
မြင်စဉ် ခဏမှာတော့ ကျွန်မ ရယ်ချင်နေခဲ့မိသည်။ အမြဲတစေ ထောင်နေတဲ့ သူဆံပင်ဟာ မိုးရေတွေနဲ့ ပြားကပ်နေခဲ့တာ။ နောက်တော့ ဟန်အပြည့်နဲ့ နေတတ်လွန်းလှတဲ့ သူအကြောင်းကို ကောင်းကောင်းသိတဲ့ ကျွန်မ မနေနိုင်ဘဲ ရယ်လိုက်မိတော့တာ။ သူကတော့ မပြုံးမရယ် ခပ်တည်တည်နဲ့ လာရင်းကိစ္စကို ပြောပါတယ်။ ထိတ်လန့်ဖွယ် မေးခွန်းပုံစံဖြစ်ပေမယ့် ထူးမခြားနား အကြောင်းအရာဖြစ်ကာ ကျွန်မ မတုန်လှုပ်တော့တာကြောင့် “မေမေက တပူပူ တကျီကျီဆိုတော့ အစ်မလည်း အေးပြီးရော စဉ်းစားမယ်လို့ပြောလိုက်တာပါ” ဆိုပြီး သက်သက်သာသာပဲ ရှင်းပြနိုင်ခဲ့ပါတယ်။ “စဉ်းစားမယ်ဆိုတဲ့စကားက ဘယ်လောက်ထိတာသွားလဲ အစ်မ မသိဘူးလား” ကျွန်မ သူ့ကိုသာ တအံတသြ မော့ကြည့်ကာ ခဏဆွံ့အ သွားခဲ့ပါတယ်။
သူ မျက်မှောင်ကျူံ့နေတာကြောင့် စူးရှရှ မျက်ဝန်းတွေဟာ ပိုပြီးတောက်ပလာကာ ကြောက်စရာကောင်းလောက်အောင် အရောင် တဖျတ်ဖျတ်လက်နေတယ်လေ။ ဒါပေမယ့် “ထိုင်ပါဦး အငယ်ရယ်” လို့ ဆိုလိုက်တဲ့အခါ ခုံတန်းလျားလေးပေါ်ကို ဒေါသတကြီး ထိုင်ချကာ ဆံပင်တွေကို စိတ်ဆိုးမာန်ဆိုးနဲ့ သပ်တင်နေပါတယ်။ ပြီးတော့ ပြောဖို့အကြောင်းအရာ စဉ်းစားနေဟန်နဲ့ အဝေးက မိုးစက်တွေကိုသာ စူးစိုက်ကြည့်နေပါတယ်။
“ဒီလို အချိန်ဆွဲပြီး မျှဉ်းဖြတ်မယ့်နည်းကို အစ်မသုံးလိုက်တာ အကြောင်းပြချက် ကောင်းကောင်း ရှာချင်လို့ပါ”
စကား မဆုံးခင်မှာပင် သူက ၀ုန်းကနဲ ထကာ ကျွန်မရှေ့မှာ ခြေစုံရပ်လိုက်ပါတယ်။ ကျွန်မ ထိတ်လန့် ယောင်အကာ မျက်လွှာအပင့် မိုးခြိမ်းသံလို တုန်နှုန်းမျိုးနဲ့

သူစကား ဆိုပါတယ်။
“အကြောင်းပြချက် ကောင်းကောင်း လိုချင်ရင် ကျွန်တော် ခရီးမသွားခင်က တိုင်ပင်ခဲ့ပါလား။ အခုမှ စုံစမ်းလို့ ရမယ်ထင်လား.. ယောက်ျားတစ်ယောက်ကို ဒီလိုလျှော့တွက်တာ တော်တော် ရယ်စရာကောင်းတယ်”
ကျွန်မ နားမလည်နိုင်ဖြစ်ကာ ဆိုလိုရင်းကို ပြန်မေးခဲ့ပေမယ့် သူက ရုတ်ချည်းဆိုသလို မျက်နှာကို တစ်ဖက်လှည့်ကာ စောစောက သူ မဆူပွတ်ခဲ့သလို ငြိမ်သက် သွားပါတယ်။ တော်တော်လေးကြာမှ သူ့ရဲ့ဆံပင်ကို ထိုးဖွလိုက်ပြီး ကျွန်မ နှလုံးခုန် ရပ်သွားစေမယ့် စကားတစ်ခွန်းကို ကြုံးဝါးသံနဲ့ ရောယှက်ကာ သူပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဝါကျဟာ ဖြေရှင်းစကား မဟုတ်ခဲ့ပါ။ ပြီးတော့ ပြဿနာအားလုံးကို ဖိတ်ခေါ် ကြိုဆိုလိုက်တဲ့ ကမ်းလှမ်းချက် တစ်ခုလည်း ဖြစ်နေခဲ့သေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နှစ်ယောက်ဟာ ကိုယ့်ဇောနဲ့ကိုယ် အရှိန်ဟပ်ကာ ပတ်ဝန်းကျင်ကို သတိလက်လွတ် ဖြစ်ခဲ့တယ်လေ။
“ဘာပဲဖြစ်ဖြစ် အဲဒီလူနဲ့ လက်မထပ်ရဘူး။” အာမေဋိတ်သံပင် မထွက်ကျနိုင်လောက်အောင် ကျွန်မ ကြက်သေ သေသွားစဉ်မှာပဲ သူ ကျောခိုင်း ထွက်ခွာသွားပါတယ်။ ကယောက်ကတမ်းနဲ့ လှမ်းခေါ်ဖြစ်သေးတယ် ထင်ပါတယ်။ သိပ်တော့ မသေချာ။ သိစိတ်မဲ့ ထိုင်ကျသွားတဲ့ အခါမှပဲ မြင်ကွင်းထဲကို သူ့အစ်မ ရောက်ရှိလာခဲ့ပါတယ်။ သူမက “မိုးတွေ ပက်နေတဲ့ကြားက အိမ်ထဲ မ၀င်ဘဲ အငယ်ကောင်နဲ့ ဘာတွေ စကားများနေတာလဲ ” တဲ့။ ကျွန်မ ပထမဆုံး သတိရလိုက်တာက အသက်၀၀ရှူဖို့ပါပဲ။ သူမက သဘောတကျနဲ့ လဲ့လဲ့လေးပြုံးကာ “မမကြားလိုက်ပါတယ်။ အငယ်ကောင် သနားစရာပါကွယ်” လို့ ဆိုပြန်တဲ့အခါ ကျွန်မ အမှန်တကယ် သေချင်သွားပါတယ်။ ဒါပေမယ့် နိဒါန်းပဲ ရှိသေးတယ်ဆိုတာ အဲဒီအခိုက်မှာပဲ ကျွန်မ သတိထားလိုက်မိပါတယ်။
ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်လေလဲလေ။ ကျွန်မက ရှင်းပြလိုက်၊ သူမက ပယ်ချလိုက်နဲ့ သံသရာလည်နေတာဟာ မေမေတို့ အပြင်က ပြန်ရောက်မှပဲ အဆုံးသတ် သွားခဲ့ပါတယ်။ တကယ်တော့ ကျွန်မ အထင်မှားခဲ့တာသာ။ ဒါဟာ ဇာတ်လမ်းရှည်အဖြစ်နဲ့ တစ်ပိုင်းပြီး သွားခဲ့တာသာ ဖြစ်ပါတယ်။ နောက်တော့ အံသြတုန်လှုပ်စရာ အဖြစ်နဲ့ ရင်ဆိုင်တိုးရပါတော့တယ်။ သူတို့ သားရဲ့ တရားမ၀င် လူဆိုးထိန်းအဖြစ်ကနေ ပြန်တမ်းဝင် ချုပ်ကိုင်မယ့်သူအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ကဲ ဘယ်လိုလုပ်မလဲ။ ကျွန်မမှာ ငိုချင်ရဲ့နဲ့ ရယ်နေရကာ လှည့်ပတ် ရှောင်နေတဲ့ သူ့ကိုသာ အမှုန့်ချေပစ်ချင်တော့တာ။ အဲဒီအချိန်က စလို့ အငယ် စခင်းလိုက်တဲ့ဇာတ်မှာ ကျွန်မ တပင်တိုင် ကနေရပေမယ့် သူက သိသိသာသာ ကျောခိုင်းသွားခဲ့တယ်လေ။ အခုတော့ ဘယ့်နှယ့်ရှိစ လူငယ်ရေးရာ စိတ်ဝင်စားသူရေ။ “အငယ့်ကို နားလည်တယ်” လို့ ဖန်တရာမက ပြောခဲ့ဖူးတဲ့ လျှာကိုပဲ သွေးအလိမ်းလိမ်းထွက်အောင် ကိုက်ဖြတ်ဒဏ်ခတ် လိုက်ချင်တော့တာ။

အာဏာရှင်ဆန်တဲ့ အဖေရယ်။ သားကို အလိုလိုက်ပေမယ့် မယုံရဲတဲ့ အမေရယ်။ အမြင်ကပ် မနာလိုဖြစ်နေကြတဲ့ အစ်မတွေ အကြားက လွင့်စင်ပေါက်ကွဲနေတဲ့ လူငယ်လေး တစ်ယောက်ကို စာလေး မတောက်တခေါက်ဖတ်ထားလို့ မနေနိုင်၊ မထိုင်နိုင် ကြားဝင်စေ့စပ်သူ လုပ်ခဲ့မိတဲ့ ရလဒ်တွေ။ ဒါပေမယ့် လှိုင်းမရိုက်ခင်အထိ သက်ရောက်မှုလည်း ရှိခဲ့တာပါ။
ခုတော့ ဖြူလွလွ ကြိုးတစ်စဟာ အများအမြင်မှာ ရက်ရက်စက်စက်ဘ၀ ပြောင်းနေတာကို ဘယ်သူကယုံမှာလဲ။ အဲဒီ အဖြူရောင်လေး အသက်ဆက်နိုင်ဖို့ မာနတွေကို မျက်စိမှိတ်ရင်း အခါခါ နင်းခြေခဲ့ရတာ။ သူတို့မိသားစုနဲ့ မဆုံးဆည်းရဲလောက်အောင် အနေခက် ရှက်ရွံ့နေပေမယ့် သူ့အရိပ်ကို မြင်လိုက်တာနဲ့ ဟိုဘက်ခြံကို ကျွန်မ ရောက်သွားပြီ။ သူ့ဆီက သက်သေစကားကိုရဖို့ ရင်းနှီးလိုက်ရတဲ့ ဒုက္ခတွေ။ နောက်ဆုံးတော့လည်း သဲထဲရေသွန် ဖြစ်ခဲ့ပြန်တာ။ “ကျွန်တော် မပြောပြနိုင်ဘူး”တဲ့။ ကြမ်းခင်းကိုသာ ငေးမောတွေဝေကြည့်ရင်း တရားရှိစကား သူဆိုပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးရဲ့အကျိုးအတွက် အရေးပါတဲ့ စကားတစ်ခွန်းရဖို့ ကျွန်မ ထပ်မံ ကြိုးစားခဲ့ပါသေးတယ်။
“သူ့အကြာင်းကို အငယ်သိတာထက် အစ်မက ပိုသိခွင့်ရှိတယ်.. မိတ်ဆွေကောင်း တစ်ယောက်အနေနဲ့ အစ်မကို အငယ်ပြောသင့်တယ်။”
အခုတော့ သူနဲ့ကျွန်မ မျက်နှာချင်းဆိုင်မိပြီ။ ဒါပေမယ့် သူက မျက်ဝန်းချင်း အဆုံမခံပါ။ “မလိုတော့ဘူးလေ..ပြီးသွားပြီပဲ”
သည်းခံနိုင်တဲ့ အတိုင်းအတာ စည်းရိုးကို ပိုင်းချိုးခြေမွပြီး သူ့ကို စောင့်ခဲ့ပါတယ်။
“မပြီးသေးဘူးဆိုတာ အငယ်သိပါတယ်..အခု အခြေအနေက အရင်ကထက် ပိုဆိုးနေတယ်ဆိုတာလဲ အငယ် နားလည်မှာပါ”
မှတ်မှတ်ရရ အဲဒီ အချိန်က သူ့မျက်လုံးတွေ အေးဆေး တည်ငြိမ်နေခဲ့တာကို ကျွန်မ မှတ်မိနေပါတယ်။ “အန်တီမေက ဘာမှမပြောတော့ဘူး မဟုတ်လား” တဲ့။
ကျွန်မ ဒေါသနဲ့ အော်လိုက်မိ မလိုပင် ဖြစ်သွားပါတယ်။ ဘယ်ပြောတော့မှာလဲ။ မေမေက သူ့ကိုဆို သား-သားနဲ့ ကျွန်မထက်ပင် ပိုချစ်သေးတာလေ။ “ဒီအခြေအနေအတိုင်း မျှောလိုက်တာ မှန်တယ်လို့ အငယ် ထင်နေသလား- အစ်မတို့ နှစ်ယောက်ရဲ့ ရိုးသားမှုကို မင်းက လူမြင်ကွင်းမှာ မီးရှို့ပစ်နိုင်ပေမယ့် အစ်မ မလုပ်နိုင်ဘူး သိလား။ သူ့မှာ ဘယ်လောက်ဆိုးတဲ့ ချို့ယွင်းချက်ရှိပါစေ.. အငယ် ဖွင့်မထုတ်ဘူးဆိုရင် အစ်မ သူ့ကို တကယ် လက်ခံလိုက်တော့မယ်”
မှန်သောသစ္စာပါ။ ကျွန်မ ခြိမ်းခြောက်ခဲ့တာ မဟုတ်ပါ။ ကျွန်မမှာ သဲ့သဲ့လေးပင် အသက် မရှုဝံ့တော့ဘဲ ရောက်ရှိလာမယ့် တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့ပေမယ့်
“ကျွန်တော် မပြောနိုင်ဘူး။ ယောက်ျားချင်း ခြေထိုးတယ်ဆိုတဲ့အဖြစ်ကို အရောက်မခံနိုင်ဘူး”

ဒါဟာ လူငယ်လေးတစ်ယောက်ရဲ့ လေးစားစရာ အရည်အချင်းလား။ ကျွန်မရဲ့ ကောက်ရိုးတစ်မျှင်ဟာ ရက်ရက်စက်စက် ကျိုးပြတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရှိုက်သံမထွက်အောင် ထိန်းချုပ်ထားနိုင်ပေမယ့် မျက်ရည်များကတော့ အဆီးအတားမဲ့ ပွင့်ထွက်လာခဲ့တာ။
“အစ်မ အရမ်းဝမ်းနည်းတယ်။ လူတစ်ယောက်ရဲ့ဘ၀ကို တွန်းဖယ်ပြီး မင်းရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်နိုင်တဲ့အတွက် တကယ်ပဲ ချီးကျူးတယ် သိလား။ ကိုယ်ကျင့်တရားသာ ကိုးကွယ်ရာလို့ အငယ်ထင်ရင် ဒီလိုပဲ တစ်သက်လုံး စိတ်ထားနိုင်ပါစေ။ ကိုယ်ချင်းစာ စိတ်လေးဝင်လာတဲ့ တစ်နေ့မှာ နောင်တမရစေချင်ဘူး”
ကျွန်မ စောင့်ခဲ့ပါသေးရဲ့။ အိမ်ရဲ့ တံစက်မြိတ် အစွန်းရောက်တဲ့ တိုင်အောင် ခေါ်သံလေးတစ်ခုကို ကြားလိမ့်နိုးနဲ့။
ဒါပေမယ့် တခြားသူရဲ့သောကကို မျက်ကွယ်ပြုပြီး သူရဲ့မြင့်မြတ်တဲ့ ဖြောင့်မတ်မှန်ကန်မှုကို ခမ်းခမ်းနားနား ဖော်ထုတ်ပြသလိုက်ပြီ ဖြစ်တဲ့ ကောင်ကလေးဟာ တစ်ခွန်းမှ မဟခဲ့။ အပြင်မှာ မိုးတွေ ရွာနေခဲ့တယ်။ ဟုတ်ပါတယ်။ အရိပ်နှစ်ခုရဲ့ အကွာအဝေးဟာ သိပ်မလှမ်းပေမယ့် ကျွန်မ ရွှဲရွှဲစိုသွားခဲ့ပါတယ်။