Home ၀တ္ထုတိုများ အဆုံးသတ်မှာ…
25 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့40
mod_vvisit_counterမနေ့က1654
mod_vvisit_counterတစ်ပတ်အတွင်း9693
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်း41211
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2891618
Join us in Facebook
Facebook Fanbox 1.5.x.0
အဆုံးသတ်မှာ…

Views : 3074    

Favoured : 82

Share

အဆုံးသတ်မှာ…
 
ဆုဝေ

နောက်ဆုံးတော့လဲ အားလုံးဟာ ပြီးဆုံးသွားတာပါပဲ… ပျော်ရွှင်မှု.. ကြည်နူးမှု.. ၀မ်းနည်းမှု.. အားငယ်မှု..  ခံစားချက်တွေအားလုံး.. ဘာတစ်ခုမှ မတည်မြဲပါဘူး။ အဲဒီလိုပဲ အချစ်တွေ.. အလွမ်းတွေ.. တမ်းတမှုတွေ.. ငိုကြွေးမှုတွေ အာလုံးဟာလဲ တစ်ချိန်မှာတော့ အဆုံးသတ်သွားကြတာချည်း ပါပဲလေ…။ အဖြစ်အပျက်တွေတိုင်း ဟာလဲ ဖြစ်လိုက် ပျက်လိုက်… ပျက်ဖို့အတွက်သက်သက် ဖြစ်လာသလားလို့ ထင်မှတ်ရလောက်အောင် အပြောင်းအလဲ မြန်ဆန်လွန်းလှပါတယ်။

ငယ်စဉ်တုန်းကတော့ အရာအားလုံးကို တည်မြဲစေချင်တဲ့ ဆန္ဒတွေနဲ့ ကျွန်မစိတ်တွေ ပင်ပန်းခဲ့ဖူးပါတယ်။ ကျောင်းသူဘ၀တုန်းက ပထမဆိုတဲ့ နေရာတစ်ခု တည်မြဲဖို့အတွက် လောဘတကြီး ကြိုးစားခဲ့တယ်။ ကလေးဘ၀ရဲ့ လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်စရာကောင်းတဲ့ အချိန်ကာလတွေကို ကျောင်းသင်ခန်းစာတွေအောက်မှာပဲ နစ်မြုပ်ကုန်ဆုံးပစ်ခဲ့တာ များပါတယ်။

`ဆုရယ်… နင့်ကို ကြည့်လိုက်တိုင်း စာအုပ်နဲ့မျက်နှာ ခွာတယ်ကို မရှိပါလား… နင့်အစား ငါ ပင်ပန်းလိုက်တာဟာ...´

`အဲဒီ ပင်ပန်းခံတဲ့အကျိုးကို တချိန်မှာ ငါ ပြန်ခံစားရမှာပေါ့ သူရရဲ့…´

`လုပ်မနေပါနဲ့ဟာ… အချိန်တန်တော့လဲ နင်နဲ့ငါနဲ့ တစ်နှစ်တစ်တန်း အောင်တာချင်း အတူတူပဲ မဟုတ်လား… ငါ့ကို ကြည့်စမ်း… ဘောလုံးကန်တယ်… ဂိမ်းဆော့တယ်… ဂီတာတီးတယ်… သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တဲ့အခါလဲ ထိုင်တယ်… ငါက နင့်ထက်စာရင် လူဖြစ်ရကျိုးနပ်တယ်ဟ´

`ဟဲ့… အောင်တာချင်း တူပေမယ့် Roll No. ချင်း ကွာတာကိုလဲ ထည့်ပြောဦးလေ… နောက်နှစ် ဆယ်တန်းအေမှာ ငါက စာတော်တဲ့သူတွေနဲ့ အပြိုင်အဆိုင် ကြိုးစားနေတဲ့အချိန် နင်က ဘိတ်ချေးတန်းမှာ အပေအတေတွေနဲ့ နပန်းလုံးနေရမှာ မြင်ယောင်သေးတယ်… အဲဒီအချိန်ကျရင်ရော လူဖြစ်ရကျိုးနပ်တယ်လို့ နင်ပြောနိုင်ဦးမှာလား…´

ကျွန်မ မခံချင်အောင် ညစ်ကျယ်ကျယ်အပြုံးနဲ့ အမြဲလိုလို စ,တတ်၊ နောက်တတ်တဲ့ ငယ်သူငယ်ချင်း သူရကို ကျွန်မကလဲ စာကျက်မပျက်ဘဲ ခပ်စွာစွာ ပြန်ပြောနေကျပါ။ ကျွန်မရဲ့ ငယ်ဘ၀အတွေးတွေထဲမှာတော့ အရာရာဟာ ကိုယ်ကြိုးစားဖန်တီးယူတဲ့အတိုင်း ဖြစ်လာမယ်ပေါ့။ အနိမ့်အမြင့် အတက်အကျတွေနဲ့ လောကဓံရဲ့ သဘာဝကို နားမလည်သေးသလို လူတစ်ယောက် ကြိုးစားမှုမှာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကလည်း အတိုင်းအတာတစ်ခုထိ ပါဝင်နေတယ်ဆိုတာကိုလဲ သဘောမပေါက်ခဲ့သေးပါဘူး။ အဲဒီလိုပဲ လူဖြစ်ရကျိုးနပ်တယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုလဲ သေသေချာချာ မစဉ်းစားဖြစ်ခဲ့ပါဘူး။

အဲဒီလိုနဲ့ ဆယ်တန်းအောင်စာရင်းတွေ ထွက်လာတဲ့အချိန်မှာတော့ တစ်စုံတစ်ခုကို ကျွန်မ အနည်းအကျဉ်း နားလည်စပြုလာပါတယ်။ ဆရာဝန်ဖြစ်ချင်လွန်းလို့ အသေအလဲ ကြိုးစားခဲ့တဲ့ ကျွန်မ… ဆေးကျောင်းတက်ခွင့်ကို အမှတ်အနည်းငယ်အကွာနဲ့ လက်လွှတ်ခဲ့ရပါတယ်။

`ကံပေါ့ သမီးရယ်… ငါ့သမီး တတ်နိုင်သမျှ ကြိုးစားခဲ့ပြီးပြီပဲ… ကိုယ့်မှာ ဆရာဝန်ဖြစ်ဖို့ ကံမပါဘူးလို့ပဲ သဘောထားလိုက်… ဘာမှ တွေးမနေနဲ့တော့… ´ စိတ်ညစ်နေတဲ့ ကျွန်မကို အမေက လေအေးလေးနဲ့ တတွတ်တွတ် ချော့မော့နေတဲ့အချိန် ကျွန်မစိတ်ထဲမှာ တွေးနေမိတာက လူတစ်ယောက်ရဲ့ ဘ၀ကို ကံကြမ္မာက ဘယ်လောက်အတိုင်းအတာအထိ လွှမ်းမိုးချုပ်ကိုင်ထားသလဲ ဆိုတာကိုပါ။ `ခြေချော်လက်ချော်´ ဆိုတဲ့ စကားလုံးကရော ကံကြမ္မာရဲ့ ပြုပြင်ဖန်တီးမှုကို မလွန်ဆန်နိုင်တဲ့အခါမှာ သုံးနေကျ စကားလုံးများလား။ ကျွန်မဘ၀အတွက် ရည်မှန်းချက်ထားပြီး ကြိုးစားလျှောက်ခဲ့တဲ့လမ်းမှာ ခြေချော်လက်ချော်ဆိုတာကို ကျွန်မ ဘယ်လို လက်ခံပေးရမှာလဲ။ နောက်ဆုံးတော့လဲ ဆေးကျောင်းသူဆိုတဲ့ ကျွန်မရဲ့ ငယ်ဘ၀အိပ်မက်လေး အဆုံးသတ်သွားခဲ့ပါတယ်။ ကွန်ပျူတာဆိုတာကို စာအုပ်တစ်အုပ်လောက်မှ စိတ်ဝင်စားမှု မရှိခဲ့တဲ့ ကျွန်မကို ကွန်ပျူတာတက္ကသိုလ် ကျောင်းသူတစ်ယောက်အဖြစ် ကံတရားက ကျီစယ်လွဲချော်ပေးခဲ့ပါတယ်။ coding တွေ၊ program တွေကြားမှာ ကျွန်မ ဦးနှောက်စားနေရတဲ့အချိန် သူရကတော့ အဝေးသင်တက္ကသိုလ်မှာ ပထ၀ီမေဂျာယူရင်း သူစိတ်ဝင်စားတဲ့ အိုင်တီနဲ့ ပတ်သက်တဲ့သင်တန်းတွေ တစ်ခုပြီးတစ်ခုတက်လို့ သူ့ထုံးစံအတိုင်း ပျော်ပါးတက်ကြွနေလေရဲ့…။

`နင့်ဟာက ဆယ်တန်းတုန်းကလဲ ဆယ်တန်းမို့လို့… အခုတော့ ဆေးကျောင်းမရလို့ ငါ့သူငယ်ချင်းလေး သက်သာမလား အောက်မေ့ပါတယ်… ဒီကျောင်းစာတွေကြားမှာပဲ တကုပ်ကုပ်… ကျောင်းသွားတက်ရတာလဲ တမျှော်တခေါ်… အရင်ကလောက်တောင် နင်နဲ့ငါနဲ့ တွေ့ချိန်မရှိတော့ဘူးဟာ…´
Programming စာအုပ်ကို ရှေ့ချပြီး for loop တွေ၊ while loop တွေနဲ့ တစ်ယောက်တည်း looping ပတ်နေတဲ့ ကျွန်မအနားကို သူရ ဘယ်အချိန်ကတည်းက ရောက်နေမှန်းပင် သတိမထားမိလိုက်ပါ။ ကျွန်မကို သနားသလိုကြည့်ရင်း ညည်းတွားပြောဆိုနေသော သူရကို ဟိုတုန်းကလို စွာတေးလန် ပြန်ပြောဖို့ ကျွန်မ နှုတ်တွန့်နေမိပါပြီ။

`အေးဟာ… နင်ပြောလဲ ပြောစရာ… အဓိပ္ပါယ်နားမလည်ဘဲ အလွတ်ကျက်နေရတဲ့ ကွန်ပျူတာက စာတွေကို ငါ စိတ်ပျက်လာပြီ… ပြီးတော့ တစ်နေ့တစ်နေ့ ကျောင်းအဝေးကြီး သွားတက်နေရတာလဲ စိတ်ကုန်လှပြီ… ဒီလိုမှန်းသိရင် ငါ အစောကြီးတည်းက မကြိုးစားခဲ့ပါဘူးဟာ´ကျွန်မဆီက ခါတိုင်းလို ခပ်မာမာ တုံ့ပြန်မှုမျိုး မရဘဲ စိတ်ပျက်အားလျော့တဲ့လေသံ ထွက်လာတာကြောင့် သူရ အတော်လေး အံ့သြသွားပုံရပါတယ်။

`အဲဒီလိုတော့လဲ မဟုတ်ဘူးလေဟာ… ကွန်ပျူတာနဲ့ ကျောင်းပြီးတဲ့သူတွေက အလုပ်ဝင်ရင် လစာကောင်းတယ်… ဒီခေတ်က ကွန်ပျူတာခေတ်၊ အိုင်တီခေတ်ဟ… ကုမ္ပဏီတစ်ခုခုမှာ လခကောင်းတဲ့ အလုပ်ရရင် နင် ဆရာဝန်လုပ်တာထက်တောင် ပိုတွက်ခြေကိုက်ဦးမယ်… နင်ပဲ နင့်အဖေနဲ့အမေကို ကောင်းကောင်းထားချင်တယ်ဆို…´ဟုတ်တော့လဲ ဟုတ်ပါတယ်… သာမန်ဝန်ထမ်းမိသားစုကနေ ဆေးကျောင်းတက်ရရင် ဆရာဝန်ဖြစ်ခဲ့ရင်တောင် ကျွန်မမိဘတွေကို တော်တော်နဲ့ ပြန်လုပ်ကျွေးနိုင်ဦးမှာ မဟုတ်ပါဘူး။

သူရပြောသလို ကျောင်းပြီးလို့ အလုပ်ကောင်းကောင်းလေးရရင် ဖေဖေနဲ့မေမေကို ကျွန်မလစာလေးနဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးနိုင်ကောင်းပါရဲ့။ အထူးသဖြင့် စာရေးဆရာ၊ ကဗျာဆရာ ကျွန်မဖေဖေ… အခုနောက်ပိုင်းမှာ မိသားစုရဲ့ စီးပွားရေးအခြေအနေအရ တချို့စာတွေကို နှလုံးသားနဲ့ မရေးဘဲ ဦးနှောက်နဲ့ ရေးနေရတယ်ဆိုတာကို ဖေဖေ့ရဲ့ အမာခံ စာဖတ်ပရိသတ် ကျွန်မ ကောင်းကောင်းကြီး သိတာပေါ့။

တစ်ခါတစ်လေ အလိုက်မသိစွာနဲ့ `ဖေဖေ… ဘာတွေရေးနေတာလဲ… ကဗျာလဲ မဟုတ်ဘူး… အရင်လို ကဗျာတွေ များများနေပါ´ဟု ပြောမိတိုင်း…`ရေးမှာပေါ့ သမီးရယ်… အခုလောလောဆယ် xxxxxxxxx မဂ္ဂဇင်းကို ဒီကျန်းမာရေး ဘာသာပြန်ဆောင်းပါးက အချိန်မီ ပေးရမှာ´။ အဲဒီလို အဖြေမျိုး ကြားရတိုင်း ဖေဖေ့ထံမှ အိမ်တာဝန်တွေ ခွဲဝေယူနိုင်တဲ့ တစ်နေ့မှာ ဖေဖေ့ကို စိတ်အေးချမ်းသာစွာဖြင့် စာတွေ ကဗျာတွေ ပြန်ရေးဖို့ပြောမည်ဟု ကျွန်မစိတ်ထဲတွင် တေးမှတ်ထားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာလည်း ကျွန်မရဲ့ စိတ်အတွေးတွေ အကောင်အထည် မပေါ်လာဘဲ အဆုံးသတ်ခဲ့ရပြန်ပါတယ်။ မထင်မှတ်စွာဘဲ ကျွန်မ နောက်ဆုံးနှစ် စာမေးပွဲ ဖြေခါနီးမှာ ကျွန်မအချစ်ဆုံးဖေဖေ မေမေနဲ့ ကျွန်မကို ထားခဲ့ပြီး လူ့လောကကြီးထဲကနေ ထွက်ခွာသွားပါတယ်။

သေခြင်းတရားဆိုတာ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာ ကိုယ့်အနားက လူတစ်ယောက်ကို ဆွဲခေါ်သွားနိုင်တဲ့ မရဏမင်းရဲ့ တမန်တော်တစ်ပါးပါလားဆိုတာကို ရင်နဲ့ရင်းပြီး ကျွန်မ နားလည်ခဲ့ရပါတယ်။ အဲဒီလိုပဲ ဘ၀တစ်ခုရဲ့ မမြဲခြင်းသဘောကိုလဲ ကျွန်မ ဆင်ခြင်မိစပြုလာပါတယ်။ ဖြစ်ချင်တာတွေ မဖြစ်ရ၊ မဖြစ်ချင်တာတွေလဲ ကံပါလာရင် ဖြစ်ရတယ်ဆိုတဲ့ အသိကိုလဲ ကျွန်မ အလိုလို လက်ခံမိလာပါတယ်။

`ဆု… ငါ စင်္ကာပူ ထွက်တော့မလို့… လိုအပ်တာတွေအားလုံးလဲ စီစဉ်ပြီးသွားပြီ´

`နင်က ဟိုမှာ ကျောင်းဆက်တက်မှာလား´

`part time တက်ဖို့ အဆင်ပြေရင်တော့ တက်ဖြစ်မယ်… လောလောဆယ်တော့ အလုပ်တစ်ခု အမြန်ရအောင် ရှာရမှာပေါ့ဟာ… ငါက အိုင်တီသမားဆိုတော့ သိပ်မခက်ခဲလောက်ဘူး ထင်တာပဲ… ´

ကျောင်းပြီးခါစကျွန်မ ဘွဲလက်မှတ်တစ်ခုကိုင်ပြီး ဟိုအလုပ် လျှောက်ရကောင်းနိုး၊ ဒီအလုပ် လျှောက်ရကောင်းနိုးနဲ့ ယောင်ချာချာဖြစ်နေတုန်းမှာ သူရကတော့ သူ့အနာဂတ်အတွက် အကွက်ကျကျ စီမံပြီးသွားပါပြီ။ ကျွန်မမှာသာ ဖေဖေဆုံးပြီးနောက်ပိုင်း သိသိသာသာ ကြပ်တည်းသွားတဲ့ ငွေကြေးအခက်အခဲကြောင့် နည်းပညာခေတ်ကြီးရဲ့ သင်တန်းပင်လယ်ထဲကို တိုးမ၀င်နိုင်ဘဲ ကျောင်းကပေးတဲ့ ဘွဲ့လက်မှတ်အားကိုးနဲ့ အလုပ်တစ်ခုရဖို့ အသည်းအသန် ကြိုးစားနေရပါတယ်။ ဒါပေမယ့် ကျွန်မအားကိုးတဲ့ လက်မှတ်တစ်ခုဟာ တစ်ခါတစ်ရံမှာ စာရွက်လွတ်တစ်ရွက်သာသာမျှပဲ အဖိုးတန်တယ်ဆိုတာမျိုး ကြုံလာရတော့ ကျွန်မမှာ ဘာကို စိတ်နာရမှန်း မသိနိုင်တော့ပါ။

သူရကတော့ အဝေးကနေ ကျွန်မကို အားပေးရှာပါတယ်…။ `ဆု… နင် ငါ့နောက်ကို လိုက်ခဲ့ပါလားဟာ… နင့်အရည်အချင်းမျိုးနဲ့ဆို အလုပ်တစ်ခုလောက်တော့ အဆင်ပြေမှာပါ… သူများအတွက် ခက်ခဲတဲ့အရာတိုင်း ကိုယ့်အတွက် ခက်ချင်မှ ခက်တာပါ… လူတစ်ယောက်နဲ့တစ်ယောက် ကံချင်းတူတာမှ မဟုတ်တာ… ဒီမှာ အလုပ်ရဖို့က ကြိုးစားမှုတစ်ဝက်၊ ကံတစ်ဝက်ဟ…´။

`ကံ´ တဲ့… အဲဒီ ကံဆိုတာကိုပဲ ကျွန်မကြောက်တာပါ… ဒီဘ၀မှာ ကြိုးစားသလောက် အတိတ်ကံကြောင့် အရာမထင်တာမျိုး ဖြစ်လာခဲ့ရင်…။ အခု ကျွန်မအနေအထားက လက်ရှိအခြေအနေတစ်ခုကို ဖျက်ပြီး စွန့်စားရမှာမျိုးလေ…။ ပြီးတော့ မေမေ့ကို တစ်ယောက်တည်း ထားခဲ့ရမှာကို တွေးမိတိုင်း ဘယ်လိုမှ စိတ်မဖြောင့်နိုင်ပါ။ သူရထံမှ သူ့နောက်ကို လိုက်လာစေချင်တဲ့ ဆန္ဒနဲ့ အရောင်ပြောင်းချင်နေတဲ့ သံယောဇဉ် အငွေ့အသက်တွေကို မသိချင်ယောင်ဆောင်ရင်း ဘ၀ကို လက်တွေ့ကျကျ ကျွန်မ ရင်ဆိုင်ခဲ့တယ်။

အင်တာနက်ခေတ်ကြီးရဲ့တောင်းဆိုမှုအရ ဆိုင်ဘာကဖီး ယဉ်ကျေးမှု ထွန်းကားလာတဲ့အချိန်… အိမ်နဲ့ မနီးမဝေး ဆိုင်ဘာကဖီးတစ်ခုမှာ အင်တာနက်၊ အီးမေးလ် training လည်း သင်ပေးတဲ့ ဆိုင်ဝန်ထမ်းတစ်ယောက်အဖြစ် Globalization ရေစီးကြောင်းမှာ ကျွန်မ မျောပါစီးဆင်းခဲ့ပါတယ်။ စာသင်ရင်း၊ user complain တွေ ဖြေရှင်းရင်းနဲ့ ရတဲ့အချိန်အားလေးမှာ အွန်လိုင်းကနေ ကျွန်မ ၀ါသနာပါတဲ့ ကဗျာစာပေ လောကထဲကို တိုးဝင်ခဲ့မိတယ်။ အွန်လိုင်းမှာ ကိုယ်တိုင်လဲ စာရေးရင်း၊ သူများရေးတဲ့စာတွေ လိုက်ဖတ်ရင်း၊ သူငယ်ချင်းမိတ်ဆွေတွေ တိုးပွားလာတော့`ငါ ဆရာဝန်လုပ်ခဲ့ရင်တောင် ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ဒီလောက် ကျယ်ပြန့်မှာ မဟုတ်ဘူး´ဆိုတဲ့ အတွေးနဲ့ ကိုယ့်ရထားတဲ့ အနေအထားလေးတစ်ခုကို ကျေနပ်တဲ့စိတ်လေး ဖြစ်လာမိပြန်ရော… ။        

ကျွန်မရဲ့ အဲဒီစိတ်အတွေးလေးကို ပိုပြီးခိုင်မာစေခဲ့တာကတော့ `သူ´… ကဗျာတွေကို မက်မောချစ်တတ်တဲ့ ကျွန်မ… ကဗျာအရေးကောင်းတဲ့သူ့ကို စိတ်ဝင်စားခဲ့မိတာ မဆန်းပါဘူး။ ဒါပေမယ့် အွန်လိုင်းမှာ သူ့ကိုမတွေ့ရရင် ကျွန်မစိတ်ထဲမှာ ဟာနေတတ်တာကတော့  ထူးဆန်းတဲ့ ခံစားချက်တစ်ခုပါပဲ။ အွန်လိုင်းပေါ်က ချစ်ပုံပြင်တွေအကြောင်း အပ်ကျမတ်ကျ သိထားတဲ့ကြားကနေ သူ့အပေါ် တွယ်တာမိတဲ့ သံယောဇဉ်ကြိုး တစ်နေ့ထက်တစ်နေ့ ပိုခိုင်မြဲလာတာကို ကျွန်မ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။ သူနဲ့ စကားပြောခွင့်ရတဲ့ ညနေပိုင်း အွန်လိုင်းတက်ချိန်တွေဟာ ကျွန်မရဲ့တစ်နေ့တာမှာ အလှပဆုံးအချိန်တွေပါပဲ။

ဒီလိုနဲ့ပဲ သူ့ရဲ့ကဗျာတွေမှာ ကျွန်မရဲ့ပုံရိပ်တွေ လွှမ်းမိုးလာခဲ့ပါတယ်။ ကဗျာထဲမှာ `ချစ်သူ…´လို့ ဖွဲ့နွဲ့တင်စားတတ်တဲ့၊ အပြင်မှာလဲ ကျွန်မအပေါ် ဂရုတစိုက် ချစ်ခင်ယုယတတ်တဲ့ သူနဲ့အတူ ဘ၀တစ်ခုကို လက်တွဲလျှောက်လှမ်းဖို့ သတ္တိတွေကို ကျွန်မရဲ့အချစ်တွေက မွေးဖွားပေးခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်ရဲ့ အနာဂတ်ကို အချစ်တွေနဲ့အတူ တည်ဆောက်သွားကြဖို့ သစ္စာတရားတွေနဲ့ ထပ်တူပြု တိုင်တည်ခဲ့ကြပါတယ်။

`ဆုရေ… ကို ဒီနေ့ညနေ သွားစရာရှိလို့ ဖုန်းမဆက်တော့ဘူးနော်… သူငယ်ချင်းတစ်ယောက် နိုင်ငံခြားကနေ ပြန်လာတာ သွားတွေ့မလို့လေ… ပြန်လာရင်လဲ နောက်ကျနေလောက်ပြီ… ချစ်တယ်…´ ဂျီတော့ခ်ကနေ တက်လာတဲ့ offline message ကို ကြည့်ပြီး ကျွန်မ မျက်မှောင်ကြုတ်မိသွားပါတယ်။ ဒီညနဲ့ပါဆို ကို ကျွန်မဆီ ဖုန်းမဆက်တာ ၅ ရက်ရှိပြီလေ… အွန်လိုင်းမှာ တွေ့ရင်လဲ စာရေး စာဖတ်နေလို့၊ မအားလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်မကို မေးတစ်ခွန်း ဖြေတစ်ခွန်း လုပ်နေခဲ့တာ…။ ဒါပေမယ့် သူလဲ ကိုယ့်လိုပဲ အလုပ်တစ်ဖက်နဲ့ အွန်လိုင်းသုံးရတဲ့သူ မဟုတ်လား… ကိုယ်နဲ့က ဖုန်းလဲပြောလို့ရတယ်၊ အလုပ်နားရက်ချင်း ညှိပြီး အပြင်မှာ တွေ့ရင်လဲ ရတာပဲ ဆိုတဲ့ အတွေးနဲ့ နားလည်ပေးထားခဲ့တာ…။ ခုတော့ ကျွန်မဆီ ဖုန်းဆက်ဖို့လဲ သူ့မှာ အချိန်ရှားပါးနေပါပေါ့လား…။ အရင်ရက်တွေ မဆက်တာထားပါတော့… မနေ့က ကျွန်မ နေမကောင်းတဲ့အကြောင်း သူ့ဆီ မေးလ်ပို့ထားခဲ့တာပဲ။ ချစ်တယ်… ဆိုတဲ့ စကားလေးတစ်ခွန်းကို မက်ဆေ့ခ်ျမှာ ထည့်ပို့ရုံနဲ့ တာဝန်ကျေပြီလို့များ ထင်နေပြီလား…။

ဟိုတွေးဒီတွေးနဲ့… အဆုံးသတ်ခဲ့ဖူးတဲ့ ကျွန်မရဲ့အိပ်မက်လေးတွေကို သတိရမိတော့ ရင်ထဲမှာ စူးစူးရှရှ ပူလောင်သွားမိရဲ့…။ ကိုနဲ့ကျွန်မ ချစ်ခဲ့တာက အိပ်မက်တစ်ခုမှ မဟုတ်ခဲ့တာ… ပျောက်ပျက်သွားစရာ မရှိပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း နားလည်ထားတဲ့ မတည်မြဲခြင်းသဘောကို မေ့ချင်ယောင် ဆောင်ထားလိုက်ပါတယ်။ သူ တကယ်မအားလို့ပဲ ဖြစ်မှာပါလို့လဲ ဖြေတွေးထားလိုက်ပါတယ်။ ဒါပေမယ့်လဲပေါ့လေ…

`ကို… မနက်ဖြန် ကို အလုပ်နားတယ် မဟုတ်လား… ညနေပိုင်း ဆုဆီ လာခဲ့ပါလားဟင်…´

`ဆုရာ… ဒီရက်ပိုင်းတွေ ကို အလုပ်များနေတာ သိရက်သားနဲ့… နားတဲ့ရက်လေး ဘယ်မှမထွက်ဘဲ အေးဆေးနေချင်တယ်… ညနေပိုင်း ကို အွန်လိုင်းတက်ဖြစ်ရင်တော့ အွန်လိုင်းမှာ ပြောကြတာပေါ့…နော် ´ကျွန်မ နားလည်လိုက်ပါပြီ။ အိပ်မက်လေးတွေ မက်တတ်ပြီး မက်တဲ့အိပ်မက်တိုင်းလဲ အကောင်အထည်မပေါ်ဘဲ အဆုံးသတ်သွားနေကျ ကျွန်မရဲ့ကံဇာတာက ဒီတစ်ခါလဲ ကျွန်မရဲ့ချစ်ခြင်းတွေကို အိပ်မက်တစ်ခုအဖြစ် အသွင်ပြောင်း လိုက်ပြီဆိုတာကို ကျွန်မ နှလုံးသားနဲ့ ခံစားသိလိုက်ရပါပြီ။ ကို့ရဲ့ ညနေပိုင်း အားလပ်ချိန်တွေဟာ ကျွန်မမဟုတ်တဲ့ အခြားတစ်ယောက်အတွက် ဖြစ်နေမှန်း သိသင့်သလောက် သိထားတဲ့ကျွန်မ… တစ်ခုခုကို ဆုံးဖြတ်ရပါတော့မယ်။

ကို့ ရင်ထဲမှာ တခြားမိန်းကလေးတစ်ယောက် ရှိနေပြီဆိုတာကို ကို ကိုယ်တိုင်က ဇွင့်ဟပြောလာတဲ့ တစ်နေ့မှာတော့ ကိုနဲ့ပတ်သက်ခဲ့သမျှ အဆုံးသတ်သွားပြီဆိုတာ ကျွန်မ လက်မခံချင်ဘဲ လက်ခံလိုက်ရပါတော့တယ်။ ဒီတစ်ခါရော ကံကိုပဲ ပုံချရတော့မှာလား…။ တစ်ဘ၀လုံးအတွက် ရည်ရွယ်ပြီး မျှော်လင့်တကြီး ချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက်ကို အချိန်ခဏလေးအတွင်းမှာ အကြောင်းပြချက်မရှိဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတာ ကျွန်မရဲ့ကံကြောင့်ပဲလား…။ ဒါမှမဟုတ် ကျွန်မမှာ ၀ဋ်ကြွေးပါလာလို့ပဲလား… ကို့ကို ကျွန်မ ဘယ်လိုမှ စိတ်နာကြည့်လို့မရအောင် ချစ်နေဆဲပဲလေ… အဲဒါ ကျွန်မရဲ့ ၀ဋ်ကြွေးပဲပေါ့…။

ကိုယ့်ဘက်က အစွမ်းကုန် ကြိုးစားခဲ့ပါရက်နဲ့ ဆရာဝန်ဖြစ်ခွင့်ကို လက်လွှတ်ခဲ့ရတဲ့ အချိန်မှာ မေမေ နှစ်သိမ့်ခဲ့သလို ကိုနဲ့လက်တွဲဖို့ ကျွန်မမှာ ကံပါမလာဘူးလို့ ရင်နာနာနဲ့ လက်ခံရုံကလွဲပြီး တခြားမရှိတော့ပါဘူး။ အချစ်မှာ ခြေချော်လက်ချော်ဆိုတာမျိုး မရှိပေမယ့် `ဖူးစာ မပါလို့´ဆိုတဲ့ အကြောင်းပြချက် လှလှလေးတစ်ခု ရှိနေတာကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့။ အကောင်းဘက်ကနေ လှည့်တွေးကြည့်မယ်ဆိုရင်တော့ ကိုနဲ့ လမ်းခွဲပြီးတဲ့နောက်ပိုင်းမှာ အပြောင်းအလဲမြန်တဲ့ လူ့စိတ်သဘောနဲ့ ဖြစ်တတ် ပျက်တတ်တဲ့ လောကနိယာမကို ကျွန်မ အရင်ထက်ပိုပြီး နားလည်လာတာပါပဲ။

ကိုယ်ပေးသလောက် ပြန်ရဖို့ဆိုတဲ့ မျှော်လင့်ချက်မျိုး မထားတော့ဘဲ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က ကောင်းအောင် နေပေးမယ်ဆိုတဲ့ အတွေးမျိုးနဲ့ နေတတ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း `နားလည်မှု´ဆိုတဲ့ စကားလုံးကို ကြားမိတိုင်း ကျွန်မ နှုတ်ခမ်းဖျားမှာ မဲ့ပြုံးတစ်ခု အလိုလို ဖြစ်သွားတတ်တာတော့ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။ ကိုယ်ပေးခဲ့တဲ့ နားလည်မှုတွေက ကိုယ့်ကို ပြန်ပြီး အဆိပ်သင့်စေခဲ့တာကို ကျွန်မတသက် ဘယ်လိုမှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ်ပေါ့လေ… အချိန်တန်တော့လဲ အားလုံးဟာ ပြီးဆုံးသွားကြတာချည်းပါပဲ။ ဘ၀ဆိုတဲ့ ခဏတာ အချိန်တိုလေးမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ ခံစားချက်တွေက ရေရှည် မတည်မြဲနိုင်သလို အဖြစ်အပျက်တွေတိုင်းဟာလဲ အချိန်နဲ့အမျှ ပြောင်းလဲ ဖြစ်ပျက်နေကြတာပါပဲ။ ဘယ်အရာကိုမှ တရားသေ ဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်ပါဘူး။ ပျော်စရာကောင်းတဲ့ အဖြစ်အပျက်လေးတွေဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ မြူမှုန်တစ်စလို လွင့်ပါးပျောက်ပျက်သွားမှာ ဖြစ်သလို ၀မ်းနည်းစရာ အချိန်ကာလတွေကလဲ မှုန်ဝါးပျက်ပြယ်သွားမှာပါပဲ။

ဒီသဘောတရားတွေကို နားလည်လက်ခံထားနိုင်မယ်ဆိုရင် ဘ၀ဆိုတာ မက်မောဖက်တွယ်စရာ မကောင်းသည့်တိုင်အောင် ကျေနပ် နေပျော်စရာကောင်းနေမှာပါ။ ကျွန်မကတော့ အသက်ရှင်ခွင့်ရနေသမျှ ကာလတာလေးမှာ ကံကြမ္မာက ပေးလာသမျှ အရာရာကို လက်ခံကျေနပ်ရင်း နေပျော်စရာ ဘ၀လေးတစ်ခုကို ဖန်တီးယူထားမှာပါပဲ။ ကျွန်မဘ၀ရဲ့ အဆုံးသတ်တစ်နေ့ မရောက်ခင်အထိ အဆုံးသတ်ပေါင်းများစွာကို လက်ခံယူဖို့ အသင့်အနေအထားဖြစ်အောင် ကြိုးစားရင်း… နောက်ဆုံးတစ်နေ့မှာတော့………..။
ဆုဝေ


Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 6 of 6 comments

1. 18-09-2009 16:24

လောကကြီးမှာ ဆင်ခြေဆင်လုပ်ဆင်နှရွက်တွေ...
ဖတ်လို့ကော င်းအိ။ 
မဆုဝေ - ငုဝါသူငယ်ချင်း မဆုဝေလားဟင်... 
ဒီလိုပါပဲ မရာ... လောကကြီးမှာ ဖြစ်မလာရင် အဲလို စိတ်ချမ်းသာသလိုတွေးရ မှာပဲပေါ့။  
လူတွေက ဆင်ခြေဆင်လ က်ဆင်နှရွက်တွေ သုံးကြလွန်းလို့ ဆင်ပုပ်တော င် ပုန်းနေရတယ်။  
:P
Guest
ဆင်ပုပ်

2. 14-08-2009 13:52

အဆုံးသတ်မှာ
ချစ်သူငယ်ချင်းလေး...ငါ လာဖတ်တယ်နော်...နင်ချစ် တဲ့စာတွေကို ငါချစ်တတ်ေ နပါပီ..ရေးတ တော့ပျင်း ယ်......
Guest
yinminpwint

3. 06-08-2009 19:26

ဇာတ်ကောင် ကောင်မလေးသို့
ဒီထဲက ဇာတ်ကောင်အ ပြင်မှာ ရှိခဲ့ရင် ပြောပြချင် ပါတယ်။ :) ပညာရေးက အမနဲ့ တိုက်ဆိုင်လိုကလို့။ အမလည်း ဆေးကျောင်း လွဲပြီး ကွန်ပျူတာ ရောက်ခဲ့တာ ပါပဲ။ ကျောင်းပြီးတဲ့ အထိလည်း ယောင်ချာချာ။ သင်တန်းတွေ မတက်နိုင်။ ဒါပေမယ့် self study ရအောင်လေ့ကျင့်ပြီး ကျွမ်းကျင် တဲ့ Programmer ဖြစ်ပြီးတဲ့ နောက် အခု SG မှာ ၀င်ငွေမဆိုးတဲ့ လစာ ၃၀၀၀ ရပြီး မိသားစုကို ပြန်ကြည့်နိုင်ပြီ။ Never give up ပါ။ အချစ်ရေး၊အိမ်ထောင်ရေး ဆိုတာလည်း ခုခေတ်မှာေ တာ့ နီးစပ်ရာ level သိပ်မကွာသူ တွေ ရကြတာများေ တာ့၊ ပိုကောင်းတဲ့သူနဲ့ ဖူးစာဆုံဖို့ ဖြစ်လာတာနေ မှာပါ။
Guest
Anonymous

4. 29-07-2009 22:42

same feeling
really touching with me.I can share with your feeling because I also felt like that.
Guest
flower

5. 28-07-2009 01:01

so touched...........
အရမ်းကိုကြိုက်တယ်..ကိ ယ့်အကြောငးကိုရေးပြားသလိုပဲ..
Guest
July

6. 26-07-2009 14:29

A Good Story
ဖတ်ရတာ...အရမ်းကောင်းတာ ပဲ... 
လွမ်းသလို... ဆွေးသလိုလို....ခံစားမိ ယ်.... 
သုတလည်းပေး တယ်..ရသမြော် story လေးပါပဲ
Guest
ထင်လင်းအောင်

Display 6 of 6 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
အဆုံးသတ်မှာ…

Rating 3.2/5 (13 votes)