အဲဒီလို နိုဘယ်လ်ဆု ရရှိခဲ့တာဟာလည်း ထိုက်ထိုက်တန်တန် ရခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ကမ္ဘာ့နိုင်ငံအများအပြားမှာ ဆင်းရဲချမ်းသာကွာဟမှုကို လျှော့ချဖို့ ခေါင်းခဲနေချိန်မှာ သူဟာ သူထုတ်တားတဲ့ သီအိုရီကို နှစ် ၃၀ အချိန်ယူပြီး ချို့ယွင်းချက် နည်းနည်းနဲ့ အလုပ်လုပ်နိုင်ကြောင်း သက်သေပြနိုင်ခဲ့တာပါ။ ဒီ သဘောတရားကိုသာ အလေးအနက်ထား စဉ်းစားသုံးသပ်ကြမယ်ဆိုရင် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ လယ်သမားတွေအပါအဝင် အခြေခံလူတန်းစား လူများစုတို့ရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးဖို့အတွက် နည်းလမ်းကောင်းတစ်ရပ်အနေနဲ့ တွေ့ရပါလိမ့်မယ်။ အခြေခံလူတန်းစားတွေဟာ နိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်း အများအပြားကို ကိုယ်စားပြုတာကြောင့် သူတို့ရဲ့ ဘဝဖွံ့ဖြိုးလာမှုဟာ နိုင်ငံရဲ့ စီးပွားရေးကို အပြုသဘော အကျိုးသက်ရောက်မှု ရှိပါတယ်။
အခု ကျွန်တော်တို့ သူ့ရဲ့ Microcredit ရဲ့ မိခင်သဘောတရားဖြစ်တဲ့ Microfinance ကို အနီးကပ် လေ့လာကြည့်ကြရအောင်။
မိုက်ခရိုငွေကြေးဆိုတာ ဘာလဲ မိုက်ခရိုငွေကြေးဆိုတာ ဘာလဲဆိုတာကို မေးခွန်းငယ် ၁၈ ခုနဲ့ ရှင်းလင်း ဖော်ပြပါမယ်။
(၁) မိုက်ခရိုငွေကြေးဆိုတာ ဘာလဲ။ (၂) မိုက်ခရိုငွေကြေး (Microfinance) နဲ့ မိုက်ခရိုချေးငွေ (Microcredit) ဘာကွာလဲ။ (၃) မိုက်ခရိုချေးငွေ နဲ့ တခြား ဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေတွေနဲ့ ကျတော့ ဘာကွာသလဲ။ (၄) မိုက်ခရိုငွေကြေးစနစ်ရဲ့ဝယ်ယူသုံးစွဲသူတွေက ဘယ်သူတွေလဲ။ (၅) ငွေချေးသူတွေဟာ မိုက်ခရိုချေးငွေကို ဘယ်လို သုံးကြလဲ။ (၆) မိုက်ခရိုငွေကြေး ဝန်ဆောင်မှုကို ဘယ်လိုအဖွဲ့အစည်းတွေက ပေးလဲ။ (၇) MFI တွေက ဝင်ငွေနည်း လူတန်းစားတွေအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေအပြင် တခြား ဘာတွေများ လုပ်သေးသလဲ။ (၈) မိုက်ခရိုငွေကြေး ဆိုတဲ့ သဘောတရားက ဆင်းရဲချို့တဲ့သူတွေကို ဘယ်လို အထောက်အကူပြုသလဲ။ (၉) မိုက်ခရိုချေးငွေဟာ ဘယ်လိုနေရာမျိုးမှာ အသုံးမဝင်ဘူးလဲ။ (၁၀) MFI တွေဟာ ဆင်းရဲချို့တဲ့သူတွေဆီက ဘာလို့ အတိုးနှုန်း မြင့်မြင့် ယူရသလဲ။ (၁၁) MFI များ ရေရှည်တည်တံ့မှုကို ရေရှည်တည်တံ့မှုကို ဘာလို့ အရမ်း အရေးပေးတာလဲ။ (၁၂) မိုက်ခရိုငွေကြေးရပ်ဝန်း ဘယ်လောက် တည်တံ့မလဲ။ (၁၃) အစိုးရများအနေနဲ့ မိုက်ခရိုချေးငွေလုပ်ငန်း ကောင်းကောင်း လည်ပတ်နိုင်အောင် စွမ်းဆောင်နိုင်သလား။ (၁၄) မိုက်ခရိုငွေကြေးလုပ်ငန်းကို အစိုးရက ဘယ်လို ထောက်ပံ့ပေးနိုင်သလဲ။ (၁၅) ငွေစုလုပ်ငန်းက ဆင်းရဲသူလူတန်းစားကို ဘယ်လို အကျိုးပြုနိုင်သလဲ။ (၁၆) ဆင်းရဲချို့တဲ့သူတွေအနေနဲ့ အမြတ်ကြီးစား ကြွေးမြီရှင်တွေရဲ့ စနက်ထဲ မကျရောက်ရအောင် MFI တွေ ဘာလုပ်နေကြသလဲ။ (၁၇) လူမှုစွမ်းဆောင်ရည်ကိန်းညွှန်း ဆိုတာဘာလဲ။ ဘာလို့ အဲ့ဒီကိန်းညွှန်းက စီးပွားရေးအဖွဲ့အစည်းတွေမှာ အရေးကြီးတာလဲ။ (၁၈)ကမ္ဘာတစ်ဝှမ်းက MFI တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်မှာ ရှာလို့ ရမလဲ။ ၁။ မိုက်ခရိုငွေကြေးဆိုတာ ဘာလဲ။ မိုက်ခရိုငွေကြေးဆိုတာဟာ ကိုယ့်ကိုယ်ကို မိုက်ခရိုငွေကြေးအဖွဲ့အစည်း (Microfinance Institution) [MFI] လို့ သမုတ်ထားတဲ့ လုပ်ငန်းတွေက ဆင်းရဲချို့တဲ့သူတွေနဲ့

ဝင်ငွေနည်းတဲ့ လူတန်းစားတွေအတွက် စီစဉ်ပေးထားတဲ့ ချေးငွေနဲ့ အခြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ခေါ်တာပါ။ ပုံမှန်ဆိုရင် ငွေချေးချင်ရင် ပစ္စည်းတစ်ခု ပေါင်ခံရပါတယ်။ ဒါပေမယ့် MFI တွေကတော့ လစာမဲ့များအတွက် အပေါင်ပစ္စည်းများများစားစား ပြစရာမလိုဘဲ ငွေပမာဏနည်းနည်းကို ထုတ်ချေးပေးဖို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကတည်းက နည်းလမ်းမျိုးစုံ တီထွင်စမ်းသပ်ခဲ့ကြတယ်။ သူတို့ စမ်းသပ်ခဲ့တဲ့ နည်းလမ်းတွေမှာ လူအစုလိုက်ကို ငွေချေးတာမျိုးတွေ၊ ငွေမချေးမှီ အနည်းဆုံးရှိရမယ့် စုဆောင်းငွေပမာဏ သတ်မှတ်ချက်တွေ၊ တဖြည်းဖြည်းချင်း တိုးပေးသွားမယ့် ငွေချေးပမာဏ နဲ့ လက်ရှိချေးငွေကို မှန်မှန်ပြန်ဆပ်ရင် နောက်ပိုင်းမှာလည်း ပုံမှန်ထုတ်ချေးပေးမယ်ဆိုတဲ့ သွယ်ဝိုက် အာမခံချက်တွေ စသဖြင့် နည်းလမ်းအမျိုးမျိုး ကြိုးစားခဲ့ပါတယ်။
ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ် ဆိုရင်တော့ မိုက်ခရိုငွေကြေးရဲ့ ရည်မှန်းချက်က ဝင်ငွေနည်း မိသားစုတွေ အနေနဲ့ အောက်ပါကိစ္စရပ်တွေ လုပ်ဆောင်နိုင်ဖို့ အဆင့်မှီ ငွေကြေးဝန်ဆောင်မှုတွေ ဖန်တီးပေးတာပါပဲ။
(က) ဝင်ငွေရမယ့် လုပ်ငန်းတွေအတွက် အရင်းအနှီး အဆင်သင့်ဖြစ်အောင်
(ခ) ပိုင်ဆိုင်မှု(Assets)တွေ ဖန်တီးနိုင်အောင်
(ဂ) အဆိုပါ မိသားစုတွေရဲ့ ငွေကြေးသုံးစွဲမှု တည်ငြိမ်လာအောင် နဲ့
(ဃ) ငွေကြေးပိုင်ဆိုင်ရာ စိန်ခေါ်မှုတွေအတွက် လုံခြုံမှုရှိအောင် တို့ ဖြစ်တယ်။
ဝန်ဆောင်မှုဆိုတာမှာလည်း ငွေချေးတာ တစ်ခုတည်း မဟုတ်ဘဲ ငွေစုခြင်း၊ အာမခံလုပ်ငန်းနဲ့ ငွေလွှဲလုပ်ငန်း တွေပါ ပါဝင်တယ်။
၂။ မိုက်ခရိုငွေကြေး (Microfinance) နဲ့ မိုက်ခရိုချေးငွေ (Microcredit) ဘာကွာသလဲ။ မိုက်ခရိုချေးငွေ ဆိုတာ အမိန့်ရ ငွေချေး လုပ်ငန်းတွေက အပေါင်ပစ္စည်းများများစားစား ပြစရာမလိုပဲ ထုတ်ချေးတဲ့ ငွေပမာဏသေးသေးကို ခေါ်တာပါ။ အခုအချိန်အထိတော့ လခစား အလုပ်သမားတွေအတွက် သတ်မှတ်ထားလေ့ရှိတဲ့ ချေးငွေအကန့်အသတ် (Consumer Credit) ဆိုတဲ့ သဘောတရားကို မိုက်ခရိုချေးငွေမှာ မတွေ့ရသေးပါဘူး။ ဒါပေမယ့် နောင်တချိန်မှာတော့ ရှိကောင်းရှိလာနိုင်ပါတယ်။
မိုက်ခရိုငွေကြေးလို့ ဆိုလာရင် အပေါ်မှာ ပြောခဲ့တဲ့ မိုက်ခရိုချေးငွေအပြင် ဆင်းရဲချို့တဲ့သူတွေနဲ့ ဝင်ငွေနည်း လူတန်းစားတွေအတွက် ရည်ရွယ်တဲ့ ငွေစုခြင်း၊ အာမခံ၊ ငွေလွှဲနဲ့ တခြား ငွေကြေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပါပါတယ်။
၃။ မိုက်ခရိုချေးငွေ နဲ့ တခြား ဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေတွေနဲ့ ကျတော့ ဘာကွာသလဲ။
မေးခွန်း ၁ မှာ ရှင်းပြခဲ့တဲ့ နည်းစနစ် အသစ်တွေ အပြင် မိုက်ခရိုချေးငွေဟာ ဖွံ့ဖြိုးရေး ချေးငွေရဲ့ ကနဦး ပုံစံဟောင်းတွေမှာ တွေ့ရတဲ့ ချို့ယွင်းအားနည်းချက်တွေကို အတတ်နိုင်ဆုံး ရှောင်ကွင်းနိုင်အောင် ကြိုးစားထားပါတယ်။ မိုက်ခရိုချေးငွေ ရဲ့ချဉ်းကပ်မှုပုံစံဟာ အနာဂတ်မှာ ငွေချေးအဖွဲ့အစည်းရဲ့ ဆက်လက် ရှင်သန်ဖွံ့ဖြိုးမှုကို အာမခံချက်ပေးမယ့် ပိုပြီး စနစ်တကျရှိတဲ့ ချေးငွေပြန်ဆပ်မှု ပုံစံတစ်ခုနဲ့ ငွေပို့ဆောင်မှုကုန်ကျစရိတ် (Costs of Credit Delivery) ကို ကာမိနိုင်တဲ့ အတိုးနှုန်းထား တစ်ခုကို အလေးပေးတာကို တွေ့ရတယ်။
၎။ မိုက်ခရိုငွေကြေးစနစ်ရဲ့ဝယ်ယူသုံးစွဲသူတွေက ဘယ်သူတွေလဲ။ ဘဏ်လိုမျိုး ပုံမှန် ငွေကြေးအဖွဲ့အစည်းတွေရဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲမှု မပြုနိုင်တဲ့ ဆင်းရဲချို့တဲ့သူတွေနဲ့ ဝင်ငွေနည်း လူတန်းစားတွေဟာ မိုက်ခရိုငွေကြေးရဲ့ အဓိက ဖောက်သည်တွေပါ။ မိုက်ခရိုငွေကြေးစနစ်ကို သုံးစွဲသူတွေဟာ များသောအားဖြင့် မိသားစုအခြေပြု ကိုယ်ပိုင် လုပ်ငန်းငယ်လေးတွေ လုပ်ကိုင်ကြသူ များပါတယ်။ သူတို့ လုပ်ကိုင်လေ့ရှိတဲ့ လုပ်ငန်းငယ်လေးတွေမှာ လက်လီကုန်စုံဆိုင်ငယ်လေးတွေ၊ လမ်းဘေးဆိုင်လေးတွေ၊ လက်မှု လုပ်ငန်းငယ်လေးတွေနဲ့ ဝန်ဆောင်မှု အသေးစားတွေ ပါဝင်ပါတယ်။ နယ်ဘက်တွေမှာဆိုရင်တော့ မုန့်လုပ်ငန်းတချို့ရယ်၊ ကုန်သည်အသေးစားတွေရယ်နဲ့ လယ်သမား အများစု ပါဝင်ကြပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေရဲ့ ဆင်းရဲမွဲတေမှုအတိုင်းအတာကို ကိန်းဂဏန်း အတိအကျပြောဖို့တော့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် အများစုဟာ ဆင်းရဲမွဲတေမှုစည်းမျဉ်း (ကုလသမဂ္ဂသတ်မှတ်ချက် - တစ်နေ့ ဝင်ငွေ တစ်ဒေါ်လာ) နားအထိ လျှောကျနေပြီး တချို့ကတော့ အဲဒီ ဝင်ငွေထက်ကို နည်းနေပါတယ်။ ဒါပေမယ့် ကုန်းကောက်စရာ မရှိအောင် မွဲတေနေသူတွေအပါအဝင် ကမ္ဘာ့လူဦးရေရဲ့ အဆင်းရဲဆုံး ၁၀ ရာခိုင်နှုန်းသော မိသားစုတွေကတော့ မိုက်ခရိုချေးငွေစနစ်ရဲ့ ပုံမှန် ဖောက်သည်တွေ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ချေးငွေကို ပြန်ဆပ်နိုင်မယ့် ပုံမှန်ငွေကြေးစီးဆင်းမှုကို သူတို့မှာ မရှိလို့ပါ။ အချက်အလက်အရဆိုရင် ဆင်းရဲမွဲတွေမှုစည်းမျဉ်းရဲ့ အောက်က လူအများစုဟာ ဆင်းရဲချို့တဲ့သူတွေရဲ့ အပေါ်တစ်ဝက်မှာ ရှိနေပါသေးတယ်။ ဒါတောင်မှ မိုက်ခရိုငွေကြေးအဖွဲ့အစည်းတွေက အောက်တစ်ဝက်ရဲ့ အပေါ်ဆုံးက လူတစ်ချို့ကိုတောင် ဝန်ဆောင်မှု ပေးနေနိုင်တဲ့ သာဓကတွေ ရှိပါတယ်။ နောက်ပြီး မိုက်ခရိုငွေကြေးစနစ်ရဲ့ ဝန်ဆောင်မှုရယူသူတွေထဲမှာ အမျိုးသမီး အများစု ပါဝင်ကြတာလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အဆိုပါ MFI တွေဟာ လခစား ဝန်ထမ်းတွေအပြင် ပင်စင်စား အငြိမ်းစားတွေ ပါဝင်တဲ့ တခြား လူစုတွေအတွက်ပါ သင့်လျော်မယ့် ဝန်ဆောင်မှုတွေကို စတင် ဖန်တီးလာခဲ့တယ်။ ဖြစ်လာနိုင်တဲ့ အဆိုပါ ငွေကြေးစနစ် သုံးစွဲသူ အဝန်းအဝိုင်းကို ခန့်မှန်းရ ခက်ပေမယ့် ဒီငွေကြေးဝန်ဆောင်မှုတွေကိုပဲ ထိတွေ့သုံးစွဲခွင့်မရသေးတဲ့ မိသားစုတွေကလည်း ဒုနဲ့ ဒေး ရှိနေဆဲပါပဲ။
၅။ ငွေချေးသူတွေဟာ မိုက်ခရိုချေးငွေကို ဘယ်လို သုံးကြလဲ။ မိုက်ခရိုချေးငွေ ရယူသူတွေဟာ များသောအားဖြင့်တော့ ပုံသေလခမဟုတ်ပေမယ့် ဝင်ငွေရှိတဲ့ လုပ်ငန်းလေးတွေ လုပ်ကိုင်တတ်ကြပါတယ်။ ဒါပေမယ့် MFI တွေကနေ ချေးယူထားတဲ့ ငွေကို အဲဒီလို လုပ်ငန်းတွေ အစပြုတည်ထောင်ဖို့ ငွေပင်ငွေရင်းအနေနဲ့ သုံးတာမျိုး သိပ်များများစားစား မတွေ့ရပါဘူး။ ပြန့်ကျဲနေတဲ့ သုတေသနစာတမ်းတွေရဲ့ အဆိုအရတော့ ချေးငွေရဲ့ တဝက် ဒါမှမဟုတ် အဲဒီထက် နည်းတဲ့ ပမာဏကိုပဲ စီးပွားရေး လုပ်ငန်းတွေမှာ သုံးတာကို တွေ့ရပါတယ်။ ကျန်တဲ့ ပမာဏအများစုကိုတော့ ပညာရေး အသုံးစရိတ်၊ ဆေးဖိုးဝါးခနဲ့ သာရေးနာရေး ကုန်ကျစရိတ် အစရှိတဲ့ အိမ်တွင်း ငွေကြေး လိုအပ်ချက်အများစုကို ဖြည့်ဆည်းပေးဖို့ အတွက် အသုံးပြုပါတယ်။ အဲဒီလို အသုံးပြုခြင်းဖြင့်လည်း မိသားစု ငွေကြေးသုံးစွဲမှု ပိုတည်ငြိမ်လာပါတယ်။
၆။ မိုက်ခရိုငွေကြေး ဝန်ဆောင်မှုကို ဘယ်လိုအဖွဲ့အစည်းတွေက ပေးလဲ။ မိုက်ခရိုငွေကြေး အဖွဲ့အစည်းတွေဟာ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) လိုမျိုး အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်း (Not-for-profit) တွေ အနေနဲ့ စတင်ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ငွေစုဆောင်းမှုလို ဝန်ဆောင်မှုမျိုးကို လက်ခံလည်ပတ်ဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်တွေဆီက လုပ်ငန်းလိုင်စင် လိုအပ်ချက်မျိုး ရှိတာကြောင့် မိုက်ခရိုငွေကြေး အဖွဲ့အစည်းတွေဟာ အကျိုးအမြတ်အတွက်ပါ ရည်ရွယ်တဲ့ အဖွဲ့အစည်း (for-profit) အနေနဲ့ ပြောင်းလဲလာကြတယ်။ အဲဒီလို အကျိုးအမြတ်အတွက် ဖွဲ့စည်းတဲ့ မိုက်ခရိုငွေကြေးအဖွဲ့တွေကို-
(က) ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်း (non-bank financial institutions) [NFBIs]
(ခ) မိုက်ခရိုငွေကြေးလုပ်ငန်း အဓိကလုပ်ကိုင်သော ဘဏ်
(ဂ) ရိုးရိုးဘဏ်တစ်ခု၏ မိုက်ခရိုငွေကြေးဌာန တို့အဖြစ် အသွင်သဏ္ဍာန် (၃) မျိုးတွေ့ရတယ်။
၇။ MFI တွေက ဝင်ငွေနည်း လူတန်းစားတွေအတွက် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေအပြင် တခြား ဘာတွေများ လုပ်သေးသလဲ။ တချို့ MFI တွေကတော့ ငွေကြေးနဲ့ မပတ်သက်တဲ့ "စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု" နဲ့ "ကျန်းမာရေးဝန်ဆောင်မှု" လိုမျိုး ဝန်ဆောင်မှုတွေလည်း ပေးပါသေးတယ်။

(မှတ်ချက်။ စီးပွားရေးဘဏ် နှင့် အစိုးရဘဏ်များအား ၎င်းတို့လုပ်ငန်းလည်ပတ်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် မိုက်ခရိုငွေကြေး ဝန်ဆောင်မှုပေးနေသည်ဆိုစေကာမူ ၎င်းတို့အား MFI များအဖြစ် သတ်မှတ်သည်။)
၈။ မိုက်ခရိုငွေကြေး ဆိုတဲ့ သဘောတရားက ဆင်းရဲချို့တဲ့သူတွေကို ဘယ်လို အထောက်အကူပြုသလဲ။ မိုက်ခရိုငွေကြေးရဲ့ အကျိုးသက်ရိုက်ခတ်မှုကို လေ့လာတဲ့အခါမှာ များသောအားဖြင့် မိုက်ခရိုချေးငွေရဲ့ အကျိုးသက်ရိုတ်ခတ်မှုကို လေ့လာကြတာများတယ်။ ရေရှည်မှာ "အရ" နဲ့ "အသုံး"တဖြည်းဖြည်း မြင့်တက်လာခြင်းလိုမျိုး အကျိုးဆက်တွေဟာ ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေအနေနဲ့ မိုက်ခရိုချေးငွေက ရတဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပါ။ ဆင်းရဲမွဲတေမှုရဲ့ ခက်ထန်ကြမ်းရှတဲ့ မျက်နှာစာတစ်ခုကတော့ ပုံမှန်မရှိလို့ အားကိုးအားထားပြုလို့ မရနိုင်တဲ့ ဝင်ငွေပါ။ ချေးငွေ အလွယ်တကူ ရနိုင်ခြင်းဖြင့် ဆင်းရဲချို့တဲ့သူတွေရဲ့ ငွေကြေးလည်ပတ်မှု ပိုပြီး ချောမွေ့လာသလို စားဝတ်နေရေးလိုမျိုး လူ့အခြေခံလိုအပ်ချက်တွေ ရုတ်တရက် ပြတ်လပ်သွားတာမျိုးမှလည်း ကာကွယ်နိုင်ပါတယ်။ အဲဒီအပြင် ရန်သူမျိုးငါးပါးရဲ့ နှောင့်ယှက်ဖျက်ဆီးမှုတွေ နဲ့ မိသားစုရဲ့ အဓိက ဝင်ငွေရှာဖွေသူ နေမကောင်းထိုင်မသာဖြစ်တဲ့ အနေအထားလို တုန်လှုပ်ဖွယ် အခြေအနေတွေကိုလည်း မိုက်ခရိုချေးငွေက ညင်သာအောင် ပြုစွမ်းပေးနိုင်ပါတယ်။ အဲဒါထက် ပိုပြီးဆိုရရင် ဆင်းရဲချို့တဲ့သူတွေဟာ မြေဝယ်တာလိုမျိုး ပစ္စည်းဥစ္စာ စုဆောင်းမှုတွေကို မိုက်ခရိုချေးငွေရဲ့ အကူအညီနဲ့ ဆောင်ရွက်နိုင်ပါသေးတယ်။ အဲဒီလို ဥစ္စာစုဆောင်းမှုဟာ အနာဂတ်မှာ မိသားစုဘဝကို လုံခြုံစိတ်ချမှုပေးပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း မိုက်ခရိုချေးငွေကို သုံးစွဲပြီး မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်နိုင်ပါသေးတယ်။
ချေးငွေရဲ့ အကျိုးသက်ရောက်မှုကို လက်တွေ့လေ့လာမှု ပြုလုပ်ဖို့ ခက်ခဲပြီး ငွေကုန်ကျေးကျလည်း များပါတယ်။ အဲဒီလို လေ့လာမှုပြုဖို့အတွက် ဘယ်လို နည်းစနစ် သုံးမလဲဆိုတာကအစ ဝိဝါဒကွဲနေတာမျိုးရှိပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ ဒီအချိန်အထိ ပြုလုပ်ထားတဲ့ အကျိုးသက်ရောက်မှု လေ့လာရေး စာတမ်းများအရတော့ မိုက်ခရိုချေးငွေကနေ ကောင်းကျိုးတွေ အမြောက်အများ ရရှိနိုင်တယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့်လည်း စာတမ်းတော်တော်များများဟာ ချဉ်းကပ်မှုပုံစံ စနစ်မကျတာကြောင့် စီးပွားရေးပညာရှင်များက အသိအမှတ် မပြုတာမျိုးတွေ ရှိနေပါတယ်။ ပိုပြီး စနစ်ကျတဲ့ လေ့လာမှု ပုံစံသစ်တစ်ရပ်ကို အခု စမ်းသပ်နေပြီး အဲဒီကနေ ပိုပြီး တိကျပြတ်သားတဲ့ အဖြေတစ်ခု ထွက်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။

ဘာပဲပြောပြော တကယ့်ငွေချေးယူသူတွေကတော့ အဆိုပါ ချေးငွေတွေဟာ သူတို့ဘဝကို တိုးတက် ပြောင်းလဲစေတယ်လို့ အခိုင်အမာ ဆိုနေပါတယ်။ သူတို့ဟာ ငွေဆက်ချေးနေနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုနဲ့တောင် ချေးငွေတွေကို သစ္စာရှိရှိ အချိန်မှန်မှန် ပြန်ဆပ်နေပါတယ်။
မိုက်ခရိုငွေကြေးရဲ့ တခြားဝန်ဆောင်မှုတွေဖြစ်တဲ့ ငွေစုဆောင်းခြင်း၊ အာမခံ နဲ့ ငွေလွှဲလုပ်ငန်းတွေဟာ သိပ်မကြာသေးခင် ကာလကမှ ဖွံ့ဖြိုးလာတာကြောင့် အဲဒီဝန်ဆောင်မှုတွေရဲ့ အကျိုးသက်ရောက်မှုကို လေ့လာထားတာ နည်းနေပါသေးတယ်။ ဒါပေမယ့် အဲဒီလိုဝန်ဆောင်မှုတွေအတွက် ဆင်းရဲချို့တဲ့သူ လူတန်းစားတွေဆီက ဝယ်လိုအား ရှိနေပါတယ်။ ငွေစုလုပ်ငန်း ဝန်ဆောင်မှု ကောင်းကောင်းပေးတဲ့ MFI တွေမှာဆိုရင် သူတို့ဆီကနေ ငွေချေးယူသူထက် သူတို့ဆီမှာ ငွေစုဆောင်းသူတွေ ပိုများနေတာ တွေ့ရပါတယ်။
၉။ မိုက်ခရိုချေးငွေဟာ ဘယ်လိုနေရာမျိုးမှာ အသုံးမဝင်ဘူးလဲ။ မိုက်ခရိုငွေကြေး ဝန်ဆောင်မှုတွေဟာ လူတိုင်းအတွက် အမြဲအသုံးဝင်နေတဲ့ အရာတော့ မဟုတ်ပါဘူး။ စီးပွားရေးအခွင့်အလမ်းတစ်ခု တွေ့ထားပြီး အရင်းအနှီးပြုဖို့ ငွေနည်းနည်းလောက် အလွယ်တကူ ရမယ်ဆိုရင် အဲ့ဒီအခွင့်အလမ်းကနေ အကျိုးအမြတ်ရအောင် လုပ်နိုင်မယ့် လူမျိုးတွေကို သူတို့လုပ်မယ့် စီးပွားရေးအတွက် မိုက်ခရိုငွေကြေးက လိုက်လိုက်လျောလျော ငွေချေးပါလိမ့်မယ်။ ချေးငွေကို ဘယ်လိုပုံစံဖြင့် သုံးသည်ဖြစ်စေ ငွေချေးယူသူက ချေးငွေအား သတ်မှတ်ရက်အတွင်း ပြန်ဆပ်လိုစိတ် နဲ့ ပြန်ဆပ်နိုင်စွမ်း ရှိနေသမျှ ကာလပတ်လုံး MFI များက ရေရှည် ငွေထုတ်ချေးနေပါလိမ့်မယ်။
ကုန်းကောက်စရာ မရှိအောင် မွဲတေနေသူတွေအတွက်တော့ မိုက်ခရိုချေးငွေက သိပ် သင့်လျော်မှုမရှိပါဘူး။ ထိုသူများကိုမူ အစိုးရအထောက်အပံ့လို အရင်းအမြစ်များသုံးပြီး ၄င်းတို့၏ စီးပွားရေးအခြေအနေတစ်ရပ်ကို တိုးတက်အောင် ပထမဆုံး စီမံပေးဖို့လိုပါတယ်။ ဒီလိုလုပ်ရာမှာလည်း တိုက်ရိုက်ထောက်ပံ့ခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပါတယ်။ အဓိက အကြောင်းရင်းကတော့ ထိုပုဂ္ဂိုလ်တို့မှာ ချေးငွေကို ပြန်ဆပ်နိုင်စွမ်း မရှိတတ်ကြလို့ပါ။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ကောင်းကောင်း လည်ပတ်နိုင်မှ ချေးငွေအားပြန်ပေးနိုင်မယ် ဆိုရင် MFI များအတွက်ရော ငွေချေးသူများအတွက်ပါ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရဖွယ် ရှိတယ်။ အစားအသောက်၊ နေထိုင်စရာ နေရာနှင့် အလုပ်အကိုင်လို အခြေခံ လိုအပ်ချက်တွေဟာ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေထက် ပိုအရေးကြီးပြီး အစိုးရ နဲ့ အလှူရှင်ကြီးတွေ အနေနဲ့ ရန်ပုံငွေတည်ထောင်ထည့်ဝင်ပြီး ဖြေရှင်းပေးတာမျိုးက ပိုပြီး သင့်လျော်ပါတယ်။
အစိုးရတွေ ဖွံ့ဖြိုးရေးအေဂျင်စီတွေ အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး နှင့် စစ်မှုထမ်းဟောင်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေးလို လူမှုရေးဆက်နွယ်နေတဲ့ စီးပွားရေး ပြဿနာများကို ဖြေရှင်းဖို့ MFI တွေကို အဖြေတစ်ရပ်အနေနဲ့ အသုံးချတတ်ကြတယ်။ ဒါပေမယ့်လဲ MFI တွေဟာ အဲဒီလို ပြဿနာတွေ အတွက် အကောင်းဆုံးအဖြေတစ်ခု ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ သေချာတာကတော့ MFI တွေအနေနဲ့ ပြဿနာတွေကို တစ်ဦးတည်း ဝင်ရောက် ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ MFI တွေအနေနဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ပြဿနာပြေလည်ဖို့ အရေးကြီးတဲ့ အချက်တွေထဲက တစ်ခုက ငွေချေးသူတစ်ယောက်ရဲ့ ပုံမှန် ငွေပြန်ဆပ်နိုင်စွမ်း ဖြစ်ပါတယ်။
၁၀။ MFI တွေဟာ ဆင်းရဲချို့တဲ့သူတွေဆီက ဘာလို့ အတိုးနှုန်း မြင့်မြင့် ယူရသလဲ။ ချမ်းသာတဲ့ လူတွေပေးရတဲ့ ဘဏ်တိုးထက် ပိုများတဲ့ မိုက်ခရိုချေးငွေအတိုးနှုန်းကြောင့် စိုးရိမ်ပူပန်မှုတွေ မကြာခဏဆိုသလို ကြားရလေ့ရှိတယ်။ အဓိက အကြောင်းအရင်းက ကုန်ကျစရိတ်ကြောင့်ပါ။ ချေးငွေ နည်းနည်းစီနဲ့ အများအပြားကို စီမံရတဲ့ ကုန်ကျစရိတ်က ချေးငွေများများကို တစ်ခါထုတ်ချေးရတာထက် စီမံစရိတ် အများကြီး ပိုကုန်ပါတယ်။ ငွေတစ်သိန်း ထုတ်ချေးတဲ့ ဝန်ထမ်း/အချိန် ကုန်ကျမှုဟာ ငွေ ၁၀၀ ကို အခေါက် ၁၀၀၀ ထုတ်ချေးနေရမှုနဲ့ယှဉ်ရင် အများကြီး သက်သာပါတယ်။ ဒီ့အပြင် မိုက်ခရိုချေးငွေ ဈေးကြီးရတဲ့ အခြားအချက်တွေလည်း ရှိပါသေးတယ်။ လစာရော အပေါင်ပစ္စည်းပါ မရှိဘဲ ငွေချေးလိုသူအတွက် တစ်ယောက်ချင်းစီအတွက် ဘယ်လောက်ထုတ်ချေးသင့်တယ် / ဘယ်လောက် ထုတ်ချေးနိုင်တယ်ဆိုတာကို တွက်ဖို့ ခက်ပါတယ်။ ဒီနေရာမှာ ငွေချေးအရာရှိတစ်ဦးရဲ့ ချေးငွေ တစ်ခုချင်းစီအတွက် စွန့်စားမှုကိန်းညွှန်းကို တွက်ချက်အကဲဖြတ်ရတဲ့ တာဝန်ရှိတယ်။ ဒီ့အပြင် MFI တွေ လုပ်ငန်းလည်ပတ်တဲ့ နေရာတွေဟာ များသောအားဖြင့် လူဦးရေ ကျဲပါးပြီး သွားရေးလာရေး အလှမ်းဝေးတဲ့ ဒေသတွေ ဖြစ်တာကြောင့် ဒီအချက်ကလည်း ချေးငွေ ဈေးကြီးရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ ရိုးရိုးဘဏ်တွေကို အဲဒီလို ဒေသမျိုးမှာ မတွေ့ရတဲ့ အဓိကအကြောင်းကလည်း ဒီအချက်ပဲ ဖြစ်ပါတယ်။။ MFI တစ်ခု ရေရှည် တည်တံ့လည်ပတ်နိုင်ဖို့ ခုနက ပြောတဲ့ ကုန်ကျစရိတ်အားလုံး ကာမိဖို့ အရမ်းအရေးကြီးတာကြောင့် ချေးငွေတွေကို ဈေးတင်ရပါတော့တယ်။
တခါတလေ လုပ်ငန်းလည်ပတ်ပုံ စွမ်းဆောင်ရည်နိမ့်မှုကြောင့်လည်း မလိုလားအပ်ပဲ အတိုးနှုန်းတွေ တက်သွားသည်မျိုးလည်း တွေ့ရတယ်။ မိုက်ခရိုချေးငွေဈေးကွက် အချိန်နှင့်အတူ ရင့်ကျက်လာတာနဲ့အမျှ မန်နေဂျာတို့ရဲ့ အတွေ့အကြုံတွေဟာ စီမံခန့်ခွဲမှုစရိတ်ကို ကျဆင်းစေတာဟာလည်း ဓမ္မတာပဲ ဖြစ်ပါတယ်။ တခြား အခြေအနေတွေမှာတော့ ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် ဈေးနှုန်းကျဆင်းလာပြီး စွမ်းဆောင်ရည်တက်လာတတ်ပြန်ပါတယ်။
၁၁။ MFI များ ရေရှည်တည်တံ့မှုကို ရေရှည်တည်တံ့မှုကို ဘာလို့ အရမ်း အရေးပေးတာလဲ။ 
ဖွံ့ဖြိုးမှု ရှုထောင့်က ကြည့်ရင် ငွေရေးကြေးရေးအားဖြင့် ရေရှည်တည်တံ့မှုအတွက် ငွေချေးသူများလေ ကောင်းလေ ဖြစ်တယ်။ ဒါပေမယ့် MFI တွေက သူတို့ရဲ့ ဝန်ဆောင်ခတွေကို သင့်လျော်အောင် သတ်မှတ်မထားရင် သူတို့ အနေနဲ့ အချိန်ကာလတစ်ခုကြာအောင်ပဲ လည်ပတ်နိုင်လိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် ငွေချေးသူ အရေအတွက် တစ်ခုအထိပဲ ရောက်နိုင်လိမ့်မယ်။ ဒါမှမဟုတ် ငွေချေးလိုသူတို့ရဲ့ ဆန္ဒထက် တခြားပယောဂတွေကို ပိုပြီး ဦးစားပေးမိလိမ့်မယ်။
အလှူရှင်တွေ နဲ့ အစိုးရတွေဟာ ကြီးမားလွန်းတဲ့ မိုက်ခရိုငွေကြေးဝန်ဆောင်မှုရဲ့ ဝယ်လိုအားကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ဖို့ ငွေကြေးအထောက်အပံ့ လုံလုံလောက်လောက် ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ထုတ်ပေးနိုင်ခဲ့သည့်တိုင်အောင် တခြား သုံးစွဲရမယ့် ဖွံ့ဖြိုးရေး စီမံကိန်းတွေ ရှိပါသေးတယ်။ တကယ်တော့ ရေရှည် တည်တံ့နေနိုင်တဲ့ MFI တွေဟာ လုပ်ငန်းချဲ့ထွင် လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ ငွေကြေးအရင်းအမြစ်တွေကို ရရှိအောင် စွမ်းဆောင်နိုင်ကြလေ့ ရှိတယ်။ လက်တွေ့မှာလည်း ငွေချေးသူတွေဟာ ထောက်ပံ့တဲ့သဘော မပါတဲ့ ငွေချေးအဖွဲ့အစည်းတွေဆီကပဲ ပိုပြီး ချေးလိုကြပါတယ်။ ဒါကလည်း သူတို့အနေနဲ့ အနာဂတ်မှာလည်း အဲဒီ အဖွဲ့အစည်းတွေဆီကနေ ငွေ ဆက်လက်ချေးနိုင်လိမ့်ဦးမယ်လို့ ယုံကြည်စိတ်ချနေလို့ပါပဲ။
ငွေရေးကြေးရေးအရ ရှင်သန်နိုင်မှုနဲ့ လုပ်ငန်းချဲ့ထွင်နိုင်မှု (အဆင်းရဲဆုံးသော ဒေသများထံ ရောက်ရှိနိုင်မှု) တို့ဟာ အများတွေးသလို တစ်ခုရွေးမိရင် နောက်တစ်ခု လက်လွှတ်ရမယ့် အရာတွေ မဟုတ်ပါဘူး။ ဒီနေ့ဆိုရင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တော်တော်များများဟာ အရမ်းကို ဆင်းရဲချို့တဲ့သူတွေအတွက်ပါ အဆင့်မြင့် ဝန်ဆောင်မှုတွေ ပေးနေနိုင်ပါပြီ။ အဲဒီလို ဝန်ဆောင်မှုတွေပေးရာမှာလည်း ကုန်ကျစရိတ်ကို ကောင်းကောင်း ကာမိပါတယ်။ အဲဒီထက် တိတိကျကျ ပြောရရင် MFI လုပ်ငန်းတွေရဲ့ အကျိုးအမြတ်ရနိုင်စွမ်းနဲ့ ငွေချေးသူတွေရဲ့ ဆင်းရဲမွဲတေမှုကြားမှာ ကိန်းဂဏန်းများအရ ကောင်းကောင်း သက်သေပြနိုင်တဲ့ ဆက်စပ်မှု လုံးဝမရှိပါဘူး။
၁၂။ မိုက်ခရိုငွေကြေးရပ်ဝန်း ဘယ်လောက် တည်တံ့မလဲ။ အမှန်အတိုင်းဆိုရရင်တော့ MFI တော်တော်များများ ဒီနေ့အထိ အကျိုးအမြတ် ပြန်မရကြသေးပါဘူး။ အထူးသဖြင့် MFI အသေးစားလေးတွေဟာ မေးခွန်း ၁၇ မှာပါတဲ့ အပြည်ပြည်ဆိုင်ရာအချက်အလက်ဌာန ကို သတင်းပို့တာမျိုး မရှိသေးပါဘူး။ အကျိုးအမြတ်ရနေတဲ့ MFIs တွေကို ရေတွက်ခြင်းထက် အဲဒီ MFI တစ်ခုချင်းစီက ဝန်ဆောင်မှုပေးနေတဲ့ ငွေချေးသူအရေအတွက်ကို ခြုံပြီး ခန့်မှန်းတာဟာ အကျိုးအမြတ် ဖြစ်ထွန်းမှုကို တွက်ချက်ဖို့ ပိုပြီး သေချာနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ MIX Database (မေးခွန်း ၁၇ - ရှု) မှာ ရှိတဲ့ ၂၀၀၆ ခုနှစ် မှတ်တမ်းများအရ မိုက်ခရိုငွေချေးသမားတို့ရဲ့ ၄၄ ရာခိုင်နှုန်းခန့်ကို အကျိုးအမြတ်ရနေတဲ့ အဖွဲ့အစည်းတွေက ဝန်ဆောင်မှုပေးနေတာပါ။ တကယ်လို့ NGO တွေ နဲ့ လိုင်စင်ရ ငွေချေးလုပ်ငန်းတွေလို ပုဂ္ဂလိက MFIs များကိုပါ ထည့်သွင်းစဉ်းစားရင် ၆၀ ရာခိုင်နှုန်းထက် ပိုများတဲ့ ငွေချေးသူတွေကို ဝန်ဆောင်မှုပေးနေတဲ့ အဆိုပါ MFI တွေ အကျိုးအမြတ် ဖြစ်ထွန်းနေတာကို တွေ့ရပါလိမ့်မယ်။။ ရေရှည်မှာလည်း ဒီကိန်းဂဏန်းတွေဟာ ဆက်လက်မြင့်တက်သွားဖို့ အလားအလာ ရှိနေပါတယ်။ (မှတ်ချက်။ ။ကိန်းဂဏန်းများအား သေချာဆန်းစစ်ကြည့်လျှင် ဤလုပ်ငန်း၏သဘောသဘာဝအရ ပုဂ္ဂလိကဝန်ဆောင်မှုမှာ အစိုးရဝန်ဆောင်မှုထက် ပိုမိုအားကောင်းဟန် ရှိသည်။)
MFI တွေ ဘဏ်တွေလောက် အကျိုးအမြတ်ရသလား။ လုပ်ငန်းလည်ပတ်မှုပမာဏနှင့် အကျိုးအမြတ် ယှဉ်ကြည့်ရင် MFI တွေဟာ ၎င်းတို့တည်ရှိနေတဲ့ နိုင်ငံတွေမှာရှိတဲ့ ရိုးရိုးဘဏ်တွေထက် ယေဘုယျအားဖြင့် ပိုပြီး အကျိုးအမြတ်ရတာကို တွေ့ရတယ်။ ဒါပေမယ့် အဲဒီလို ဆိုရုံမျှနဲ့တော့ MFI တွေဟာ ဘဏ်တွေထက် ပိုကောင်းတဲ့ စီးပွားရေးလို့ အလွယ်တကူ ကောက်ချက်ချဖို့ မလွယ်ပါဘူး။ မိုက်ခရိုငွေကြေးလောကဟာ အခုအချိန်အထိ နိုင်ငံတော်တော်များများမှာ ကောင်းကောင်း မဖွံ့ဖြိုးသေးပါဘူး။ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ အကျိုးအမြတ်ကလည်း ကောင်းကောင်း အသားမကျသေးပါဘူး။ ရှယ်ယာဝင်များက ထည့်ဝင်မြှုပ်နှံတဲ့ ငွေရင်းနဲ့ အကျိုးအမြတ် ယှဉ်ကြည့်ရင်တော့ ဘဏ်တွေက ပိုပြီး အကျိုးအမြတ်ရှိတဲ့ အလုပ်လို့ ဆိုရပေလိမ့်မယ်။ ဒီလို ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကလည်း MFI တွေဟာ ဘဏ်တွေလို မိမိလုပ်ငန်းကို အများပိုင်ငွေနှင့် ချေးငှားလည်ပတ်တာမျိုး မလုပ်ကြသေးလို့ဘဲ ဖြစ်ပါတယ်။ MFI တွေဟာ လုပ်ငန်းအတွက် ငွေစုသူတွေရဲ့ ထည့်ဝင်ငွေထက် မိမိကိုယ်ပိုင်ငွေကြေးနဲ့ လည်ပတ်နေတာက များပါတယ်။ ဘာပဲပြောပြော ကောင်းကောင်း စီမံကွပ်ကဲနိုင်ရင် မိုက်ခရိုငွေကြေးလုပ်ငန်းဟာလည်း အဓိက ငွေကြေးလုပ်ငန်းရပ်ဝန်း တစ်ခုအနေနဲ့ သိက္ခာရှိရှိ ရပ်တည်နိုင်လောက်အောင် အကျိုးအမြတ် ကောင်းကောင်း ဖြစ်ထွန်းနိုင်တာကို သက်သေပြပြီးပါပြီ။
၁၃။ အစိုးရများအနေနဲ့ မိုက်ခရိုချေးငွေလုပ်ငန်း ကောင်းကောင်း လည်ပတ်နိုင်အောင် စွမ်းဆောင်နိုင်သလား။ အစိုးရကိုယ်တိုင် လည်ပတ်တဲ့ မိုက်ခရိုချေးငွေလုပ်ငန်းတွေထဲမှာ တော်တော်လေး အောင်မြင်တဲ့ ဥပမာတွေလည်း ရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ရှိတဲ့ Bank Rakyat Indonesia ရဲ့ မိုက်ခရိုငွေကြေးဌာနပါ။ ဒါပေမယ့်လည်း အစိုးရ မိုက်ခရိုငွေကြေးအစီအစဉ် တော်တော်များများကတော့ အားရစရာ မကောင်းလှပါဘူး။ အဲဒီလို အစိုးရစီမံကိန်းတွေကို အနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေထဲမှာ နိုင်ငံရေးလွှမ်းမိုးမှု၊ အတိုးနှုန်းသတ်မှတ်ချက် မြင့်မားမှု၊ အစိုးရ ဘဏ္ဍာတိုက်ကနေ မပြတ်ထုတ်ယူ သုံးစွဲနေမှု နဲ့ တခါတရံ ငွေချေးယူသူရဲ့ အမှန်တကယ် အရည်အချင်းထက် ၎င်းရဲ့ လွှမ်းမိုးမှုကို အခြေခံပြီး

ငွေထုတ်ချေးနေမှု (လာဘ်လာဘ နှင့် မျက်နှာသိများအား ဦးစားပေးခြင်း) တွေ ပါဝင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ database ကို သတင်းပို့တဲ့ အစိုးရ အစီအစဉ်တွေအနက် ငွေချေးယူသူရဲ့ ၈ ပုံ ၁ ပုံကိုပဲ ရေရှည်မှာ ဝန်ဆောင်မှု ပေးနိုင်ပါတယ်။ အမှန်တော့ ငွေချေးသူတစ်ယောက်ချင်းစီကို စီစစ်ပြီး ပြန်ဆပ်ဖို့ သေချာသူကိုမှ ထုတ်ချေးမယ်ဆိုတဲ့မူနဲ့ ကုန်ကျစရိတ် ကာမိအောင် အတိုးနှုန်း မြှင့်တင်မယ်ဆိုတဲ့ မူတွေဟာ အစိုးရဌာနတစ်ခုအနေနဲ့ ဆောင်ရွက်ဖို့ လက်ဝင်လှပါတယ်။ (အစိုးရဌာနတွေဟာ မူဘောင်အတွင်းကနေ စာအုပ်ကြီးအတိုင်း သွားရတာမျိုးပါ။)နောက်ပြီး ငွေပြန်ဆပ်ဖို့ နောက်ကျနေသူတွေကို တွန်းတွန်းတိုက်တိုက် လုပ်ဖို့ကလည်း အစိုးရဌာနတစ်ခုအနေနဲ့ လုပ်ရကိုင်ရ ခက်ခဲပါတယ်။ ဒါကြောင့်လည်း အစိုးရဦးစီးတဲ့ MFI တွေဟာ နိုင်ငံရေးနဲ့ ကင်းကင်းနေပြီး နိုင်ငံရေးသမားတွေ အစား ပညာရှင်တွေကသာ ဦးစီးလေ့ရှိပါတယ်။ အဆိုပါပညာရှင်တွေကလည်း ရေရှည်တည်တံ့မှုကိုသာ အထူး အလေးပေး လုပ်ဆောင်လေ့ရှိပါတယ်။
အစိုးရဦးစီးတဲ့ MFI ဝန်ဆောင်မှုတွေအနက် ငွေချေးလုပ်ငန်းဟာ လုပ်ကိုင်ရ အခက်ခဲဆုံးအပိုင်း ဆိုတာလည်း မှတ်သားသင့်ပါတယ်။ အဲဒါကလည်း မြင်သာပါတယ်။ အစိုးရငွေစုဘဏ် ကောင်းကောင်းတစ်ခု တွေ့ရဖို့ အင်မတန် လွယ်ပါတယ်။ ဒါပေမယ့် အစိုးရလက်လီငွေချေး အစီအစဉ်ကောင်းကောင်း တစ်ခုကတော့ အင်မတန်မှ ရှားပါတယ်။
၁၄။ မိုက်ခရိုငွေကြေးလုပ်ငန်းကို အစိုးရက ဘယ်လို ထောက်ပံ့ပေးနိုင်သလဲ။ မေးခွန်း ၁၃ မှာ ဖော်ပြခဲ့တဲ့ အကြောင်းပြချက်တွေကြောင့် အစိုးရအနေနဲ့ လက်လီငွေချေးဝန်ဆောင်မှုကို တိုက်ရိုက်ပေးဖို့ မသင့်လျော်ပါဘူး။ အစိုးရအနေနဲ့ အကူအညီပေးချင်ရင်-
(က) အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် ရေရှည်တည်တံ့ပြီး ငွေကြေးဖောင်းပွမှုနှုန်း တည်ငြိမ်စေမယ့် မူဝါဒတွေ ချပေးဖို့ လိုပါတယ်။
(ခ) အမြင့်ဆုံး ရှိရမယ့် အတိုးနှုန်း သတ်မှတ်ခြင်းမျိုးကို ရှောင်ရှားသင့်ပါတယ်။ အဲဒီလို သတ်မှတ်လိုက်ခြင်းကြောင့် အထက်မှာ ဖော်ပြခဲ့သလို ရေရှည်တည်တံ့နိုင်မှုကို စိန်ခေါ်နိုင်တဲ့ စီမံခန့်ခွဲမှုကုန်ကျစရိတ်ကို ကာမိအောင် သတ်မှတ်ရမယ့် အတိုးနှုန်းကို မသတ်မှတ်နိုင်တာမျိုး ရှိတတ်ပါတယ်။ များသောအားဖြင့် အဲဒီလို အတိုးနှုန်း သတ်မှတ်ချက်က ဆင်းရဲသူလူတန်းစားကို ကာကွယ်ပေးဖို့အတွက် ဖြစ်ပေမယ့် တချိန်တည်းမှာ ချေးငွေ စီးဆင်းမှုကို ရပ်တန့်စေနိုင်ပါတယ်။
(ဂ) နိုင်ငံအတွင်း မိုက်ခရိုချေးငွေ ဖြန့်ဖြူးမှု တည်ငြိမ်လာတာနှင့်အမျှ MFI များမှ ငွေစုလုပ်ငန်းဝန်ဆောင်မှုပါ တပါးတည်း ပေးနိုင်ဖို့ ဘဏ်လုပ်ထုံးလုပ်နည်းများကို အစိုးရကနေ အခြေအနေပေါ်မူတည်ပြီး ပြန်ညှိနှိုင်း ပြင်ဆင်သင့်ပါတယ်။
(ဃ) နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်း ထားနိုင်မယ်ဆိုရင် အစိုးရအနေနဲ့ MFI များအား ထောက်ပံ့ပေးနိုင်ရန် ရန်ပုံငွေတရပ် တည်ထောင်ထားသင့်ပါတယ်။ ဒါ့အပြင် ၎င်းရန်ပုံငွေအား စိတ်ချရသည့် MFI များ၏ လက်ထဲသို့သာ ဖြန့်ဝေပေးနိုင်ရန်အတွက် ကျွမ်းကျင်သူပညာရှင်အဖွဲ့တစ်ခု ငှားရမ်းပြီး ရန်ပုံငွေကို စွမ်းဆောင်ရည်ရှိရှိ ထိန်းသိမ်းသင့်ပါတယ်။
၁၅။ ငွေစုလုပ်ငန်းက ဆင်းရဲသူလူတန်းစားကို ဘယ်လို အကျိုးပြုနိုင်သလဲ။ 
ငွေစုခြင်းကို "မိုက်ခရိုငွေကြေး၏ အမေ့လျော့ခံ ဒုတိယအခြမ်း" လို့ သမုတ်ကြပါတယ်။ ဘဏ်ကြီးတွေမှာ ငွေစုဆောင်းဖို့ အခက်အခဲရှိတာကြောင့် ဆင်းရဲချို့တဲ့သူ အများစုဟာ ကိုယ်ပိုင်နည်းလမ်းလေးတွေနဲ့ ဖြစ်သလို ငွေစုကြပါတယ်။ အိပ်ရာအောက်ထဲ ထိုးထည့်ထားရင်လည်း ထားပါလိ့မ်မယ်။ ဒါမှမဟုတ် နောက်တစ်ချိန် ပြန်ရောင်းနိုင်မယ့် တိရစ္ဆာန်နဲ့ လက်ဝတ်ရတနာတွေ ဝယ်တာမျိုးလည်း လုပ်ကြပါတယ်။ ဒါမှမဟုတ် အိမ်ဆောက်ပစ္စည်းလို ကုန်ကြမ်းတွေ ဝယ်ယူ သိုလှောင်တာမျိုး လုပ်ကြပါတယ်။ အဲ့ဒီ ငွေစုဆောင်းပုံမျိုးဟာ အန္တရာယ် များပါတယ်။ ငွေဆိုတာမျိုးဟာ အခိုးခံရနိုင်ပါတယ်။ တိရစ္ဆာန် ဆိုတာမျိုးဟာလည်း ဖျားတာ နာတာမျိုး ရှိတတ်ပါတယ်။ ကုန်ပစ္စည်းကျပြန်တော့လည်း အိမ်နီးနားချင်းတွေ အလစ်သုတ်ပြေးတာမျိုး ဖြစ်နိုင်ပါတယ်။ အဓိက အကြောင်းကတော့ အဲဒီလိုပစ္စည်းတွေကနေ ငွေဖော်ဖို့ ခက်တာပါပဲ။ ငွေပမာဏနည်းနည်းပဲလိုလို့ ဆိုပြီး နွားတစ်ကောင်ရဲ့ ခြေထောက် ဖြတ်ရောင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ငွေနည်းနည်းစီ စုတာကို လက်ခံပြီး အချိန်မရွေး ချောချောမွေ့မွေ့ ပြန်လည် ထုတ်ယူသုံးစွဲနိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ ငွေစုဆောင်းခြင်း ဝန်ဆောင်မှုကို ဆင်းရဲချို့တဲ့သူတွေ လိုချင်ကြပါတယ်။ ငွေစုဆောင်းတဲ့ ဝန်ဆောင်မှုသာ ကောင်းကောင်းပေးရင် MFI တွေမှာ ငွေချေးသူထက် ငွေစုဆောင်းသူတွေ ပိုများနေတာ တွေ့ရပါတယ်။
၁၆။ ဆင်းရဲချို့တဲ့သူတွေအနေနဲ့ အမြတ်ကြီးစား ကြွေးမြီရှင်တွေရဲ့ စနက်ထဲ မကျရောက်ရအောင် MFI တွေ ဘာလုပ်နေကြသလဲ။ နိုင်ငံတော်တော်များများဟာ မတရားလွန်းတဲ့ အတိုးနှုန်းတွေ၊ မသင့်လျော်လွန်းတဲ့ ငွေချေးမှုအလေ့အထတွေနဲ့ ဆင်းရဲသားတွေရဲ့ အကြွေးနွံနစ်နေမှုတွေအတွက် စိုးရိမ်ကြောင့်ကြ နေကြရတယ်။ (မြန်မာနိုင်ငံရဲ့ ဈေးတွေမှာ ရှိတတ်တဲ့ နေ့ပြန်တိုးတွေကို ရည်ညွှန်းပါတယ်။ အတိုးနှုန်း ၁၀ ရာခိုင်နှုန်းနဲ့ တစ်ရက်ပေါ်မှာ အတိုးတက်ခြင်းဟာ အတိုးနွံနစ်သွားဖို့ အင်မတန်ကောင်းတဲ့ အခွင့်အလမ်းတစ်ခုပါ။) မိုက်ခရိုရပ်ဝန်းနယ်ပယ်ထဲက ထိပ်ပိုင်းလုပ်ငန်းရှင်အချို့က ငွေချေးသူတွေကို ကာကွယ်ရေး အစီအမံတွေကို စတင်စမ်းသပ်နေပါတယ်။ အဲဒီ အစီအမံတွေထဲမှာ ငွေချေးယူခြင်း အလေ့အထဆိုင်ရာ စည်းကမ်းချက်နဲ့ တားမြစ်ချက်တွေ၊ အချင်းများမှု ပေါ်လာတဲ့အခါ ဖြေရှင်းရမယ့် နည်းလမ်းပုံစံတွေနဲ့ ငွေချေးသူတွေကို ပညာပေးရေးတို့ ပါဝင်ပါတယ်။
The ACCION International/ Microfinance Nework "Pro-Consumer Pledge"၊ FINCA ရဲ့ "Consumer-Oriented Ethical Statement" နဲ့ Freedom from Hunger မှာ ထုတ်ဝေတဲ့ "Statement on Ethical Treatment of Clients" တွေဟာ ငွေချေးသူတွေကို အသားပေး ရေးဆွဲပြဌာန်းပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပါ။ The SEEP Network နဲ့ Pro-Client Working Group တို့ဟာလည်း အလားတူ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေပါပဲ။
ဝယ်ယူသူအား တလွဲအသုံးချမှု ပြဿနာ မရှိသေးတဲ့ နိုင်ငံတွေမှာတောင် ဝယ်ယူသူအား အကာအကွယ်ပေးခြင်းဆိုင်ရာ လုပ်နည်းလုပ်ဟန်တွေကို ကြိုတင် သတ်မှတ် ပြဌာန်းပေးခြင်းအားဖြင့် အနာဂတ်မှာ မဖြစ်မနေ ဟန့်တားရမယ့် အနေအထားတစ်ခုကို လျှော့ချနိုင်တယ်။ MFI တော်တော်များများဟာလည်း ဝယ်ယူသူကို ဦးစားပေးတဲ့ အကာအကွယ်ပေးမှုတွေကို လက်ခံ ကျင့်သုံးလာကြတယ်။ ဥပမာဆိုရရင် ဘော့စနီးယားနိုင်ငံက Prizma အမည်ရ MFI တစ်ခုဟာ Freedom from Hunger အဖွဲ့ရဲ့ အကူအညီနဲ့ "ဝယ်ယူသူများအတွက် ကျွန်တော်တို့၏ ရည်စူးချက်" ဆိုတဲ့ စာတမ်းကို ရေးဆွဲခဲ့တယ်။
ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း CGAP ရဲ့ "ဝယ်သူသူများအား အကာအကွယ်ပေးရန် ရင်းနှီးမြှုပ်နှံသူများ၏ ဦးဆောင်ဦးရွက်ပြုမှု" သဘောတူညီချက်ကို လက်မှတ် ရေးထိုးဖို့ စီစဉ်နေကြပါတယ်။ မိုက်ခရိုငွေကြေးရပ်ဝန်းဟာ အခုဆိုရင် အကာအကွယ်ပေးခြင်း နဲ့ မြင်သာထင်သာရှိမှုတို့ အပြင် ဝယ်ယူသူတို့ မျှော်လင့်မထားတဲ့ ဖြစ်ကောင်းဖြစ်လာနိုင်တဲ့ အနှုတ်သဘောဆောင် အကျိုးဆက်တွေကိုပါ ပိုပြီး အလေးပေးလာကြတာကို တွေ့ရပါတယ်။
၁၇။ လူမှုစွမ်းဆောင်ရည်ကိန်းညွှန်း ဆိုတာဘာလဲ။ ဘာလို့ အဲ့ဒီကိန်းညွှန်းက စီးပွားရေးအဖွဲ့အစည်းတွေမှာ အရေးကြီးတာလဲ။ 
Social Performance Task Force အဖွဲ့အစည်းရဲ့ အလိုအရ လူမှုစွမ်းဆောင်ရည် ဆိုတာဟာ ဆင်းရဲချို့တဲ့သူတွေ နဲ့ ဖယ်ကြဉ်ခြင်းခံထားရသူတွေကို သူတို့လက်ခံထားတဲ့ လူမှုတန်ဖိုးတွေကို သွေဖည်ခြင်း မရှိဘဲ ငွေကြေးအဖွဲ့အစည်းတစ်ခုက ၎င်းရဲ့ လူမှုရေး ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်မှုကို ဆိုလိုတာပါ။ အဲဒီလို လုပ်ဆောင်ခြင်းဖြင့် ငွေကြေးဝန်ဆောင်မှုတွေကိုယ်တိုင် အရည်အသွေးမြင့်တက်လာဖို့ လိုပါတယ်။ ငွေချေးသူတွေလည်း အကျိုးကျေးဇူးရှိရပါမယ်။ နောက်ပြီး MFI တစ်ခုရဲ့ လူမှုရေး တာဝန် တစ်ခုကိုလည်း ကျေပြွန်စေရပါမယ်။
MFI တော်တော်များများမှာ ၎င်းတို့ရဲ့ စီးပွားရေးပန်းတိုင်ထက် ပိုပြီး အခြေခံမကျရင်တောင် တန်းတူထားတဲ့ လူမှုရေး ပန်းတိုင်တစ်ခု ရှိတတ်ကြပါတယ်။ “အဖွဲ့အစည်းတွေဟာ သူတို့ ယုံကြည်ရာကိုပဲ စီမံတတ်ကြတယ်” ဆိုတဲ့ စကားရပ်ဟာ သွေးထွက်အောင်မှန်ပါတယ်။ လူမှုစွမ်းဆောင်ရည်ကိန်းညွှန်းဟာ MFI တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို သူတို့ချမှတ်ထားတဲ့ လူမှုရေးပန်းတိုင်တွေကနေ ဝေဝါးသွေဖည်မသွားရအောင် အကူအညီ ပေးပါတယ်။ အဲဒီအပြင် ပန်းတိုင်ရောက်အောင် ကြိုးစားအားထုတ်မှုကိုလည်း ဝေဖန်စိစစ်ပေးပါတယ်။ တကယ်တော့ လူမှုရေးကိန်းညွှန်းတွေဟာ စီးပွားရေးကိန်းညွှန်းတွေထက် အသုံးချရ ခက်ခဲပြီး အသုံးလည်း နည်းပါတယ်။ ဒါပေမယ့် MFI တွေအနေနဲ့ စီးပွားရေးစွမ်းဆောင်ရည် အားကောင်းရုံနဲ့ ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှု ရရှိဖို့ မသေချာဘူးဆိုတာကို MFI တွေ ကိုယ်တိုင်လည်း သတိပြုမိလာကြပါတယ်။ ဒါကြောင့်လည်း ဒီ လူမှုရေးကိန်းညွှန်းတွေကိုပါ ပိုပြီး အသုံးချလာခြင်း ဖြစ်ပါတယ်။
၁၈။ ကမ္ဘာတစ်ဝှမ်းက MFI တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်မှာ ရှာလို့ ရမလဲ။ မကြာသေးခင် နှစ်များအတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံများမှ MFI များက ပါ ၎င်းတို့ရဲ့ လုပ်ငန်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ database များဆီ သတင်း ပေးပို့လာကြပါတယ်။ အထင်ရှားဆုံး database ကတော့ The MIX Market (MM) database ဖြစ်ပြီး Microfinance Information eXchange (MIX) က ကောက်ယူထားတဲ့ MFI ၁၃၀၀ ကျော်ဆီက လုပ်ငန်းအချက်အလက်တွေကို သိုမှီးထားပါတယ်။ အချက်အလက်အားဖြင့် ဆိုရလျှင် ငွေချေးသူဆီသို့ လက်လှမ်းမီမှု ကိန်းညွှန်း၊ ငွေရေးကြေးရေး စာရွက်စာတမ်းများ နှင့် စီးပွားရေးစွမ်းဆောင်မှု ကိန်းညွှန်းများကို
www.mixmarket.org တွင် မည်သူမဆို လေ့လာဖတ်ရှုနိုင်ပါတယ်။
The MicroBanking Bulletin (MBB) database မှာမူ MFI တချို့ဆီကပဲ သတင်းအချက်အလက်တွေ ရယူထားသော်လည်း ရရှိထားတဲ့ သတင်းအချက်အလက်တွေဟာ ပိုပြီး ပြည့်စုံတိကျပါတယ်။ MFI ၃၅၀ ကျော်ဆီကနေ အချက်အလက်တွေ ကောက်ယူထားပြီး အဖွဲ့ခွဲအလိုက် ပျမ်းမျှ ကိန်းညွှန်းတွေကိုပါ အချိန်နှင့် တပြေးညီ
www.mixmbb.org/en/index.html စာမျက်နှာမှာ ပုံမှန် သတင်းတင်ပေးနေပါတယ်။ ဒါပေမယ့် ကုမ္ပဏီတစ်ခုစီရဲ့ အချက်အလက်တွေကိုတော့ လျှို့ဝှက်ထားရှိပါတယ်။ MBB ဟာ စီးပွားရေးဆိုင်ရာ အချက်အလက်နဲ့ ကိန်းညွှန်းတွေကို အတတ်နိုင်ဆုံး ပြည့်ပြည်စုံစုံ ကောက်ယူထားရှိပြီး MFI များ အသားကျလာတာနှင့်အမျှ ဆက်လက်ရရှိဖို့ မလွယ်ကူတော့တဲ့ အထောက်အပံ့တွေရဲ့ အကျိုးသက်ရောက်မှုကိုပါ ၎င်းရရှိထားတဲ့ စီးပွားရေးစာရွက်စာတမ်းတွေမှာ ထည့်သွင်းတွက်ချက်လေ့ ရှိတယ်။
The Microcredit Summit (MCS) database မှာတော့ MFI ၂၀၀၀ ကျော်ထံမှ သတင်းအချက်အလက် အနည်းငယ်သာ စုစည်းထားတာ ဖြစ်တယ်။ အချက်အလက် အကျဉ်းချုပ်ကို နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်ပြီး နှစ်စဉ်အစီရင်ခံစာတွေကို
www.microcreditsummit.org မှာ ရှာဖွေ ရရှိနိုင်ပါတယ်။
Microfinance နဲ့ မြန်မာနိုင်ငံ