ပါသေးပေါ့။ တစ်ဦးချင်း တောင်းဆိုကြတဲ့ဆီမှာလည်း နင်အချစ်တော် ဘောလုံးမင်းသား ဘက်ခမ်းတောင် ပါလိုက်သေးတယ်။ ဒါတွေရဲ့ အကျိုးဆက်အနေနဲ့ ကုလအတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်း ကိုယ်တိုင် ညာဘက်က ဂမ်ဘာရီ လက်ကိုစွဲ၊ ဘယ်လက်က အမှုတွဲကို ကိုင်လို့ နေပြည်တော်ကို လေယာဉ်စီးပြီး ဆင်းရ ပါရောလား။ ဆင်းရဆို ဗြဟ္မာမင်းကြီး ဦးခေါင်းက သူ့စားပွဲပေါ် ကျနေပြီလေ။ သင်္ကြန်စာ လာရွတ်နေတယ် ထင်နေပြီလားဟ။ သင်္ကြန်စာတော့ မဟုတ်ဘူး ဧပရယ်လ်ရေ။ ဒါပေမယ့် သင်္ကြန် အမြှောက်လို့ပဲ ငါတော့ ပြောလိုက်ချင်တယ်။ ဘန်ကီမွန်း လာလို့ ဘာထူးသွားလဲ မေးရင် မထူးသလောက်ပါပဲလို့ ငါတော့ မြင်တာပဲ။ အန်တီစုနဲ့ တွေ့ခွင့်မရ၊ NLD နဲ့ ဆယ်မိနစ်ပဲ စကားပြောခွင့်ရ၊ အခြားပါတီတွေနဲ့က နှစ်မိနစ်တွေ့ဆုံ ... အင်း ... ဒါကြောင့်လည်း သူက မြန်မာခရီးစဉ်ဟာ စိတ်ပျက်စရာပါလို့ ပြောသွားတာထင်ပါရဲ့ဟာ။
ဘေယောင်ဂျွမ်းက အဲ... ဘန်ကီမွန်းက အန်တီစုနဲ့ တွေ့ခွင့်တောင်းတာကို ဘဘကြီးတို့က ပယ်ချလိုက်တယ်တဲ့။ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ တစ်ခုလုံးကို ဂရုမစိုက်ဘူးဆိုတာ ပြလိုက်သလိုပဲနော်။ အေးလေ... ဒါက အခုမှ မဟုတ်ပါဘူး။ ငါတို့ဆီက ပန်းတနော်သားကြီး ဦးသန့် အတွင်းရေးမှူးချုပ်ဖြစ်တော့လည်း ဂုဏ်မယူတဲ့အပြင် အနှောင့်အယှက်လို့တောင် ထင်ခဲ့တာ မဟုတ်လား။ ဦးသန့် ကွယ်လွန်တဲ့အခါ ရုပ်ကလာပ် မြေချဖို့အရေးမှာလည်း ကျောင်းသားပြည်သူတွေ သွေးမြေကျရတဲ့ ဦးသန့်အရေးအခင်းရယ်လို့တောင် ဖြစ်ခဲ့ရသေးတာ ငါ့မိဘတွေ ပြောပြလို့ အံ့သြမိပါတယ်။ မဖြစ်လည်း ခံနိုင်ရိုးလားဟ - ဒီလို ကမ္ဘာ့ခေါင်းဆောင်ကြီးရဲ့ ရုပ်ကလာပ်ကို မြင်းပြိုင်ကွင်းမှာ ထားသတဲ့လေ။ ပြီးခဲ့တဲ့ ဇွန်လဆန်းကတောင် ဦးသန့်ရဲ့ အသက် (၁၀၀) ပြည့်မွေးနေ့ အခမ်းအနားကို ကုလသမဂ္ဂမှာ ကျင်းပသွားသေးတယ်ဟ။ ဘန်ကီမွန်းက ဦးသန့်ကို ဂါရဝပြုခဲ့ပြီး ဂုဏ်ပြုချီးမွမ်းတဲ့ မိန့်ခွန်းကို ပြောခဲ့တယ်။ ဦးသန့်အထိမ်းအမှတ် တံဆိပ်ခေါင်း သုံးမျိုးလည်း ထုတ်တယ်လေ။ အဲဒီသတင်း နင် ဖတ်လိုက်ရသေးလား။ ပြည်တွင်းသတင်းတွေမှာတော့ ဗိုလ်ချုပ်ကြီးတွေရဲ့ မဟာမိတ် မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ကြီး ကင်ဂျုံအီး အစိုးရအဖွဲ့ဝင်ဖြစ်တာ (၄၅) နှစ်ပြည့် အထိမ်းအမှတ် ရုပ်ရှင်နဲ့ဓာတ်ပုံပြပွဲ သတင်းတွေပဲ ဖော်ပြနေရလို့ အဲဒီသတင်းတွေကို စိတ်မကောင်းစွာနဲ့ ချန်ထားခဲ့ရတယ်နဲ့တူတယ်။ အဲဒီပြပွဲမှာ ဗိုလ်ချုပ်တစ်ယောက်က “အောင်မြင်မှုနဲ့ ဂုဏ်ကျက်သရေဟာ ကင်မ်ဂျုံအီးလ် ဦးဆောင်တဲ့ ကိုးရီးယား အလုပ်သမားပါတီ (WPK) အတွက်ပါ” လို့ ကမ္ဘာ့ချဉ်ဖတ် မြောက်ကိုရီးယားကို သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပြောသွားသေးတယ်လေ။ ဦးသန့်က မြန်မာကို နာမည်ကောင်းနဲ့ ကမ္ဘာသိအောင် လုပ်ပေးခဲ့ပေမယ့် ခုတော့ မြန်မာဆိုရင် ဘယ်လိုမြင်နေကြလဲ၊ ဘယ်လိုဆက်ဆံခံနေရသလဲဆိုတာ နင့်ကို အေးအေးဆေးဆေး ပြောပြချင်သေးတယ် ဧပရယ်လ်ရေ။
တို့နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဆင်မပြေလေတော့ မြောက်ကိုရီးယားကို ဆရာတင်တယ်။ နျူကလီးယားစစ်ပွဲတွေ ဖြစ်လာမှာကို တကမ္ဘာလုံးက စိုးရိမ်လို့ နျူကလီးယား လက်နက် ထိန်းချုပ်ရေးတွေကို ညှိနှိုင်းဆောင်ရွက်နေတဲ့ အချိန်မှာ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားရဲ့ သမ္မတ ကင်ဂျုံအီ (ကိုကြီးကင်) ကတော့ အားလုံးက ၀ိုင်းတားနေတဲ့ ကြားက ဒုံးကျည်တွေ ပစ်လိုပစ်၊ နျူကလီးယား လက်နက်တွေနဲ့ ချိန်လိုချိန် လုပ်နေတော့ ဘယ်နေ့များ နျူကလီးယားစစ်ပွဲတွေ ထဖြစ်လာမလဲလို့ သတင်းတွေ ဖတ်တိုင်း ရင်မောရတယ် ဧပရယ်လ်။ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်ကို မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားက လွှတ်လိုက်တဲ့ သူလျှိုတွေက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သံ အဆက်အသွယ် ဖြတ်ထားလိုက်တာ ခင်မင်တတ်တဲ့ တို့ဗိုလ်ချုပ်ကြီးတွေ လက်ထက်ကျမှပဲ ပြန်ပြီး ရင်ကြားစေ့နိုင်တော့တယ်။ တော်ပါပေတယ်ပေါ့ ... ဟုတ်ဘူးလား မိဧပရယ်လ်။
အမြော်အမြင်ကြီးသူတွေခေတ်မှာ “တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား အားကိုး တို့အကျိုး၊ ဆထက်ထမ်းပိုး ခင်မင်ကြ” ဆိုတဲ့ ဆောင်ပုဒ်တွေက မြန်မာဘီယာ ကြော်ငြာတွေလို လမ်းတိုင်းမှာ ရှိနေသင့်ပြီလား မသိပါဘူး ဧပရယ်လ်။ ကိုကြီးကင်က ကမ္ဘာတခွင်မှာသာ စွာချင်ပေမယ့် တို့ဗိုလ်ချုပ်ကြီးတွေကိုတော့ ခင်ရှာပါတယ်။ ခင်ဆို လှိုဏ်ခေါင်းကြီးတွေ လိုချင်တယ် ခုဖောက်ပေးဆို ဟောတစ်ခု ဟောတစ်ခု ဖောက်ပေးလိုက်တာကိုး။ ၂၁ ရာစု မီးမလာ ရေမလာ အမှောင်ခေတ်ထဲက တို့ပြည်သူတွေလည်း ဂူအောင်း လူသားတွေ အဖြစ်ကို နောက်ပြန် မရောက်သွားဘူးလို့ မပြောနိုင်ဘူးလေ။ ခုလို အစိုးရက လှိုဏ်ဂူတွေ ကတိုက်ကရိုက် ဆောက်နေတော့ ငါတော့ ဒီလို ကြော်ငြာတွေကို ကြိုတင် မြင်ယောင်မိတယ်။ “နေပူတော် ဂူသစ်ကြီး ရပ်ကွက်တွင် အသစ်ဆောက်လုပ်ထားသော ဂူများ မြန်မြန်သေ မြန်မြန်ယူ စနစ်ဖြင့် အမြန်ဆုံး ရောင်းချပေးနေပါပြီ”။
ဟဲ့.. ငါတို့ မြန်မာစာပေလောကလည်း ဟိုဘောင်ခတ် ဒီဘောင်ခတ်နဲ့ ပိုပြီးတော့ ဆိုးယုတ်လာတာကို တွေ့တော့ အရင်က စာရေးဆရာကြီးတွေကို သတိရမိတယ်ဟာ.. သူတို့ စာအုပ်တွေကိုပဲ အဖန်ဖန် တလဲလဲ ပြန်ထုတ်နေရတယ်.. အဲဒီတော့ အခုစာရေးဆရာတွေက မကောင်းလို့လားဆိုတော့ မဟုတ်ဘူးဟ..ပုံစံ မတူတော့တာလေဟာ.. ၀တ္ထုရှည်ပိုင်းမှာတော့ အတော်ကို အားနည်းသွားပြီး ၀တ္ထုတို ပိုင်းမှာတော့ ပိုပြီး လတ်ဆတ်လာတယ်ဟ.... ဒါပေမယ့် အခုတလော အင်တာနက်က ငါတို့လို ၀ါသနာရှင်တွေရေးတဲ့ စာမူတွေကို အသာကူးယူပြီး တရားဝင်ထုတ်ဝေတဲ့ မဂ္ဂဇင်းတွေမှာ တွေ့လိုက် ဖတ်လိုက်ရတော့.. အံသြမိတယ်ဟာ။ နောက်ပြီး တလောကပဲ သူငယ်ချင်းတစ်ယောက်က စာအုပ်သုံးအုပ် ပို့လိုက်တယ်။ ကလောင်နာမည်က “အရိုး”တဲ့။ ဖတ်ကြည့်လိုက်တော့ဟာ... မြန်မာစာပေ အဆင့်အတန်း ဒီလောက်ထိ နိမ့်ဆင်းသွားတယ်လို့ မှတ်ချက်ချမိတယ်ဟာ။ စိတ်လည်းမကောင်းဘူး..။ အရင်က အင်္ဂလန်က အင်္ဂလိပ်စာပေ ပညာရှင်တစ်ယောက်က “ အင်္ဂလန်နိုင်ငံက ဖျားနာပြီး နာတာရှည်ရောဂါရနေတယ်။ အဲဒါကို အင်္ဂလိပ်စာပေ အနုပညာကပဲ ကုစား ပေးနိုင်မယ်။ ဒါကြောင့်စာပေ အနုပညာက တာဝန်သုံးခု ယူရမယ်။ နှစ်သက် ကြည်နူးမှုပေးဖို့၊ အမှား အမှန်ခွဲခြားတတ်ဖို့၊ နောက်ဆုံး တစ်ခုကတော့ လူတွေရဲ့ ၀ိညာဉ်ကို ကယ်တင်ပြီး နိုင်ငံတော်ကို ကုစားဖို့ပါပဲ” လို့ ပြောဖူးတယ်။ အဲဒီလောက် အရေးကြီးတဲ့ နိုင်ငံနဲ့ လူမျိုးရဲ့ အသက်ဖြစ်တဲ့ ဒီစာပေမှာ နိမ့်ကျ တန်ဖိုး မရှိရင်ကတော့ဟာ အခြေအနေကို ငါမတွေးတော့ဘူးဟာ...။ ပိုက်ဆံရှိလို့ စီးပွားရေးလုပ်ချင်ရင်လည်း စာဖတ်နာအောင် စာများများဖတ်ပြီး၊ အမှားအမှန်ခွဲခြားသိကြမှ စာပေလုပ်ငန်းကို ကိုင်ကြပါလို့ ပြောချင်တယ်ဟာ ... စေတနာထားတဲ့ အရည်အချင်းရှိတဲ့သူတွေကို မွေးထုတ်ပေးနေတဲ့ ရွှေအမြုတေစာပေရဲ့ ဒီနှစ်ဆုပေးပွဲမှာ နောက်နှစ် ၂၀၁၀ စာပေဆု ပေးဖို့ မသေချာတော့ကြောင်းကို ကြေညာသွားတယ်တဲ့ သတင်းက ပိုပြီး စိတ်မကောင်းစရာပဲဟာ။ မြန်မာစာပေ အဆင့်အတန်းဟာ နိမ့်ကျပြီးရင်း နိမ့်ကျနေတော့မှာပါပဲဟာ။ အဲလိုပြောတော့ နင်က ငါ့ကိုစကားနာထိုးဦးမယ် ... ဘယ်ဟာက တိုးတက်နေလို့လဲ လို့လေ.. ။ HIV လူဦးရေ၊ ဘီယာဆိုင်အရေအတွက်၊ KTV နဲ့ အနှိပ်ခန်း၊ နှစ်လုံး၊ သုံးလုံး ၊ ဘောလုံး လောင်းကစား စတဲ့ မကောင်းတဲ့ နေရာတွေမှာ တိုးတက်နေတယ်လို့ ငါက ဖြေရမှာပဲပေါ့ဟာ ။
မိဧပရယ်လ်ရေ ... နင်သိတဲ့အတိုင်း ငါတို့လိုပြည်ပမှာ နေရတဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ပြည်တွင်းသတင်းတွေ သိချင်တဲ့အခါ ပြည်တွင်းက ဂျာနယ်တွေ ရှာဖွေ ဖတ်ရတာပေါ့ဟာ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဂျာနယ်တစ်စောင်ရဲ့ မျက်နှာဖုံးမှာ သတင်းဆန်းကြီး တစ်ခု ဖတ်လိုက်ရသေးတယ်ဟ။ မိုးဆက်တိုက်ရွာလို့ ငါတို့ ၄၂ လမ်းထိပ်မှာ ရေကြီးနေတဲ့ပုံကို ဖော်ပြထားပြီး ရန်ကုန်စည်ပင်က ရေမကြီးအောင် ရေစုပ်စက်ကြီး ၁၄ လုံးနဲ့ ကာကွယ်ပါမယ်တဲ့ ... ဟဲ ... ဟဲ ...။ ၀မရှိဘဲ ၀ိလုပ်တဲ့၊ အ၀ှာ မနိုင်ဘဲ ပဲကြီးဟင်းစားတဲ့သူတွေထဲမှာ ဒီစည်ပင်က လူကြီးတွေပါတယ်လို့ ပြောရမလိုဖြစ်နေပြီ။ ရေစုပ်စက်ကြီးတွေနဲ့စုပ်ပြီး အဲဒီရေစုပ်စက်တွေက ထွက်လာတဲ့ ရေတွေကို ဘယ်သွားပို့မလဲလို့ ငါစဉ်းစားနေတယ်ဟ။ အဲဒီအကြောင်းပြောတော့ ငါငယ်ငယ်က အဖြစ်အပျက်လေး တစ်ခုသတိရမိတယ်။ အဲဒီတုန်းက ကျောင်းကအပြန် မိုးရေထဲမှာ ငါ့ဖိနိပ် ကျွတ်တော့ ငါ့ကိုကျောင်းလာကြိုတဲ့ အဖိုးက လိုက်ကောက်ပေးတယ်။ အခုတော့ အဖိုးလည်း ဆုံးတာလည်းကြာပြီး ငါကိုယ်တိုင် အသက်တွေကြီးလာပေမယ့် ဒီရေကြီးတဲ့နေရာက နှစ်တိုင်းကြီးနေတုန်းပဲဟာ။ ငါက ရန်ကုန်စည်ပင် အကြောင်း ပြောနေတုန်း မန္တလေးမှာလည်း စည်ပင်က ကြွပ်ကြွပ်အိတ်တွေ မသုံရတော့ဘူးဆိုတဲ့ ကြေညာချက် ထုတ်ပြန်တယ်တဲ့...။ ကမ္ဘာမှာ ကြိုးစားပြီး လုပ်နေတာတောင် မရတဲ့ကိစ္စကို သူတို့က ရအောင်လုပ်တယ်ဆိုပြီး ဂုဏ်ယူပြဦးမယ်...။ ကြွပ်ကြွပ်အိတ် တွေ့တာနဲ့ သိမ်း၊ ဟဲ.. ဟဲ.. နောက်မှ သိမ်းထားတဲ့ ကြွပ်ကြွပ်အိတ်တွေကို အခြားမြို့တွေကို ပြန်ရောင်း မန်းစည်ပင် တွက်ခြေကိုက်မယ့်ကိန်း မြင်သေးတယ်။ ပြဿနာတစ်ခုကို သေချာစဉ်းစားပြီး အဖြေရှာဖို့ထက် အထက်လူကြီးကိုပြဖို့ ခဏလောက် အဆင်ပြေရုံပဲ လုပ်နေကျတဲ့ အကျင့်ဆိုးတွေကို ပြင်သင့်တယ်ဟာ..။ အဲဒီ အကျင့်ဆိုးတွေကို ခေါင်းဆောင်တွေ ကိုယ်တိုင်က ပြင်ရမှာဟ။ ငါတို့ မြန်မာအစိုးရက သိရိလင်္ကာနိုင်ငံအစိုးရကို အမေရိကန်ဒေါ်လာ ငါးသောင်းတိတိကို ပြန်လည်ထူထောင်ရေးအတွက် အကူအညီ ပေးခဲ့ပြီးတော့ ကိုယ့်တိုင်းပြည်ထဲမှာတော့ ငွေ ၇၀၀ ကြောင့်မို့ လင်မယားချင်းရိုက်မှုဖြစ်ပြီး မိန်းမသေ၊ ယောက်ျား ထောင်ကျဖြစ်နေတဲ့ အဖြစ်တွေကို မသိတာလားလို့ မေးချင်တယ်ဟာ။ ကိုယ့်မှာက အငတ်ငတ် အပြတ်ပြတ်... အာ.. မှားလို့ဟ.. ငါတို့ အစိုးရလူကြီးတွေက ငတ်ပြတ်တာမှ မဟုတ်တာဘဲ ဆူဖြိုး ကြံခိုင်နေတာ ၀လို့တုတ်လို့ပဲ။ အပြောကတစ်မျိုး အလုပ်ကတစ်မျိုး။ အပြောနဲ့အလုပ်ညီပြီး စိတ်ဓာတ်ပြတ်သားတဲ့ ဗိုလ်ချူပ်အောင်ဆန်းလို ခေါင်းဆောင်တွေကို ဆုံးရှုံးပြီး တိုင်းပြည် ချောက်ထဲကျခဲ့တာတောင် ၆၂ နှစ်ရှိခဲ့ပြီ။ “အာဇာနည်မျိုး သေရိုးမရှိ” ပဲလေ။
ဂျာနယ်တွေမှာ ဖတ်လိုက်ရတဲ့ နောက်ထပ် သတင်းတစ်ပုဒ်ကတော့ ပထမ အကြိမ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲနဲ့ ရန်ပွဲတွေကြားကပဲ ကျင်းပပြီးစီးသွားတယ် ဆိုတာပါပဲ။ မြန်မာဘောလုံးသမားတွေ လခ ကောင်းကောင်း ရတယ် ကြားတော့ မုဒိတာ ပွားမိပေမယ့် ဘောလုံးအသင်းပိုင်ရှင်တွေ ရင်းနှီးထားတဲ့ ငွေကြေးတွေကတော့ မနည်းမနောပဲနော်။ စင်္ကာပူ ဘောလုံး ကလပ်အသင်းတွေနဲ့ အပြိုင် တို့မြန်မာအသင်းတွေမှာလည်း အာဖရိကတိုက်သား ဘောလုံးသမားတွေ ရှိနေပြီလေ။ ငါလဲ မြန်မာပြည်ပြန်ပြီး ဘောလုံး အသင်း တစ်သင်းလောက် ထောင်မလား စဉ်းစားထားတယ်။ ငါ့ဘောလုံးအသင်းကတော့ ငါ သိမ်းထားတဲ့ ကျပ်ငွေ သိမ်း (စာလုံးပေါင်း မမှားပါ) ၅၀၀၀ နဲ့ မတည်ရမှာပဲ။ အဲဒါ ငါ့ဘောလုံး အသင်းကို နာမည်ပေးဖို့ ကူပြီး စဉ်းစားပေးပါဦး။ စပိန်နာမည်ကြီး ဘောလုံးအသင်းတွေနဲ့ ခပ်ဆင်ဆင် ဇီးခဲ လက်တစ်ဆစ် ဆိုရင် ကောင်းမလား၊ ဘာလီမလိုပါ (ကြံရည်သာ ရောင်းသည်) ဆိုရင် ကောင်းမလား၊ ဒါမှ မဟုတ် အင်္ဂလန် နာမည်ကြီး ဘောလုံးအသင်းတွေနဲ့ ခပ်ဆင်ဆင် ကံဇာတ်ဆရာ ယူနိုက်တက်၊ အကျယ်ကြီး၊ အာချင်တယ်၊ ပလီပလာလူး တို့ ဆိုပြီး ပေးရင် ကောင်းမလား။ တော်ပါပြီ.. ငါ့အသင်းက ဘောလုံးသမားတွေရဲ့ ခြေထောက်တွေမှာ ခေါင်းလောင်းကလေးတွေ ဆွဲပြီး သံလွင် ယူနိုက်တက်လို့ပဲ နာမည်ပေးလိုက်တော့မယ်။ ရှေ့တန်းတိုက်စစ်အတွက်တော့ အလိမ်အခေါက် အရှောင်အတိမ်းကောင်းတဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းကိုပဲ လျာထားလိုက်တော့မယ်ဟာ။
ငါ့ရဲ့ ကပေါက်တိကပေါက်ချာ ဟိုရောက်လိုက်၊ ဒီရောက်လိုက်ဖြစ်နေတဲ့ စာကို ဖတ်ပြီး စိတ်တွေ ရှုပ်ကုန်ပြီလား ဧပရယ်လ်။ အေးဟာ .. . ငါလည်း နင့်ဆီကို သုံးလမှ တစ်ခါပဲ ရေးဖြစ်တော့ အကြောင်းအရာတွေက အစုံပဲပေါ့။ နင် ဟိုတစ်ခေါက်က ၀က်တုပ်ကွေးတွေ ဖြစ်နေကြလို့ စိတ်ပူပြီး ပို့လိုက်တဲ့ အီးမေးလ်လည်း ငါရပါတယ်။ စင်္ကာပူမှာကတော့ လူနေသိပ်သည်းပြီး ထူထပ်တဲ့အတွက် ဖြစ်ကာမှ ဖြစ်ရောလို့ပဲ သဘောထားပြီး နေနေရတာတော့ အမှန်ပဲဟ။ မြန်မာပြည်မှာသာ ဖြစ်ခဲ့ရင် ထိန်းမနိုင်သိမ်းမရဖြစ်မှာကို ငါတွေးတွေးပြီး ပူပန်နေမိတယ်။ ကမ္ဘာကြီးလည်း ကြက်တုပ်ကွေးလိုက်၊ ၀က်တုပ်ကွေးလိုက်၊ စီးပွားပျက်ကပ်လိုက်နဲ့ တစ်နိုင်ငံဖြစ်ရင် နောက်တစ်နိုင်ငံကို ချက်ချင်းကူးသွားတဲ့အတွက် အရင်တုန်းကလို တသီးတခြားတည်း နေလို့ မရတော့ဘူးဆိုတာ သက်သေပြနေသလိုပဲနော်။ ဒီလို Globalization ခေတ်ကြီးမှာ နိုင်ငံတကာနဲ့ ဆန့်ကျင်နေနိုင်သေးတဲ့ ဘဘကြီးတွေကိုတော့ တယူသန်ပဲ ဆန်တယ်ပြောရမလား၊ ခေါင်းပဲ မာတယ် ပြောရမလား မသိတော့ပါဘူးဟာ။
နင်တို့ ငါတို့ သိပ်ကြိုက်တဲ့ အဆိုတော် မိုက်ကယ်ဂျက်ဆင်တစ်ယောက်လည်း ဇွန်လ ၂၅ရက်နေ့က ကွယ်လွန်သွားရှာပြီနော်။ ဘယ်လောက်နာမည်ကျော်တဲ့သူ ဖြစ်ဖြစ်၊ ဘယ်လောက်အောင်မြင်တဲ့သူဖြစ်ဖြစ် သေခြင်းတရားကိုတော့ ရှောင်လွှဲလို့ မရပါလားဆိုပြီး သံဝေဂ ရမိတာတော့ အမှန်ပဲဟ။ သူ့ရဲ့ နာမည် အကျော်ကြားဆုံး သီချင်းတစ်ပုဒ် ဖြစ်တဲ့ "Heal The World" သီချင်းထဲကလို ကမ္ဘာကြီးကို ကုစားနေရင်းနဲ့ ကြယ်တွေလည်း တဖြုတ်ဖြုတ် ကြွေသွားခဲ့ပြီပေါ့ဟာ။ ကဲ .... နင်ရော နင့်ဘာသာ နင် ဘယ်နှစ်ကြိမ်ပြန်မေးဖူးသလဲ ဧပရယ်လ်ရေ . . . ။ ငါကတော့ ငါအခုအသက်ရှင်ရပ်တည်နေရတဲ့ ကမ္ဘာကြီးကောင်းစားရေးအတွက် ယခုလက်ရှိအချိန်အထိ ဘာများလုပ်ပေးပြီးပြီလည်းလို့ အကြိမ်ကြိမ် ပြန်မေးနေမိတယ်။ ချစ်သောကမ္ဘာမြေဆိုတဲ့ သီချင်းကို သီချင်းခံစားမှု ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးတဲ့ နင်တို့ ငါတို့ရဲ့ သူငယ်ချင်း နေဘုန်းလတ်တစ်ယောက်ကတော့ သူ့ရဲ့ မွေးနေ့ပွဲကို ထောင်နံရံတွေကြားမှာပဲ တိုးတိတ်ငြင်သာစွာကျင်းပခဲ့ရတယ်ဆိုရင် နင်သိပ်စိတ်မကောင်းဖြစ်သွားမလား မိဧပရယ်လ်။ ဒါပါပဲဟာ ... လောကမာယာဆိုတာ။ ငယ်ငယ်တုန်းက ကောင်းသူထိပ် မကောင်းသူထိပ်ဆိုပြီး အိမ်ပေါ်ကနေ ငါတို့ ပစ်ချဆော့ကစားခဲ့တဲ့ စက္ကူလုံးလေးတစ်လုံးလိုပဲလို့ ပြောရမလိုဖြစ်နေပြီ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ဟာ။ လူတစ်ယောက်အသက်ရှင်နေထိုင်ခြင်းဟာ အိပ်၊ စား၊ ကာမလုပ်ရုံ၊ တစ်ယောက်တည်း လွတ်မြောက်နေရုံ သက်သက်ပဲဆိုရင်တော့ တိရိစ္ဆာန်တစ်ကောင်နဲ့ ဘာများကွာခြားတော့မှာလဲ။ အဲဒီတော့ နင့်လက်တွေကို ဖြန့်ကြည့်လိုက်စမ်းပါ။ အဲဒီလက်တွေနဲ့ လူတွေကောင်းကျိုး၊ နိုင်ငံကောင်းကျိုးနဲ့ ကမ္ဘာ့ကောင်းကျိုးတွေကို ဘာများလုပ်ပြီးပြီလည်းလို့ ပြန်မေးလှည့်ပါ။ အေး . . . ကမ္ဘာလောကကြီးလှပချင်တယ်ဆိုရင်တော့ ငါတို့ လက်တွေ တူတူတွဲလို့ အများအကျိုးသယ်ပိုးပြီး ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာသစ်တစ်ခုဆီကို လျှောက်လှမ်းကြရအောင်လား မိဧပရယ်လ်။
နင့်ရဲ့ ချစ်သူငယ်ချင်း သံလွင်မောင် |