Home ၀တ္ထုတိုများ ပေးဆပ်သူများ
24 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1557
mod_vvisit_counterမနေ့က2489
mod_vvisit_counterတစ်ပတ်အတွင်း9556
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်း41074
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2891481
Join us in Facebook
Facebook Fanbox 1.5.x.0
ပေးဆပ်သူများ

Views : 3703    

Favoured : 86

Share


ပေးဆပ်သူများ
ညနေဥာဏ်

ခပ်ဝေးဝေးကို ကြည့်လိုက်တော့ အုန်းပင်တန်းနဲ့ ဒီရေတောတွေက ဟိုနားဒီနား အစုလိုက်ပေါ့… ခေတ်ကို ကျောခိုင်းထားရတဲ့ ဒီဒေသလေးကို ကျွန်မ ခြေချဖို့ ဆုံးဖြတ်လိုက်ကတည်းက အခြေအနေအားလုံးကို လက်သင့်ခံမယ်ဆိုတဲ့ စိတ်လေးနဲ့ပါ။ ခေတ်မီတဲ့ အသိုင်းအဝိုင်းတစ်ခုက သွေးသားအဖြစ်နဲ့ ကြီးပြင်းခဲ့ရတာမို့ ကျွန်မကတော့ ခေတ်မီအသုံးအဆောင်တွေကို သိပ်ခုံမင်နှစ်သက်သူ တစ်ယောက်။ အထူးသဖြင့် အခုလို ပင်လယ်ကမ်းခြေ ရွာငယ်တခုမှာ သူတို့ဓလေ့အတိုင်း နေထိုင်နိုင်ဖို့အတွက် သိပ်ကိုခက်ခဲမယ့်သူအဖြစ် အများအမြင်မှာ ထင်မြင်ယူဆခံရမယ့်သူဖြစ်တဲ့ ကျွန်မ၊ ဒီဒေသကို တွဲဖက်မူလတန်းကျောင်းဆရာမလေးအဖြစ် ခြေချမိစေဖို့ အဓိကအကြောင်းကတော့ ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေက ကလေးသူငယ်တွေကို ပညာဒါနပေးချင်တဲ့ စိတ်ထားလေးကြောင့်ပါ။

သိပ္ပံဘွဲ့တစ်ခုရအပြီး ကျွန်မဝါသနာကို အကောင်အထည်ဖော်ဖို့ ကြိုးစားမိရင်းက ဒီရွာလေးကိုရောက်လာခဲ့တာ အခုဆို သုံးနှစ်စွန်းနေပြီ။ တံငါရွာဖြစ်တဲ့ ဒီရွာလေးမှာ အိမ်ခြေတစ်ရာ ရှိပါတယ်။ ဘေးနားမှာလဲ ရွာငယ်တွေရှိတာမို့ အဲဒီရွာငယ်တွေက ကလေးငယ်တွေပါ ကျွန်မတို့ကျောင်းလေးမှာ ပညာသင်ယူနေကြတာ ဖြစ်ပါတယ်။ ဆရာအင်အား နည်းပါးလွန်းတဲ့အထဲ တာဝန်ကျဆရာမသုံးယောက်အနက် တစ်ယောက်က လုံးဝမလာတာကြောင့် ကျွန်မနဲ့အခြား ဆရာမလေးတစ်ယောက်ကသာ သူငယ်တန်းကနေ လေးတန်းအထိ လှည့်ပတ်တာဝန်ယူ သင်ကြားပေးနေရတာလေ။ ကလေးတွေကလဲ အများကြီးတော့ မရှိပါဘူး။ တစ်ကျောင်းလုံးမှ ကလေးအရေအတွက် ငါးဆယ်ပဲရှိတာပါ။

ဆင်းရဲလှတဲ့ဘဝတွေ ပိုင်ဆိုင်ထားရတာမို့ ဒီရွာမှာရှိတဲ့ ကလေးသူငယ် တော်တော်များများဟာ မိရိုးဖလာရေလုပ်ငန်းကိုသာ မိဘတွေနဲ့အတူ တစိုက်မတ်မတ်လုပ်ကြတာမို့ ကျောင်းနေရွယ်မှာ ကျောင်းနေကြတဲ့ ကလေးတွေ တော်တော်ရှားပါတယ်။ ဒီကြားထဲ ငါးဖမ်းသူမိဘတွေရဲ့ရင်သွေးငယ်တွေဟာ ပိုပြီး သနားစရာကောင်းပါတယ်။ လယ်မပိုင် လှေမပိုင်သူတွေမှာတော့ လှေငှားထိုး၊ ပိုက်ငှားဖမ်း၊ လယ်ငှားလုပ်နဲ့မို့ အတော်လေးနုံချာလှပါတယ်။ ကလေးတွေမှာ ပညာသင်ချင်ရက်နဲ့ ငွေကြေးမတတ်နိုင်တာမို့ ရွာဦးကျောင်းက ဘုန်းတော်ကြီးသင်ပညာရေးကိုသာ အားထားကြရတာပါ။ ဒါတောင် အချိန်မှန်အတန်းတက်နိုင်တဲ့ ကလေးက အရှားသား။ မိဘကို ကူနေရတဲ့အချိန်ထဲမှာ သူတို့ဘဝကို စတေးထားရသူတွေက များပါတယ်။

ကျွန်မကတော့ ကျောင်းပိတ်ရက်တွေမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ပညာဒါနအဖြစ် သွားရောက်သင်ကြားပေးပါတယ်။ ဒါကြောင့် ကလေးတွေအားလုံးနဲ့ တစ်ရွာလုံးလိုလို ကျွန်မကိုချစ်ခင်ကြပါတယ်။ မူလတန်းကျောင်းဆရာမဘဝမှာ ကျွန်မမျှော်လင့်တာက သူတို့လေးတွေကို စာသင်တဲ့အခါ သင်ထောက်ကူပစ္စည်းတွေနဲ့ သူတို့ စိတ်ဝင်စား ပျော်ရွှင်လာအောင် ဆွဲဆောင်ပေးချင်တာပါ။ ဒါပေမယ့် ကျောင်းအတွက် အထက်ကချထားပေးတဲ့ ငွေကြေးကအဲဒီစိတ်ကူးကို ရိုက်ချိုးလိုက်ပါတယ်။ ဒါကြောင့် သူတို့တွေကို ကျွန်မက ဗဟုသုတရအောင် အိတ်စိုက်သုံးသင်ကြားရေးစနစ်ကို ကျင့်သုံးနေရပါတယ်။ ဥပမာ ကလေးတွေကို အင်္ဂလိပ်ဝေါဟာရတစ်ခု ပန်းသီးဆိုပါတော့။ ပန်းသီးကိုမြင်ဖူးအောင် ပန်းသီးပုံလေးကိုဆွဲတတ်အောင် သင်ပြပေးချင်တာပါ။ ကလေးအများနဲ့ သင်ကြားရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သင်ယူနိုင်စွမ်းတွေ မတူညီတာမို့ သူတို့စိတ်လေးတွေ အနာတရမဖြစ်ဘဲ သင်ကြားမှုကို လက်ခံမှတ်သားပျော်ဝင်လာအောင် စွမ်းဆောင်ရမှာ ကျွန်မတို့ဆရာတွေရဲ့ တာဝန်ပဲလေ။ ကလေးတွေကို ရိုက်နှက်သင်ကြားတာ စည်းမျဉ်းနဲ့ လုံးဝမကိုက်ညီပါဘူး။

သူတို့တွေရဲ့စိတ်အာဟာရကို ဖြည့်ဆည်းပေးနိုင်မှ ကိုယ်သင်ကြားပြသတာကို နာယူမှတ်သားဖို့  အဆင်သင့်ဖြစ်လာမှာပါ။ ကျွန်မက ရန်ကုန်ကအိမ်ကိုပြန်တိုင်း သူတို့လေးတွေအတွက် ရောင်စုံခဲတံနဲ့ ပုံဆွဲစာအုပ်လေးတွေ၊ ကဗျာစာအုပ်လေးတွေ၊ ကာတွန်းစာစောင်တွေ၊ ပုံပြင်စာအုပ်လေးတွေ၊ ကစားစရာလေးတွေ နိုင်သလောက် သယ်လာပါတယ်။ ကျောင်းမှာ သင်ကြားပြသတဲ့အခါ သူတို့လေးတွေကို ဘာသာရပ်အလိုက် လူမှုပတ်ဝန်းကျင်မှာ ဘယ်လိုအသုံးတည့်တယ်ဆိုတာက အစ၊ သူတို့လက်လှမ်းမမီတဲ့ အရပ်ဒေသတွေရဲ့ လူနေမှုပုံစံတွေအဆုံး ကျွန်မတတ်သမျှ ဝေမျှပေးပါတယ်။ အဲဒီအခါ သူတို့လေးတွေရဲ့ မျက်ဝန်းတွေမှာ အရောင်တလက်လက်နဲ့ပေါ့။

ကျွန်မသင်ကြားလိုက်တဲ့ ဘာသာရပ်တွေအပေါ် တပည့်ဖြစ်တဲ့ သူတို့လေးတွေ အသိရှိရှိတတ်မြောက်ဖို့ကိုပဲ ဦးတည်ထားပါတယ်။ မြို့ပြရဲ့အဝေးက ငွေကြေးမပြည့်စုံတဲ့ ဒီရွာလေးရဲ့ ရင်သွေးငယ်တွေအပေါ် ကျွန်မစေတနာကို အတိုင်းအဆမဲ့ ထားရှိခဲ့တာပါ။ ကျွန်မတို့ ဆရာမတွေရဲ့ဘဝဟာ နိုင်ငံတကာစံချိန်နဲ့ တိုင်းဆလိုက်ရင် ဘာအဆင့်မှမရှိတာ အမှန်ပါပဲ။

ဆရာတစ်ယောက်အတွက် ဘဝအာမခံချက်တွေ၊ ဆရာတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေအတွက် အထောက်အပံ့တွေ၊ သင်ကြားမှုအပိုင်းမှာ ကလေးတွေအတွက် အထောက်အပံ့ဖြစ်စေမယ့် သင်ထောက်ကူပစ္စည်းတွေ ဒါတွေ အားလုံးချို့တဲ့လှပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဆရာ၊ဆရာမ လုပ်တဲ့သူတွေ အားလုံးရဲ့ အကျင့်စာရိတ္တ၊ ဆရာ့ဂုဏ်ကို ငွေကြေးမပြည့်စုံခြင်းဆိုတဲ့ အခက်အခဲတစ်ခုက လွှမ်းမိုးဖျက်ဆီးထားတာပါ။ ဆရာတစ်ယောက်ရဲ့ ဝင်ငွေ(လစာ)ဟာ သူတစ်ယောက်တည်းအတွက်တောင် မပြည့်စုံပါဘူး။

ဒါကြောင့် ဆရာတွေအများစုမှာ တာဝန်ကျချင်တာ မြို့ကြီးကနာမည်ကြီးကျောင်းတွေ၊ ကျူရှင်ပြလို့အဆင်ပြေမယ့်နေရာတွေ၊ ကိုယ့်အိမ်နဲ့နီးတဲ့ ကျောင်းတွေမှာပဲ တာဝန်ကျချင်ကြတာပါ။ ဘာကြောင့်လဲဆိုတော့ ငွေရေးကြေးရေး ပြဿနာကြောင့်ပါ။ အခွင့်အလမ်းနည်းပါးလွန်းတဲ့ ကျွန်မတို့နိုင်ငံမှာ ဝန်ထမ်းဆိုတဲ့အမည်နာမကို ပိုင်ဆိုင်သူတိုင်းဟာ ငွေကြေးမပြည့်စုံမှုကို ခါးစည်းခံရပါတယ်။ မလွန်ဆန်နိုင်တဲ့ ဒီအကြောင်းတရားရဲ့နောက်ကွယ်မှာ သိက္ခာတရားကို ပြောင်တင်းတင်းရောင်းစား၊ ခြစားမှုတွေဟာ ဖက်ရှင်တစ်ခုအလား ဝန်ထမ်းလောကမှာ နေရာယူလာတာ ကြာပါပြီ။ ဝန်ထမ်းတစ်ယောက်အတွက် ဘဝလုံခြုံမှုတွေဟာလဲ ဘာမျှမရှိပါဘူး။ ပင်စင်ရသွားတဲ့  လူတစ်ယောက်အတွက် ယနေ့ စီးပွားရေးအခြေအနေနဲ့ နှိုင်းစာရင် နည်းပါးလှတဲ့ ပင်စင်လစာငွေအပြင် အခြားဘာအာမခံချက်မှ၊ ဘာခံစားခွင့်မှ မရှိပါဘူး။ ဒါကြောင့် အသေခက်၊ အနေခက်တဲ့ဘဝအဖြစ် တင်စားလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အနေခက်လောက်အောင် ငွေကြေးကမပြည့်စုံ၊ မပြည့်စုံခြင်းကိုလွန်မြောက်အောင် ခြစားမှုတွေ၊ အကျင့်ပျက်မှုတွေနဲ့ နေရတော့ သေတဲ့အခါ ဘယ်ဘုံဘဝမှာ စံမြန်းရမလဲဆိုတာတွေးရင်း ကြောက်လာမိတဲ့အတွက်ပါ။

ဒီလိုအခြေနေတွေနဲ့ ရုန်းကန်နေရတဲ့ ကျွန်မဟာ စေတနာကို အသပြာနဲ့ ရောင်းစားနေကြသူတွေထဲက တစ်ယောက်မဖြစ်ဖို့တော့ ကယ်တင်ထားတဲ့ အခြေနေလေးကတော့  ပြည့်စုံတဲ့အသိုင်းအဝိုင်းကပေါက်ဖွားလာတဲ့ တစ်ဦးတည်းသောသမီးဖြစ်တာကြောင့် ကျွန်မအနေနဲ့ ငွေရေးကြေးရေးကို သိပ်ပူပင်စရာမလိုတဲ့အတွက် ဝါသနာကို စိတ်ရော၊ကိုယ်ပါ နှစ်ပြီး ဖန်တီးနိုင်တာပါ။

ဒီရွာလေးမှာ ငါးဖမ်းသူ၊ ငါးအဝယ်ဒိုင်၊ လယ်လုပ်သူတွေနဲ့ စည်ကားလှတယ်လေ။ ကျွန်မရဲ့တပည့်လေးတွေနဲ့ သူတို့မိဘတွေရဲ့စေတနာတွေက သိပ်လှလွန်းပါတယ်။ ကျွန်မကို သူတို့ဟင်းစားတွေထဲက တစ်နေ့တစ်ခွက်တော့ လာပို့ကြတာပါ။ အစားအသောက်အတွက် သူတို့ကပဲ တာဝန်ယူပေးတာ။ ချစ်ခင်စရာကောင်းတဲ့ ဖြူစင်တဲ့ သူတို့စိတ်ထားလေးတွေကို ကျွန်မ ခင်တွယ်နေမိတာနဲ့ပဲ အခုဆို သုံးနှစ်ထဲဝင်လာတဲ့အထိ ဘယ်ကိုမှ ပြောင်းရွှေ့ခွင့်မတင်ဘဲ နေနေတာပါ။ မိသားစုတွေလို တစ်ရွာလုံးနဲ့ တသားတည်း ဖြစ်နေပြီလေ။ ဒီလိုနဲ့ပဲ တနေ့မှာ…

အဲဒီနေ့က ကျွန်မတို့ရွာကလေးက ပုံမှန်အတိုင်း လှုပ်လှုပ်ရှားရှားပဲ... မိုးက တဖြည်းဖြည်း သည်းလာတယ်။ မနေ့ကတည်းက မိုးမှောင်နေတာမို့ စိတ်ထဲကလဲ မသိုးမသန့်ပေါ့. ကျွန်မက မိုးကို ကြောက်တယ်။ မိုးချုန်းသံဆို ပိုကြောက်တယ်။ မနက်က ကလေးမိဘတစ်ယောက်နဲ့တွေ့တော့ ကျွန်မကို  “မုန်တိုင်းရှိလား မသိဘူး ဆရာမရေ့…… ယောက်ျားကတော့ ငါးဖမ်းထွက်သွားလေရဲ့…..တတ်နိုင်ဘူးလေ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ဘဝမှာ မုန်တိုင်းလဲ မရှောင်အားပါဘူး ဆရာမရယ်……ကျွန်မတော့ လယ်ထဲ သွားလိုက်အုံးမယ်။ ကျောင်းအပ်ဖို့အတွက် လုံးပန်းလိုက်အုံးမယ် ဆရာမရယ်” လို့ ဆိုလေရဲ့….။ သူတို့ မိသားစုက သူရင်းငှားတွေ။ လက်လုပ်လက်စား။

သူမထွက်သွားတော့ သူမကျောပြင်ကို တချက်ငေးကြည့်နေမိသေးတယ်။ အတွေးတွေက ပုံဖော်ရတော်တော်ခက်မယ်။ အဲဒါ သူမကို နောက်ဆုံးတွေ့လိုက်ရခြင်းလို့ ကျွန်မတွေးမိခဲ့မယ်ဆိုရင် အတွေးတွေ ပုံဖော်လို့ လွယ်သွားမှာပါ။ မိုးအေးအေးနဲ့ အိပ်ယာထဲကွေးနေတုန်း နေ့လည်လောက်မှာ လေပြင်းတွေ တိုက်လာတယ်။ မိုးတွေ ပြင်းလာတယ်။ လှိုင်းတွေ ကြီးလာတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲပေါ့။ ကျွန်မကို ကလေးမိဘတစ်ယောက်က “ဆရာမရေ…… မုန်တိုင်း ဝင်နေပြီဗျ၊ ဒီမှာနေလို့မဖြစ်ဘူး ရွာဦးကျောင်းမှာ သွားခိုနေမှ ဖြစ်မယ်။


ကျွန်တော်တို့နဲ့ လိုက်ခဲ့….လာ ဆရာမလာ” ဆိုပြီးပြောတော့ ကျွန်မလည်း သူတို့နဲ့အတူ ဒရောသောပါး ပါသွားတော့တာပေါ့။ ကျောင်းရောက်တော့ လူတွေပြည့်နေပြီ။ အိမ်တွေလဲ ရေစီးထဲ ပါသွားတယ်။ လူတွေ၊ တိရိစ္ဆာန်တွေ…….အရာအားလုံး ပေ၂၀လောက်မြင့်တဲ့ လှိုင်းရဲ့အောက်မှာ ပျောက်ချင်းမလှ ပျောက်ကုန်တယ်။ ယူပါကယ်ပါ တစာစာအော်တဲ့ အသံတွေ ကြားနေရတယ်။ ကျွန်မလဲ ဆွဲမိဆွဲရာကို တင်းတင်းဆုပ်ထားရင်း ဘုရားကိုအာရုံပြုနေရပေမယ့် ကြောက်စိတ်ကတော့အပြည့်ပေါ့.။ တအောင့်ကြာလို့ လှိုင်းလုံးမှောင်မှောင်ကို မြင်လိုက်ရတယ်ဆိုရင်ပဲ ကျွန်မအာရုံတွေ နေရာတစ်ခုကို လွင့်သွားလေရဲ့…….။

သတိရတော့ ကျွန်မကို လူတစ်စုက ကယ်ထားတယ်။ ဘေးမှာလဲ ဘဝတူတွေ စုနေတယ်။ သတိရလာပြီလားတဲ့။ ကျွန်မဘေးက လူတွေက ကျွန်မတို့ရွာက မဟုတ်ဘူး။ အို……ဒါဆို၊ ကျွန်မ မတွေးရဲတော့ဘူး။ ဆွံ့နစ်နေတဲ့ရင်ကို ဘယ်သူက ဖြေသိမ့်ပေးနိုင်မလဲ။ အင်အားတွေ ချည့်နဲ့နေတုန်းမို့ မျက်လုံးစုံမှိတ်ရင်း နာကျင်စွာ တွေးနေမိတယ်။ဘဝကို ဒုက္ခတွေခါးစည်းခံရင်း ရိုးသားစွာ ဖြတ်သန်းနေသူတွေ၊ စားဝတ်နေရေး  အခက်ခဲတွေကြားမှာ ရှင်သန်နေတဲ့ အပြစ်ကင်းကင်း ကလေးငယ်တွေ၊ မိရိုးဖလာလုပ်ငန်းနဲ့ မိမိတို့ရွာလေးကို သစ္စာရှိရှိ သက်ဝင်လှုပ်ရှားနေစေသူတွေ…..သံယံဇာတအရင်းအမြစ်တွေ အားလုံးအားလုံး အတ္တရဲ့ပျက်ရယ်ပြုခြင်းကို ခံစားလိုက်ရပြီ။ ကျွန်မမျက်ရည်ပူတွေ စီးလာရင်း အာတွေခြောက်လာရင်းနဲ့ အတွေးထဲဖြတ်ခနဲဝင်လာတဲ့ တပည့်လေးတွေရဲ့မျက်နှာ၊ ရိုးသားလှတဲ့ သူတို့မိဘတွေ……..အခုတော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီ။

မုန်တိုင်းဆိုတာ ငလျင်လိုမဟုတ်ဘူး။ ခန့်မှန်းလို့ရတယ်။ ဒီလိုခန့်မှန်းလို့ရတဲ့မုန်တိုင်းကို လွတ်ကင်းအောင် ဘာလို့မရှောင်နိုင်ခဲ့ကြတာလဲ။ အသက်အိုးအိမ်တွေပျက်စီး၊ ဘဝတွေပျက်၊ အခြေအနေမဲ့တွေဖြစ်သွားတဲ့အခါမှာကော နှစ်သိမ့်ပေးမှုတစုံတရာက အစားထိုးပေးနိုင်မယ်တဲ့လား။ အခုတော့…….

တွေးရင်း မွန်းကျပ်လာတာမို့ ဘေးကိုငေးလိုက်တော့ မျက်ရည်ခြောက်စမျက်နှာနဲ့ မျက်လုံးလေးကလယ်ကလယ်နဲ့ ဟိုဒီကြည့်နေရှာတဲ့ ကလေးငယ်တစ်ယောက်။ သူ့လက်ထဲမှာ ထမင်းခဲတစ်တုံး၊ သူ့ကိုယ်မှာ အကျီင်္မပါဘူး။ ဘောင်းဘီတိုလေးကလဲ ရွှံ့တွေပေကျံလို့။ ကျွန်မနဲ့ မျက်ဝန်းချင်းဆုံတော့ ငိုမဲ့မဲ့မျက်နှာနဲ့ ကြည့်နေတယ်။ အို….ကျွန်မဘာလုပ်ရမှန်းတောင် မသိတော့လောက်အောင် ခြောက်ခြားသွားတယ်။ ဒီလိုကလေးငယ်တွေ မုန်တိုင်းအပြီး မှာ ဘယ်လောက်များနေပြီလဲ။ ကျွန်မဆက် မတွေးရဲတော့ဘူး။

တကိုယ်လုံးလည်း နာကျင်နေတယ။် အစာရေစာပြတ်လပ်ခြင်းဒဏ်ကို ခါးစည်းခံရင်း ကျွန်မအိမ်နဲ့အဆက်သွယ်ရမယ့်နေ့ကို စောင့်နေရတယ်။ အိမ်ကို ပြန်ရောက်တော့ ကျွန်မမောင်လေးကပြောတယ်။ “မမရာ….သားသူငယ်ချင်း ဘန်ကောက်ကကောင်က ဒီမုန်တိုင်းမတိုင်ခင် တစ်ပတ်လောက်ကတည်းက အင်တာနက်မှာ တွေ့တော့ပြောတယ်။ မုန်တိုင်းဝင်လိမ့်မယ်တဲ့။ အားတော်တော်ပြင်းတယ်လို့။ သားက သိပ်ဂရုမထားမိဘူး။ တကယ်အားပြင်းတဲ့ မုန်တိုင်းဆို မိုးလေဝသက သေချာ ကြေငြာချက်ထုတ်ပြန်မှာပေါ့လို့ တွေးမိတာကိုး။ တခြားနိုင်ငံတွေမှာ မုန်တိုင်းဝင်တော့မယ်ဆို ဘေးလွတ်ရာကိုတိမ်းရှောင်ကြဖို့ နှိုးဆော်တယ်။ ဘေးလွတ်တဲ့ဒေသကို ပို့ပေးတယ်လေ။ ဒါတွေမလုပ်တော့ သားက အေးဆေးပဲ ထင်တာပေါ့။ တော်သေးတာပေါ့ မမကံကောင်းလို့။ နောက်ဆို သားတို့ မိုးလေဝသနဲ့ပတ်သက်ရင် နိုင်ငံတကာသတင်းဌာနတွေကလွှင့်တဲ့ မိုးလေဝသသတင်းတွေကို နားစွင့်ရတော့မယ်။ ဒါပေမယ့် မမတို့ရွာလိုနေရာမျိုးကိုတော့ အဲဒီလိုသတင်းရရင် ဖြန့်ဝေပေးဖို့ကျ သားတို့ ဘယ်လုပ်နိုင်မလဲနော်…” လို့ပြောရင်း သူ့မျက်မှောင်ကို ကျုံ့ထားပြီး တခုခု မကျေလည်ဟန်မျက်နှာပေးနဲ့……..။

ကျွန်မမှာတော့ ဘာမှဆွေးနွေးချင်စိတ်၊ ပြောချင်စိတ်တွေမရှိတော့ဘူး။ အဲဒီနေ့ရဲ့အဖြစ်ဆိုးအောက်က ရုန်းမထွက်နိုင်လောက်အောင် စိတ်ဒဏ်ရာက တော်တော်ပြင်းနေတယ်လေ။ မောင်လေးပြောတဲ့ မုန်တိုင်းနောက်ကွယ်က အတ္တမုန်တိုင်းအတွက်  ပေးဆပ်လိုက်ရတဲ့ စတေးလိုက်ရတဲ့ ဘဝတွေ အများကြီးရှိဆဲဆိုတာကို ကျွန်မတွေးနေမိတယ်။

အချိန်မနှောင်းသေးခင်မှာသာ အန္တရာယ်စက်ကွင်းတွေက လွတ်မြောက်အောင် စေတနာကောဝါသနာကောအရင်းခံပြီး ကယ်တင်ချင်တဲ့သူတွေပေါ်လာခဲ့ရင်……. ဝန်ထမ်းတွေအားလုံးလဲ သူတို့ဘဝအမောတွေအောက်က ရုန်းထွက်ပြီး တာဝန်တွေကို ကိုယ်ဖိရင်ဖိ ထမ်းဆောင်လာနိုင်ခဲ့ရင်.. ဒေသနေရာတိုင်းမှာ တပြေးညီတိုးတက်မှုတွေ မှန်ကန်စွာရလာခဲ့ရင်…..လူတိုင်း ပရဟိတစိတ်တွေ ပွင့်လင်းလာခဲ့ရင်…အခုလို စတေးခံရတဲ့ အဖြစ်ဆိုးတွေအောက်မှာ ပေးဆပ်လိုက်ရသူတွေ ရှိလာတော့မှာမဟုတ်ဘူးလို့ တွေးရင်း ဝေဝါးနေတဲ့မြင်ကွင်းကို အာရုံစိုက်လိုက်တော့ ကောင်းကင်မှာ တိမ်မည်းတွေက အပြည့်နေရာယူထားသေးတာမို့ မျက်ဝန်းအစုံကို တင်းတင်းမှိတ်လိုက်မိတယ်…….။ ။
 


(နာဂစ် တစ်နှစ်ပြည့် အမှတ်တရအဖြစ် ရင်နှင့်ရင်း၍ ခံစားရေးဖွဲ့ပါသည်)

ညနေဥာဏ်

Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 2 of 2 comments

1. 25-09-2009 02:38

အကူအညီတောင်းခံခြင်း
ရေးထားတာအရ မ်းကောင်းပါတယ် ကျွန်တော်တို့ လည်းမြို မှာနေတယ်ဆိုပြိးမိုးေ လ၀သကို မျက်ကွယ်ပြုထားလို့ မရတော့ ဘူးနော် ရန်ကုန်လို မြို့ ကြီးမှာတောင်နာဂစ်က စော်ပလိုက် ပြီ။စာထဲမှာစိတ်ဝင်စားတာလေးတစ်ခုလောက်မေးချင်ပါတယ် မြန်မာနိုင်ငံမှာဖြစ် မဲ့  မုန်းတိုင်းကို သူများနိုင်ငံကတစ်ပတ် တောင်ကြိုသိနေတယ်ဆိုေ တာ့  သေချာပေါက် အင်နာတက်သုံးရင်းသိတာ ပေါ့ နော် အဲ့ လို နိုင်ငံတကာ မိုးလေ၀သ သတင်းအမှန် တွေကို ပြည့် ပြည့် စုံစုံ သိနိုင်မဲ့  website ရှိရင် ဝေမျှစေချင်ပါတယ် ကျွန်တော့်  gamil က keaton02@gmail ပါ ကျေးဇူးးပြုပြီး မျှဝေပေးစေ လိုပါတယ် :? :?
Guest
keaton

2. 31-07-2009 17:11

My opnion
i think, that is fishing village. So they return get their killing fish result only! I'm also sad for dying people. But Buddha said "Nothing is permanent!" " Everything have Reflection!" Before they kill fish so they also died in the water. 
Sorry for that comment, i'm also not perfect person. Just sharing my opnion.
Guest
Black

Display 2 of 2 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ပေးဆပ်သူများ

Rating 3.2/5 (24 votes)