
၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ နော်ဝေနိုင်ငံ အော့စလိုမြို့မှာ ၂၀၀၆ ခုနှစ်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံရရှိခဲ့သူကတော့ မိုဟာမက် ယူနွတ် (Muhammad Yunnus) ဖြစ်ပါတယ်။ သူဟာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပထမဆုံး ရခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလည်း ဖြစ်ပါတယ်။ သူ့ကို ၁၉၄၀ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ စစ်တကောင်းတက္ကသိုလ်မှာ စီးပွားရေးပါမောက္ခတစ်ဦး ဖြစ်ခဲ့ပြီး မိုက်ကရိုချေးငွေ (Microcredit) သဘောတရားကို စတင်ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ နိုဘယ်ငြိမ်းချမ်းရေး ဆုကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က သူ စတင်တည်ထောင်ခဲ့တဲ့ Grameen ဘဏ်နဲ့ အတူ ရခဲ့ခြင်းပါ။ အဲဒီဘဏ်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဆင်းရဲသား ထောင်ပေါင်းများစွာကို မိုက်ကရိုချေးငွေလို့ ခေါ်တဲ့ ဘဏ်ချေးငွေနဲ့ ကူညီခဲ့ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံတဲ့ အခမ်းအနားမှာ ယူနွတ် ပြောခဲ့တဲ့ စကားတွေကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပေးလိုက်ပါတယ်။
xxxxxxx xxxxxxxx xxxxxxxx
ကျွန်တော့်ကို နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီက ဒီဆုပေးခဲ့တဲ့အတွက် ငြိမ်းချမ်းရေးဟာ ဆင်းရဲမွဲတေမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာကို အရေးပါတဲ့ ထောက်ခံမှု တစ်ခု ပြုလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုဟာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပါတယ်။
ကမ္ဘာ့ ၀င်ငွေ ခွဲဝေမှုတွေကို လေ့လာကြည့်လိုက်မယ် ဆိုရင် ၉၄% သောသူတွေရဲ့ ၀င်ငွေတွေဟာ ၄၀% သောသူတွေရဲ့ လက်ထဲကို ရောက်သွားတဲ့အချိန်မှာ ကျန် ၆၀% သောသူတွေဟာ ကမ္ဘာ့ဝင်ငွေရဲ့ ၆% နဲ့ ရှင်သန်နေထိုင် နေကြရတာကို တွေ့ရပါမယ်။ ကမ္ဘာ့လူသားဦးရေ ထက်ဝက်ဟာ တစ်နေ့ကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာနဲ့ ညီမျှတဲ့ ငွေပမာဏနဲ့ ရှင်သန်နေထိုင် နေကြတာပါ။
အခု ထောင်စုနှစ်ကို ကမ္ဘာလုံးဆိုင်ရာ အိပ်မက်ကြီး တစ်ခုနဲ့ စတင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာ့ဆင်းရဲမွဲတေမှုကို ထက်ဝက်လျော့ကျစေရမယ်ဆိုတဲ့ သမိုင်းဝင် ရည်မှန်းချက်တစ်ခုကို ၂၀၀၀ ခုနှစ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေက ကုလသမဂ္ဂမှာ တညီတညွတ်တည်း သဘောတူညီခဲ့ကြပါတယ်။ လူသားတွေရဲ့ သမိုင်းကြောင်း တလျှောက်မှာ အခုလို တစ်ကမ္ဘာလုံးက တစ်သံတည်းထွက်ပြီး ဘယ်အချိန်မှာ ဘာဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးကြီးမျိုးကို ထားခဲ့ဖူးတာမျိုး တခါဆို တခါမှ မရှိခဲ့ဖူးပါဘူး။
ဒါပေမယ့် စက်တင်ဘာ ၁၁ အရေးအခင်းနဲ့ အီရတ်စစ်ပွဲ အပြီးမှာတော့ ကမ္ဘာကြီးဟာ ဒီအိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေရာက

ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အာရုံတွေဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စစ်ပွဲကနေ အကြမ်းဖက်ဝါဒ စစ်ပွဲဆီကို လှည့်သွားကြပါတယ်။ အခု အချိန်အထိ အီရတ်စစ်ပွဲအတွက် အမေရိကန် နိုင်ငံ တစ်နိုင်ငံတည်းက အသုံးပြုခဲ့တဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၅၃၀ ဘီလျံကျော် ရှိပါတယ်။
အကြမ်းဖက်ဝါဒကို စစ်ရေး အရေးယူမှုနဲ့ တိုက်ဖျက်လို့ မရနိုင်ဘူးလို့ ကျွန်တော် ယုံကြည်ထားပါတယ်။ အကြမ်းဖက်ဝါဒကို အထိရောက်ဆုံး ဘာသာစကားကို သုံးပြီး တုံ့ပြန်သင့်ပါတယ်။ ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ် ရပ်တည်ပြီး ဒီ အကြမ်းဖက်ဝါဒကို အဆုံးသတ်နိုင်ဖို့ ဖြစ်နိုင်ခြေ အားလုံးကို ရှာဖွေကြရမှာပါ။ အကြမ်းဖက်ဝါဒကို အဆုံးသတ်နိုင်ဖို့ သူ့ရဲ့ မူလဇစ်မြစ်ကို သိထားရပါမယ်။ ဆင်းရဲတဲ့ သူတွေရဲ့ ဘ၀တွေကို တိုးတက်မြင့်မားလာအောင် လုပ်ပေးဖို့အတွက် သုံးစွဲလိုက်ရတာတွေဟာ လက်နက်တွေ ၀ယ်ဖို့အတွက် သုံးလိုက်ရတာတွေထက် ပိုကောင်းတဲ့ နည်းဗျူဟာပဲလို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
ငြိမ်းချမ်းရေး ဆိုတာကို လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ ထောင့်ပေါင်းစုံကနေ လူသားဆန်ဆန် နားလည်သင့် ပါတယ်။ ငြိမ်းချမ်းရေးကို မမျှတတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေ၊ ဒီမိုကရေစီ ကင်းမဲ့မှုတွေ၊ သဘာဝပတ်ဝန်းကျင် လျော့ရဲပျက်စီးနေမှုတွေနဲ့ လူ့အခွင့်အရေး ကင်းမဲ့မှုတွေက ခြိမ်းခြောက်နေပါတယ်။
ဆင်းရဲမွဲတေမှုကတော့ လူ့အခွင့်အရေးတွေ အားလုံး ဆုံးရှုံးကင်းမဲ့ နေခြင်းပါပဲ။ ဆင်းရဲတွင်းနက်မှုတွေကြောင့် စိတ်ပျက်မှုတွေ၊ အာဃာတတွေ၊ ဒေါသတွေ ရှိနေတဲ့ ဘယ် လူအဖွဲ့အစည်းမှာ မဆို ငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့နေနိုင်မှာ မဟုတ်ပါဘူး။ တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ လူတွေကို လူ့အဆင့်အတန်းနဲ့ အညီ နေထိုင်နေအောင် အခွင့်အလမ်းတွေကို ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေကို ကျွန်တော်တို့ ရှာကြံရမှာပါ။ လူသားအများစုအတွက် .. အထူးသဖြင့် ဆင်းရဲသားတွေအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့ဆိုတဲ့ အချက်ကို လွန်ခဲ့တဲ့ အနှစ် ၃၀ လုံးလုံး ကျွန်တော်တို့ အမြဲပဲ နှလုံးသွင်းပြီး အလုပ်လုပ်ခဲ့ကြတာပါ။
ကျွန်တော်ဟာ ဒီ ဆင်းရဲမွဲတေမှု အရေးကိစ္စတွေမှာ ပေါ်လစီချမှတ်သူ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာ မဟုတ်သလို သုတေသန ပြုလုပ်နေသူ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာလည်း မဟုတ်ပါဘူး။ ကျွန်တော် ပါဝင်ခဲ့ရတာ ဘာလို့လဲ ဆိုတော့ ဆင်းရဲမွဲတေမှုဟာ ကျွန်တော့် ပတ်ပတ်လည်မှာ ရှိနေတဲ့အတွက် ကျွန်တော် ဘယ်လိုမှ မျက်ကွယ်ပြုထားလို့ မရနိုင်တော့ပါဘူး။ ၁၉၇၄ ခုနှစ်က ဆင်းရဲမွဲတေလွန်းလို့ ငတ်မွတ်နေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ဘောဂဗေဒ သီအိုရီတွေကို တက္ကသိုလ် စာသင်ခန်းတွေမှာ သင်ကြားရတာ အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဒီလို ဆာလောင်ငတ်မွတ်နေမှုတွေ ဆင်းရဲမွဲတေမှုတွေကို မျက်ဝါးထင်ထင် မြင်ရတော့ ဒီသီအိုရီတွေ အားလုံးဟာ အနှစ်သာရမဲ့နေသလို ရုတ်တရက် ခံစားခဲ့ရပါတယ်။

ကျွန်တော့် ဘေးပတ်လည်မှာ ရှိတဲ့သူတွေကို ကူညီနိုင်ဖို့ ကျွန်တော် တစ်ခုခုကို ချက်ချင်းဆိုသလို လုပ်ချင်ခဲ့မိတယ်။ လူသားတစ်ယောက်ယောက်ကိုပဲ ဖြစ်ဖြစ် သက်တောင့်သက်သာနဲ့ နေ့စွဲတစ်ရက်ကို ကျော်ဖြတ်စေချင်ခဲ့မိတယ်။ ဒီဆန္ဒကနေ ငွေပမာဏ နည်းနည်းလေးကို ရဖို့ သူတို့ ဘ၀ ရပ်တည်ရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့ ဆင်းရဲသားတွေရဲ့ အခြေအနေတွေကို သိမြင်ခွင့်ရခဲ့တယ်။
ငွေတိုးချေးစားတဲ့သူဆီကနေ အမေရိကန် ၁ ဒေါ်လာ ပမာဏလောက် ရှိတဲ့ ငွေကို ချေးလေ့ရှိတဲ့ ရွာတစ်ရွာက အမျိုးသမီးတစ်ဦးအကြောင်းကို သိရတော့ ကျွန်တော် အတော်လေး အံ့အားသင့်သွားခဲ့တယ်။ ဒီအမျိုးသမီးခမျာ အဲဒီငွေရင်းနဲ့ ဖန်တီးလိုက်တဲ့ ဘယ်အရာကိုမဆို ငွေထုတ်ချေးသူက ၀ယ်ချင်တဲ့ ဈေးနဲ့ ၀ယ်မယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ချေးရရှာတာပါ။ ဒီလို လုပ်ရပ်ဟာ ငွေဝယ်ကျွန် အခိုင်းစားခံ ဘ၀ကို ရောက်စေတယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။
ကျွန်တော် စာသင်ပြတဲ့ တက္ကသိုလ်ရဲ့ နံဘေးက ရွာကလေးမှာ အဲဒီအမျိုးသမီးလို ငွေချေးဌားသူတွေရဲ့ ဒုက္ခခံစားရသူ ဘယ်နှစ်ယောက်လောက်များ ရှိမလဲလို့ စာရင်းကောက်ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ စာရင်း အပြည့်အစုံရတဲ့အခါ ၄၂ ယောက် ရှိနေပါတယ်။ သူတို့အားလုံးပေါင်း ချေးထားတဲ့ ပိုက်ဆံ ပမာဏက အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာ ပမာဏပဲ ရှိတာပါ။ ကျွန်တော် အံ့သားသင့်မိသွားခဲ့တယ်။ ဒါနဲ့ ကျွန်တော့် ပိုက်ဆံထဲကနေ အဲဒီငွေပမာဏကို သူတို့အစား ငွေချေးသူတွေဆီကို စိုက်လျော်ပေးလိုက်ပြီး ဒီဒုက္ခကနေ လွတ်မြောက် စေခဲ့တယ်။
အဲဒီလို ကူညီလိုက်ရတဲ့အတွက် စိတ်ကျေနပ်မှုကို ရခဲ့တဲ့ အပြင် ကျွန်တော့်ကို ဒီလို ကိစ္စမျိုးတွေမှာ ပါဝင် ဆောင်ရွက်ဖို့ အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့တယ်။ ဒီလောက် ငွေပမာဏ နည်းနည်းလေးနဲ့ လူတွေ အများကြီးကို ပျော်ရွှင်သွားအောင် လုပ်နိုင်မယ်ဆိုရင် ဘာလို့များ အဲဒီလို ထပ်မလုပ်ဘဲ နေမလဲလို့ တွေးမိခဲ့တယ်။ အဲဒီကနေ စပြီး ကြိုးစား ကူညီနိုင်အောင် စလုပ် ဖြစ်တော့တာပါပဲ။
ပထမဆုံး ကျွန်တော် စလုပ်ဖြစ်ခဲ့တာကတော့ တက္ကသိုလ်ကျောင်းပရ၀ုဏ်ထဲမှာ ရှိတဲ့ ဘဏ်ကို သွားပြီး ဆင်းရဲသားတွေကို ငွေချေးဖို့ သွားပြောခဲ့တာပါ။ ဒါပေမယ့်

မအောင်မြင်ခဲ့ဘူး။ သူတို့က သဘောမတူကြဘူးလေ။ ဘဏ်က ဘာပြောလိုက်သလဲ ဆိုတော့ ဆင်းရဲသားတွေကို အကြွေးမပေးထိုက်ဘူး တဲ့။ ဒီလိုနဲ့ လပေါင်းများစွာ ကြာတဲ့အထိ ကျွန်တော် ကြိုးစားခဲ့သမျှတွေ အရာမထင် ဖြစ်ခဲ့တဲ့နောက် ဆင်းရဲသားတွေ ကိုယ်စား အာမခံပြီး ဘဏ်ကနေ တဆင့် ငွေချေးပေးခဲ့တယ်။
ကျွန်တော် သူတို့ကို ငွေချေးကြည့်တော့ အံ့အားသင့်စရာ ရလဒ်တွေကို ရလိုက်တယ်။ ဆင်းရဲသားတွေဟာ ချေးထားတဲ့ ငွေတွေကို အချိန်မှန်မှန် ပြန်ဆပ်လေ့ ရှိတယ် ဆိုတာကိုပဲ။ ဒါပေမယ့် ဘဏ်အချို့နဲ့ ဆက်သွယ်ပြီး ကျွန်တော့်ရဲ့ လုပ်ငန်းစဉ်တွေကို တိုးချဲ့ဖို့ အတွက် အခက်အခဲတွေနဲ့ ကျွန်တော် ရင်ဆိုင်နေခဲ့ရဆဲပဲ။ ဒါနဲ့ပဲ ဆင်းရဲသားတွေ အတွက် ဘဏ်တစ်ခု တည်ထောင်မယ် ဆိုပြီး ကျွန်တော် ဆုံးဖြတ်လိုက်တော့တယ်။ ၁၉၈၃ မှာတော့ ဘဏ်တစ်ခုကို တကယ်ပဲ အောင်အောင်မြင်မြင် တည်ထောင်လိုက်နိုင်တယ်။ ဘဏ်ရဲ့ နာမည်ကိုတော့ ရွာဘဏ်လို့ အဓိပ္ပာယ်ရတဲ့ ဂရာမင်းဘဏ် (Grameen Bank) လို့ နာမည်ပေးလိုက်တော့တယ်။
ဒီကနေ့မှာတော့ ဂရာမင်းဘဏ်ဟာ လူ ၇ သန်းကို ငွေထုတ်ချေး ပေးထားနိုင်ခဲ့ပါပြီ။ အဲဒီသူတွေရဲ့ ၉၇ ရာခိုင်နှုန်းဟာ ဘင်္ဂလားဒေ့ရှ် ကျေးလက်မှာရှိတဲ့ ရွာပေါင်း ၇၃,၀၀၀ မှာ နေထိုင်ကြတဲ့ ဆင်းရဲတဲ့ အမျိုးသမီးတွေပါ။ ဂရာမင်းဘဏ်ဟာ အိမ်ဆောက်စရိတ် ချေးငွေ၊ ကျောင်းစရိတ် ချေးငွေ၊ အသေးစားလုပ်ငန်း ချေးငွေ စသဖြင့် ချေးငွေ အမျိုးမျိုးကို ဆင်းရဲသား မိသားစုတွေ အတွက် ထုတ်ချေးပေးနိုင်ခဲ့ပြီး သူတို့အတွက် ငွေစုခြင်း၊ ပင်စင်ရန်ပုံငွေနဲ့ အာမခံခြင်း စတဲ့လုပ်ငန်း အမျိုးမျိုးကို ဖန်တီးပေးခဲ့ပါတယ်။
အိမ်ဆောက်စရိတ်ချေးငွေကို ၁၉၈၄ ခုနှစ်မှာ စတင် မိတ်ဆက်ပေးခဲ့ပြီး အခု အချိန်ထိ အိမ်ရာပေါင်း ၆၄၀,၀၀၀ တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအိမ်တွေကို တရားဝင် ပိုင်ဆိုင်သူတွေကတော့ အိမ်ဆောက်စရိတ် ငွေချေးခဲ့သူ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ဘာလို့ အဓိက ငွေချေးရသလဲ ဆိုရင် အမျိုးသမီးတွေကို ငွေချေးတာဟာ မိသားစုအတွက် အကျိုးကျေးဇူးကောင်းတွေကို ရလေ့ရှိတယ်ဆိုတာ တွေ့ရလို့ ပါပဲ။
ဂရာမင်းဘဏ်ဟာ ယခုအထိ စုစုပေါင်း ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလျံ အထိ ချေးငွေတွေ ထုတ်ပေးနိုင်ခဲ့ပြီး ချေးငွေ ပြန်ဆပ်မှု ရာခိုင်နှုန်းက ၉၉ ရာခိုင်နှုန်း ရှိပါတယ်။ ဂရာမင်းဘဏ်ဟာ အကျိုးအမြတ်တွေ ရရှိနေပြီ ဖြစ်ပြီး ၁၉၉၅ ခုနှစ်က စလို့ ဘယ်အလှူရှင်ဆီကမှ အလှူငွေ ယူဖို့ မလိုအပ်တော့ပါဘူး။ ဂရာမင်းဘဏ်မှာ စုဆောင်းထားတဲ့ ငွေတွေနဲ့ ပိုင်ဆိုင်တဲ့ အရာတွေဟာ ရရန် ကြွေးကျန်နေတဲ့ ချေးငွေတွေထက် ပိုများပါတယ်။ ဂရာမင်းဘဏ်ကနေ ပြုလုပ်တဲ့ စစ်တမ်းကောက်ယူမှုအရ ကျွန်တော်တို့ဆီကနေ ချေးငွေ ရယူခဲ့သူတွေရဲ့ ၅၈% ဟာ ဆင်းရဲမွဲတေမှုမျဉ်းကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

ဂရာမင်းဘဏ်ဟာ ကျွန်တော်ရဲ့ တပည့် ကျောင်းသူကျောင်းသားတွေ အကူအညီနဲ့ စတင်ခဲ့တဲ့ စီမံကိန်း သေးသေးလေး တစ်ခု ဖြစ်ပါတယ်။ အဲဒီ ကနဦး ကူညီခဲ့သူတွေထဲက ကျောင်းသူကျောင်းသား ၃ ဦးဟာ ဂရာမင်းဘဏ်မှာ ကျွန်တော်နဲ့ အတူ ရှိနေဆဲ ဖြစ်ပြီး ထိပ်တန်း အမှုဆောင်အရာရှိတွေ ဖြစ်နေကြပါပြီ။ သူတို့ဟာလည်း ခင်ဗျားတို့တတွေက ဒီကနေ့ ပေးအပ်မယ့် ဒီဂုဏ်ပြုဆုကို အတူ လက်ခံကြဖို့ ကျွန်တော်နဲ့ အတူ ရှိနေပါတယ်။
ဂျိုဘရာ (Jobra) လို့ အမည်ရတဲ့ ဘင်္ဂလားဒေ့ရှ် ကျေးရွာလေး တစ်ရွာမှာ စခဲ့တဲ့ ဒီစိတ်ကူးဟာ ခုဆို တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပါပြီ။ ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာ ဂရာမင်းလိုမျိုး ပရိုဂရမ်တွေ အမြောက်အမြား ရှိနေခဲ့ပြီလေ။