Home ၀တ္ထုတိုများ ကဗျာတစ်ပုဒ်၏ နိဂုံး
20 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့1122
mod_vvisit_counterမနေ့က1451
mod_vvisit_counterတစ်ပတ်အတွင်း2573
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း4091
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2884498
Join us in Facebook
Facebook Fanbox 1.5.x.0
ကဗျာတစ်ပုဒ်၏ နိဂုံး

Views : 2879    

Favoured : 97

Share

ကဗျာတစ်ပုဒ်၏ နိဂုံး
အိမ့်ချမ်းမြေ့


အလှပြင်ဆိုင်အတွင်းမှာ ငြိမ့်ညောင်းသော ကော်ပီတေးသံက လွင့်ပျံ့နေသည်။ အနောက်တိုင်းတေးသွားမှာ အရှေ့တိုင်းစာသားများ ထည့်ပြီး ဆိုနေဟန်က ချောကလက်ရည် လောင်းချခံထားရသော တယောတစ်လက်၏ ငိုညည်းသံလိုလို။ ဟောလီးဝုဒ် မင်းသား၊ မင်းသမီးများ၏ လောလောလတ်လတ် အဖြစ်များကို ဓာတ်ပုံနှင့် ဝေေ၀ဆာဆာ ရေးထားသော ‘trash’ဟု လူအများ ခေါ်လေ့ခေါ်ထရှိသော မဂ္ဂဇင်းတစ်စောင်ကို စိတ်မပါဘဲ ဟိုလှန်သည်လှန် ကြည့်ရင်း ကိုယ့်အလှည့်ကို စောင့်နေသည်။ အလှပြင်ဆိုင် အပြင်ဘက်မှာ ရပ်ထားသော ကားများက လူတစ်ရပ်ခွဲစာ မြင့်မားသော၊ ပြောင်လက်တောက်ပသော၊ မှန်နက်ကြီးများ တပ်ဆင်ထားသော၊ ဘီးဖုံးတစ်ခုကပင်လျှင် ကိုယ့်ကား တစ်စင်းစာလောက် တန်ဖိုးရှိသော ကားကြီးများ။ ထိုကားများကို ငေးမောနေစဉ် လေးဘီးယက်မောင်း အက်စ်ယူဗွီ (SUV-Sports Utility Vehicle)ကြီးတစ်စင်းက အရှိန်ပြင်းပြင်း ထိုးရပ်လိုက်သည်။ ကားရှေ့ခန်းက တံခါးတစ်ချပ် ပွင့်လာသည်။ ရုပ်ရှင်တွေထဲကအတိုင်း လှပသော ခြေတစ်ဖက် ကျလာသည်။ ခြေတစ်ဖက်သာ ကျလာသော်လည်း တစ်ကိုယ်လုံးကို ကြိုတင် ခန့်မှန်းနေနိုင်သည်။

ဖြူဖွေးသော ခြေဆစ်အထက်မှာ ရွှေရောင်ကြိုးသေးသေးလေး ရှိလိမ့်မည်။ အနက်ခံပေါ်မှာ ရောင်စုံအပွင့်ကြီးကြီးရိုက် ကိုယ်ကြပ်ဘောင်းဘီကို ၀တ်ဆင်ထားမည်။ အပျိုစင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ထိုသို့သော သူတစ်ယောက်ထက်ပင် ပြားချပ်နေသော ဗိုက်သားများကို မသိမသာ ဖော်ထားမည်။ ခွဲစိတ်ပြုပြင်ထားသော ဆီလီကွန်ရင်သားတုများကို မြင်သာစေသော၊ ပန်းရောင်သို့မဟုတ် အပြာနုပြောင် ကိုယ်ကြပ်ကြိုးတစ်ချောင်းအင်္ကျီကို ၀တ်ဆင်ထားမည်။ လည်ပင်းမှာ ခပ်သေးသေး ရွှေကြိုးမျှင် သုံးလေးကုံးခန့် ဆွဲထားမည်။ ကိုင်းပေါ်မှာ ရွှေရောင်စာလုံးကြီးကြီးဖြင့် ဂျီစီဟု ထွင်းထားသော နေကာမျက်မှန် ခပ်ကြီးကြီးတစ်လက်ကို ၀တ်ဆင်ထားမည်။ ထို့နောက် ကယ်မီကယ်လ်တွေဖြင့် အရောင်ချွတ်ထားခြင်းခံရသော ဆံပင်တွေက လေမှာဝဲနေမည်။ သည်လို ဒေါ်လာထောင်ချီသော တစ်ကိုယ်လုံးကို ထောက်မထားသည်ကတော့ ချွန်မြနေသည့် သုံးလက်မခန့် မြင့်နိုင်သော ကြိုးသိုင်း ဒေါက်မြင့်ဖိနပ်တစ်ရံ။

ကားတံခါးကို ခပ်ပြင်းပြင်း ပိတ်လိုက်သံအဆုံးမှာ ထင်ထားသည့်ပုံစံအတိုင်း မလွဲသော သူမက ဆိုင်တံခါးကို ခပ်ကြမ်းကြမ်း တွန်းဖွင့်ပြီး အတွင်းသို့ ဟန်ပါပါ ၀င်လာသည်။ တံခါးထိပ်မှာ တပ်ထားသော ခေါင်းလောင်းလေးများက အထိန်းကွပ်မဲ့စွာ ခါယမ်းပြီး ဆူညံသွားသည်။ ဆိုင်တွင်းက မိန်းကလေး တစ်ယောက်က သူမထံသို့ လျှောက်သွားသည်။ သူမနှင့် အပြန်အလှန် စကားပြောကြသည်။ သူတို့ ပြောနေကြသော စကားများကို ကျွန်မ နားမလည်။ ဆိုင်တွင်းမှာရှိနေသော အလှပြင်ပေးသော မိန်းကလေးအများစုကလည်း ၀င်လာသော သူမနှင့် ညီအစ်မများဟု ဆိုနိုင်လောက်အောင် အ၀တ်အစား၊ ကိုယ်လုံးကိုယ်ထည်၊ အပြင်အဆင်တွေက ထူးမခြားနား။ သူတို့အသိုင်းအ၀ိုင်းမှာ တော်တော်များများက သူမကဲ့သို့ပင် ဘောင်းဘီ ကိုယ်ကြပ်များနှင့် ဆီလီကွန် အသားပေး အကျီင်္ ကိုယ်ကြပ်များကို ၀တ်ဆင်တတ်ကြပြီး၊ လေးဘီးယက် အက်စ်ယူဗွီများကို မောင်းနှင်တတ်ကြသည်။ ဒီအလှပြင်ဆိုင် အတွင်းမှာ အလှပြင်ပေးသော မိန်းကလေးအများစုက သူမလို ဗီယက်နမ်နွယ်ဖွားတွေနှင့် ဗီယက်နမ်မွေး တရုတ်အမျိုးသမီးလေးများ ဖြစ်တတ်ကြပြီး လူနည်းစုကတော့ အဖြူမိန်းကလေးအချို့ ဖြစ်ကြသည်။

“လာလို့ရပြီ”

ကျွန်မ၏ဆံပင်ကို ကိုင်တွယ်နေကျ လစ်ဇ်က ပြုံးပြုံးလေး လှမ်းခေါ်လိုက်လို့ ‘trash’ မဂ္ဂဇင်းကို စားပွဲပေါ်ချကာ၊ အဆင်သင့်ဖြစ်နေသော ဆုံလည်ခုံနက်ရှိရာသို့ လျှောက်လာခဲ့သည်။ ကောင်တာနားမှ လှည့်ထွက်လာသော သူမ၏မျက်လုံးများနှင့် ဆုံလိုက်ရသည်။ သေးမျှင်လွန်းသော မျက်ခုံးမွှေးတို့ ၀ိုင်းရံထားသော၊ စိမ်းပြာရောင် မျက်ကပ်မှန်တပ် မျက်လုံးများနှင့် ဆုံလိုက်ရသည်။ သူမဘေးမှ ဖြတ်လျှောက်တော့ Oscar de la Renta ရေမွှေးနံ့ကို ရလိုက်သည်။ ဆုံလည်ခုံပေါ်မှာ ထိုင်လိုက်စဉ် ဆိုင်ပြင်ဖက်သို့ ထွက်သွားသော ဒေါက်မြင့်သံကိုကြားလိုက်သည်။

“အရင်ပုံပဲလား”

“ဟုတ်တယ်လစ်ဇ်၊ ဒီတစ်ခါ လက်ငါးလုံးလောက် ဖြတ်ချလိုက်ပါ”

စကားအဆုံးမှာ လစ်ဇ်က ကျွန်မ၏ ဆံပင်များကို ရေဗူးထဲကရေများဖြင့် ဖျန်းလိုက်သည်။

“ခုနက လာသွားတဲ့တစ်ယောက်လေ၊ ငါနဲ့သူနဲ့က ဟိုးရွာမှာတုန်းကတည်းက အတူတူပဲ။ အရင်က သိပ်ဆင်းရဲတာ။ ကုန်းကောက်စရာ မရှိဘူးလို့တောင် ပြောလို့ရတယ်။ ပညာလည်း ကောင်းကောင်း မတတ်ပေမယ့် အခုတော့ အရမ်းကောင်းစားနေပြီလေ။ သူ့နာမည်က သီ တဲ့။ ကဗျာလို့ အမည်ရတယ်။ ငယ်ငယ်ကလည်း ကဗျာလေးတစ်ပုဒ်လို လှတယ်။”

တစ်ဖက်ခုံမှာ ထိုင်နေသော မိန်းမတစ်ဦးကို ဆံပင်ဆေးဆိုးပေးနေသည့် ဗီယက်နမ်မလေးက လစ်ဇ်ကို စကားတွေ လှမ်းပြောနေသည်။

*****************

ထိုနေ့က ခမောနှင့် မွီးခမော မြို့နှစ်မြို့ကြားမှ ရေလက်ကြားကို ဖြတ်တိုက်လာသောလေက မြို့နှင့်မနီးမဝေး တံငါရွာလေးအထိ ဝေ့၀ဲတိုက်ခတ်သွားသည်။ လေထဲမှာ ငါးခြောက်နံ့၊ ဒိုက်နံ့များ ပျံ့လွင့်နေသည်။ ခနော်ခနဲ့ ၀ါးကြမ်းပြင်ထက်က သစ်တုံးသစ်စများဖြင့် ဖိုထားသော မီးဖိုပေါ်က ထမင်းအိုးကို မွှေနေရင်း၊ ဇလုံထဲက ပြည်ကြီးငါးများကို အုံနေသော ယင်ကောင်များကို လည်ပင်းမှာပတ်ထားသော တဘက်နှင့် ယမ်းလိုက်သည်။ ပြည်ကြီးငါးတွေထဲက မလတ်ဆတ်တော့သော ငါးတစ်ကောင်ကို လက်နှင့်ကောက်ကာ အိမ်နောက်ဖေးပေါက်မှတဆင့် ရေထဲသို့ ပစ်ချလိုက်သည်။ အိမ်ရှေ့ဖက်ခြမ်းက မြေပြင်ပေါ်မှာရှိပြီး နောက်ဖက်အခြမ်းက ရေလက်ကြားပေါ်မှာ တည်ရှိသော တဲသာသာ၊ ဓနိမိုး၊ ထရံကာ အိမ်နောက်ဖက်အဖီမှ လေတိုက်တိုင်း အသံမြည်နေသည့် အပြာရောင်မိုးကာဖျင်က မဲညစ်လွန်း၍ မီးခိုးရောင်ပင် သန်းချင်နေသည်။ ၀ါးကြမ်းပြင်ကြားမှ အောက်သို့ ငုံ့ကြည့်လျှင် တသွင်သွင် စီးနေသော ညိုပုပ်ပုပ်ရေများကို မြင်နေရသည်။

အိမ်ရှေ့ခန်းမှ အမေနှင့်ဦးလေးတို့ စကားပြောသံက တချက်တချက် ပျံ့လွင့်လာသည်။

“ငါနဲ့ ဆိုင်ဂုံကိုထည့်လိုက်စမ်းပါ အစ်မရယ်။ နင့်သမီးက ရုပ်ရည်လဲရှိတယ်။ ငါ့ထမင်းဆိုင်မှာ ငွေကိုင်အနေနဲ့ထားပေးမယ်။ ငါလည်း အကူလိုတယ်။ နင်လဲ ငွေပိုငွေလျှံရတာပေါ့”

“ငါ့သမီးကို ငါမခွဲနိုင်ဘူး။ နောက်ပြီး ငါတို့ကဆင်းရဲတော့ သီ့ ကိုကျောင်းမထားနိုင်ခဲ့ဘူး။ ငယ်ငယ်လေးနဲ့ကျောင်းထွက်လိုက်ရတဲ့ ငါ့သမီးက နင့်ဆိုင်မှာ စာရင်းဇယား ဘယ်လိုလုပ်နိုင်ပါ့မလဲ”

“သင်ပေးမှာပေါ့ အစ်မရယ်။ ငါ့သမီးတွေနဲ့လည်း အဖော်ရတယ်”

“အစ်မ စဉ်းစားပါဦးမယ်”

“ဒီမှာ အစ်မအတွက် ကန်တော့တာပါ။ များတော့မများဘူး။ ငါဒီကနေ သန်ဘက်ခါပြန်ထွက်မယ်။ မနက်ဖြန်မနက် တစ်ခေါက်ပြန်လာဦးမယ် အစ်မ”

“အေးအေး”

“သီ.. ရေ.. သမီး၊ နင့်ဦးလေးပြန်မယ်တဲ့”

ထမင်းအိုးကို နှစ်ချက်သုံးချက်မွှေပြီး အိမ်ရှေ့ခန်းကို ပြေးထွက်လာခဲ့သည်။

“ပြန်ပြီလားဦးလေး”

“အေး.. ငါ မနက်ဖြန်လာခဲ့ဦးမယ်။ နင်တို့စဉ်းစားထားကြပေါ့”

သီ့ခေါင်းကို ခပ်သွက်သွက်ငြိမ့်လိုက်ပြီး ဆိုက်ကားတွေ ရှုပ်ရှက်ခတ်နေသည့် အိမ်ရှေ့မြေ၀ါလမ်းမပေါ်မှတဆင့် ထွက်ခွာသွားသော ဦးလေး၏ကျောပြင်ကို ငေးကြည့်နေလိုက်သည်။

*****************

ကွေ့ကောက်စီးဆင်းနေသော ဆိုင်ဂုံမြစ်ပေါ်တွင် မေးတင်နေသည့် ဟိုချီမင်းမြို့ကလေးက တောက်ပသော နေရောင်ခြည်အောက်မှာ လှုပ်ရှား အသက်ဝင်နေတတ်သည်။ မြို့လမ်းမတွေပေါ်မှာ မော်တော်ဆိုင်ကယ်များ၊ လူများဖြင့် အမြဲစည်ကား နေတတ်သည်။ မြို့လယ်မှာ ဖွင့်ထားသည့် ဦးလေး၏ ပြင်သစ်စားသောက်ဆိုင်တွင် ကူဖော်လောင်ဖက်အနေနှင့် သီ တစ်ယောက် အလုပ်ဝင်လုပ်နေသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ ပထမတော့ ဦးလေးဖြစ်သူက အတွေ့အကြုံရလာလျှင် ငွေသိမ်းကောင်တာနောက်မှာ ငွေကိုင်ခိုင်းမည်ဟု ပြောခဲ့သော်လည်း တစ်လပြည့်သည်အထိ သီ တစ်ယောက် ဆိုင်နောက်မှာ ပန်းကန်ဆေးသည့်အလုပ်ကို မနက် နေမပွင့်ခင်မှ ညဆယ့်တစ်နာရီခန့်အထိ လုပ်နေရဆဲဖြစ်သည်။ အချို့ရက်များတွင် ပန်းကန်ဆေးရုံသာမက၊ ဆိုင်ကြမ်းပြင်ကို ရေပတ်တိုက်ရသည့်အလုပ်ကိုပါ ကြုံလျှင်ကြုံသလို ၀င်လုပ်နေရသည်။ ဆိုင်ရှေ့က ပန်းပေါင်းစုံရနံ့ မွှေးပျံ့သော ကောင်တာနောက်ဖက်မှာတော့ နောက်ဆုံးပေါ်အ၀တ်အစား အမျိုးမျိုးဝတ်ပြီး အမြဲမွှေးပျံ့လှပနေသော ဦးလေး၏ သမီးနှစ်ယောက်။ အမေ့ မောင်အရင်းဖြစ်သူ ဦးလေးက သီ့အပေါ်မှာ အဖေတစ်ယောက်ကဲ့သို့ သွန်သင်ပြပေးသော်လည်း ဦးလေး၏ မိန်းမနှင့် သမီးနှစ်ယောက်က သီ့ကို အိမ်အဖော်တစ်ယောက်ထက် ပိုပြီး သဘောမထား။

ဆိုင်နောက်က စားစရာပြင်နေသည့် ထမင်းချက်နားမှာ သီတစ်ယောက် ယောင်လည်လည်လုပ်နေရင်း နာဗာရင်ဟုခေါ်သော ပြင်သစ်စာ သိုးသားဟင်း ပြင်ဆင်ပုံပြင်ဆင်နည်းကို လေ့လာနေသည့်တစ်နေ့။

“ကျွန်မ သွားချပေးလိုက်မယ်”

ကြက်သွန်ဖြူနီ၊ မုန်လာဥနီ၊ ပဲသီး၊ ၀ိုင်ဖြူ စသည်တို့ဖြင့် နာဗာရင်ကို အဆီအငေါ် တည့်ရုံမက ဖွယ်ဖွယ်ရာရာဖြစ်အောင် ပြင်နေသော ထမင်းချက်ကို သီပြောလိုက်သည်။ ထမင်းချက်က ပန်းကန်ကို သီ့ထံ လှမ်းပေးလိုက်သည်။

“စားပွဲ နံပါတ်ငါးမှာ သွားချပေးလိုက်”

သီ ခေါင်းတစ်ချက်ညိတ်ပြီး ပန်းကန်ကိုကိုင်လျှက် ဆင်နားရွက်တံခါးလေးကို ကိုယ်လုံးနှင့် အသာတိုက်ဖွင့်ပြီး စားပွဲနံပါတ်ငါးရှိရာသို့ လျှောက်လာခဲ့သည်။ ထိုစားပွဲမှာ မျက်နှာထားတင်းတင်းနှင့် ယောက်ျားသုံးလေးယောက် ထိုင်နေကြသည်။

“နာဗာရင်..”

ပန်းကန်ကို မချသေးဘဲ ဘယ်မှာချရမလဲ ဟူသောသဘောဖြင့် သီမေးလိုက်သည်။ တစ်ယောက်က သီ့ကို ရွှန်းလဲ့သောမျက်ဝန်းများနှင့် ကြည့်ပြီး လက်ထောင်ပြသည်။ ပန်းကန်ကို သူ့ရှေ့မှာ ချပေးပြီး မီးဖိုချောင်ထဲကို ပြန်ထွက်လာခဲ့သည်။

“ငါတော့ တွေ့သွားပြီကွာ”

သီ့နောက်ကျောဖက်မှ အသံတစ်သံကို ကြားလိုက်ရသည့်အချိန်တွင် ကောင်တာနောက်မှ မီးဝင်းဝင်းတောက်နေသော ဦးလေးသမီး၏ မျက်ဝန်းများကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့ သီ့ကို အရှေ့ထွက်ခိုင်းရတာလဲ၊ ဒီနောက်မှာ ဆေးစရာတွေ၊ လုပ်စရာတွေ တပုံကြီး။ ပွဲတွေပြင်ပြီးလို့ ဒီခေါင်းလောင်းကိုနှိပ်လိုက်ရင် ရှေ့က တစ်ယောက်ယောက် လာယူတယ်ဆိုတာ ရှင်မသိတာ ကျနေတာပဲ”

ထမင်းချက်ကိုဟောက်နေသော ဦးလေးသမီးအကြီး၏ အသံက မီးဖိုခန်းထဲမှာ စူးရှစွာ ထွက်ပေါ်လာသည်။

“သီ… နင့်ကိုမခေါ်ဘဲ ဘယ်တော့မှ ထွက်မလာနဲ့၊ ကြားလား။ နောက်ဖက်မှာ ကိုယ့်လုပ်စရာရှိတာသာ ကိုယ်လုပ်၊ ရော့…. အင့်။ ဒီဖန်ခွက်ကို ပြောင်အောင်ဆေး။ နင့်လက်နဲ့ မပြောင်ရင် စက်ထဲထည့်။ စက်ထဲက ထွက်လာတာတွေကို သူ့နေရာနဲ့ သူထား၊ နှေးမနေနဲ့”

“ဟုတ်.. ဟုတ်ကဲ့ မမ”

“အို..”

“ရှင်.. မမ”

“နင့် ပန်းကန်ဆေးရေတွေ ငါ့အင်္ကျီအကောင်းစားကို ပေသွားပြီ၊ ဘယ်လို လုပ်လိုက်တာလဲ..ဟင်။ သွားသွား ငါ့မျက်စိရှေ့က ထွက်သွားစမ်း”

မဖြစ်စလောက် ပန်းကန်ဆေးရေစင်သွားသည်ကို အလွန်အမင်းစိတ်ဆိုးသွားသော သီ့အစ်မ၀မ်းကွဲက သီ့ရင်ဘတ်ကို အရှိန်နှင့်တွန်းပစ်လိုက်သည်။ သီ အရှိန်လွန်ပြီး ကြမ်းပြင်ပေါ်သို့ ထိုင်လျက်သား ကျသွားသည်။ ကမန်းကတန်း လက်ထောက်မိလိုက်၍ ညာဘက်လက်ကောက်ဝတ်က အလွန်အမင်း နာကျင်သွားသည်။ သို့သော် ၀မ်းနည်းစိတ်နှင့် လူးလဲထပြီး ဆိုင်နောက်ဖက်အမှောင်ရိပ်ထဲသို့ ပြေးထွက်ကာ အဖီလေးအောက်တွင် သီ တစ်ယောက်တည်း ချုံးပွဲချငိုနေမိသည်။

“တောက်… ဆင်းရဲသူ မုဆိုးမသမီးမို့ ဒီလိုဆက်ဆံရဲကြတာ။ ငါသာ ကျိကျိတက်ချမ်းသာနေတဲ့ သူတစ်ယောက်ဆိုရင် ဒင်းတို့တွေ ငါ့ကို ဒီလိုဆက်ဆံရဲမှာ မဟုတ်ဘူး။ တစ်နေ့တော့ ဒင်းတို့တွေ အားလုံးထက် ငါ သာစေရမယ်”။

*****************

“သီ.. နင်တိုးတက်ချင်တာ ငါသိတယ်။ ဒါပေမယ့် ဒီလူက အမေရိကားကသာဆိုတယ် ဘယ်လိုလူလဲမသိဘူး။ စဉ်းစားပါဦး”

“အမေရိကားက မဟုတ်ဘူး၊ ကနေဒါက ဦးလေး”

“အေးလေ၊ ကနေဒါနဲ့ အမေရိကားနဲ့က ကပ်နေတာ၊ အမေရိကားတိုက် တစ်ခုထဲမှာလေဟာ၊ ဒီလူတွေပဲ၊ ဒီယဉ်ကျေးမှုပဲ။ ဘာမှသိပ်မခြားဘူး။ နင်ဘာမှလဲ မသိဘဲနဲ့ တစ်ခါမှ မသိမမြင်ဖူးတဲ့သူနောက်ကို လိုက်သွားမလို့လား၊ နင့်လူကြည့်ရတာလဲ ငါရှင်းရှင်းပြောမယ်ဟာ မိုက်ကန်းကန်းရုပ်”

“ဦးလေးကလဲ၊ ဘယ်လောက် ယောက်ျားပီသလိုက်သလဲ။ ပျော့စိစိ ယောက်ျားမျိုး သီတို့က မကြိုက်သေး”

“ထားတော့၊ နင် ဟိုမှာဘာလုပ်ကိုင်စားသောက်မလဲ၊ နင်.. အေဘီစီတောင် ကောင်းကောင်း မတတ်ဘဲနဲ့ဟာ..”

“သူက သိပ်ချမ်းသာတယ်၊ ဟိုမှာ အောင်မြင်နေတဲ့ စီးပွားရေးသမားကြီး။ ဘိစနက်ကဒ်တွေ၊ သူ့အိမ်တွေ၊ ကားတွေပုံလဲ မြင်ပြီးပြီ။ ကျွန်မ ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်တော့ဘူး။ ဘာအလုပ်မှ လုပ်စရာမလိုဘူး။ သူဋ္ဌေးသူကြွယ်ရဲ့ကတော်လုပ်ရုံပဲတဲ့.. ဟင်းဟင်း”

“နင့်အမေနဲ့ ငါလဲ သိပ်ဆင်းရဲခဲ့တာပဲ။ ဆင်းရဲတော့ ငါတို့ငတ်တယ်၊ ငတ်တော့ ပညာထက် ၀မ်းစာကို ရှေ့တန်းတင်ရတယ်၊ ပညာကိုရှေ့တန်းမတင်နိုင်တော့ တီထွင်ကြံဆနိုင်တဲ့၊ တွေးခေါ်ဆင်ခြင်နိုင်တဲ့ ဥာဏ်ရည်က သူများတွေနဲ့ယှဉ်တဲ့အခါ အနည်းနဲ့အများ နိမ့်သွားတယ်။ သမ္မာအာဇီဝကျတဲ့ အလုပ်တွေနဲ့၊ ၀င်ငွေအတန်အသင့် မြင့်မြင့်ရတဲ့ အလုပ်တွေနဲ့လည်း အလှမ်းဝေးတယ်။ ဒီလိုနဲ့ ငါတို့ သံသရာလည်နေခဲ့ကြတယ်။ ငါတို့ပညာအဆင့် မြင့်မြင့်မားမား မသင်ခဲ့ရပေမယ့် ငါရှိတဲ့ အတတ်ပညာလေးနဲ့ ဆိုင်ဂုံမှာ စားသောက်ဆိုင်လေး ဖွင့်ထားပြီး ဘ၀ကိုကျေနပ်တယ်။ အစ်မကို တတ်နိုင်သမျှ ထောက်ပံ့တယ်။ တူမပေမယ့် ငါ့သမီးအရင်းလို ငါစိတ်ထားလို့ တိုးတက်အောင် ဆိုင်ဂုံကို ခေါ်လာတာ၊ ငါ့လို ရိုးရိုးကျင့်မြင့်မြင့်ကြံစေချင်တယ်၊ ဖြတ်လမ်း မလိုက်စေချင်ဘူး။ အခု ငါနင့်ကို သင်တန်းတစ်ခုခု တက်ရအောင်စီစဉ်ပေးပါ့မယ်”။

“နေပါစေ ဦးလေးရယ်..၊ ဆိုင်မှာတောင် မီးဖိုထဲက ထွက်ခွင့်မရသေးတာ၊ နောက်ပြီး ဒီခေတ်မှာ ရိုးရိုးကျင့်ပြီး မြင့်မြင့်ကြံလို့ရသေးလို့လား ဦးလေးရဲ့”

“အေးလေး ဘာပဲဖြစ်ဖြစ် ငါမပြောလိုတော့ဘူး။ ဒါနဲ့ နင့်လူက ဟိုမှာမိန်းမတွေဘာတွေရှိနေဦးမယ်ဟာ၊ နင့်အမေကကော ဘာပြောလဲ”

“မိန်းမ မရှိပါဘူး။ အမေကတော့ သူ့သမီးကို နိုင်ငံခြားမှာနေတဲ့ ယောက်ျား တစ်ယောက်က လက်ထပ်ပြီး၊ နိုင်ငံခြားဆိုတဲ့နေရာကို ခေါ်သွားမှာကို အကျေနပ်ကြီး ကျေနပ်နေတာပေါ့ ဦးလေးရဲ့”

“ဟူး”

သီက ရယ်သံလွင်လွင်လေးနှင့် ရယ်မောလိုက်ချိန်တွင်၊ ဦးလေးက သက်ပြင်းမောတစ်ခုကို လေးပင်စွာ ချလိုက်လေသည်။

*****************

ဒီအလှပြင်ဆိုင်လေးထဲတွင် မျက်မှန်းတန်းနေကျ သီ့ကို မတွေ့ဖြစ်တာ ကြာခဲ့ပြီ။ ကျမ ဆံပင်ညှပ်သည့်အချိန်တွေနှင့် သူမ မျက်နှာပေါင်းတင်ချိန်၊ ဆံပင်အလှပြင်ချိန်၊ လက်သည်းခြေသည်း အလှပြင်ချိန်တွေက လွဲချော်နေတာဖြစ်လိမ့်မည်။

သည်နေ့တော့ ဆိုင်ထဲမှာ လူရှင်းနေသည်။ ဆံပင်ညှပ်သည့် ဗီယက်နမ်မလေး နှစ်ယောက်သာ ရှိနေသည်။ ကျမဆံပင်ကို ကိုင်နေကျ လစ်ဇ် မရှိ။ ဒီနေ့တော့ ရှိသည့်သူနှင့် ကြုံသလိုဆံပင်ညှပ်ရန် ဆုံးဖြတ်လိုက်သောကျွန်မ၊ ဆံပင်အညှပ်ခံရင်း သူတို့နှစ်ဦး စကားအပြန်အလှန်ပြောနေသည်ကို နားထောင်နေလိုက်သည်။

“သီ တစ်ယောက်လည်း ချမ်းသာပြီးရင်း ချမ်းသာရင်းပဲ၊ သူ့အမေတောင် တံငါရွာလေးမှာ မနေတော့ဘူးတဲ့။ ဆိုင်ဂုံက နန်းတော်လို အိမ်ကြီးတစ်လုံးဆီကို ရောက်သွားပြီတဲ့။ သူ့ဦးလေးထမင်းဆိုင်ကို သူတို့ဝယ်လိုက်ပြီး စားသောက်ဆိုင်အကြီးကြီး တိုးချဲ့လိုက်တယ်ဆိုလား။ ဆိုင်ဂုံမြို့ပေါ်မှာ နိုင်ငံခြားအဆင့်မီ နောက်ထပ်ဆိုင်ခွဲတွေတောင် ချဲ့လိုက်သေးတယ်တဲ့။ ဦးလေးသမီးတွေကို အဲဒီဆိုင်မှာ တောက်တိုမယ်ရ ပြန်ခိုင်းထားတယ်ကြားတယ်”

“ဒီလောက်တောင်ချမ်းသာရအောင် သူတို့ကဘာစီးပွားတွေလုပ်လို့လဲ”

“ဟိုဟာလေ”

“ဘယ်ဟာလဲ”

“ဟိုဟာလေ.. နောက်တော့ ငါပြောပြမယ်”

“သြော်… အင်းအင်း”

ကျွန်မ ရှိနေလို့ သူတို့ စကားလွှဲလိုက်သည်ကို ရိပ်မိလိုက်သည်။

“ငါတို့တစ်ရွာလုံးလဲ နိုင်ငံခြားမှာ အလုပ်ထွက်လုပ်တဲ့သူတွေ ပို့တဲ့ငွေနဲ့ ထိုင်စားနေတာ ဘယ်သူမှ တံငါလုပ်ငန်းမလုပ်ကြတော့ဘူးတဲ့.. ဟဟ”

“အေး.. ငါတို့ရွာမှာလဲ ဘယ်သူမှ စိုက်ပျိုးရေး မလုပ်ကြတော့ဘူး။ လယ်ကွင်းတွေဆို ဘာမှကို မထွက်တော့ဘူးတဲ့။ လုပ်စရာလဲ မလိုတော့ဘူးလေ။ အချိန်တန် နိုင်ငံခြားက ငွေရောက်လာမှာကိုပဲ မျှော်နေကြတော့တာပဲ၊ အဲဒါနဲ့ပဲစားနေကြတာ”

“သက်သာတာပေါ့ဟာ”

“ငါတို့တိုင်းပြည်အတွက် ရေရှည်တွေးကြည့်ရင်တော့ ရင်မောစရာကြီး၊ တစ်ခုခု မှားနေသလိုပဲ”

“ငါတော့ဘာမှ လေးလေးနက်နက်တွေ နင့်လိုတွေးမနေပါဘူး… လောလောဆယ် ဟိုကမိသားစုတွေ အဆင်ပြေနေကြဖို့ အဓိကပဲ”

“ဒါပေမယ့် အမြဲတမ်း အလကားရနေတာဟာ စိတ်ဓာတ်ကို ပျက်စီးစေတယ်တဲ့၊ အချို့နိုင်ငံကြီးတွေက စီးပွားရေးသမားတွေဆိုရင် ငါတို့လို ဆင်းရဲတဲ့တိုင်းပြည်တွေကို စားစရာ၊ ငွေ စသဖြင့် လှူဒါန်းသလိုလိုနဲ့ စိတ်ဓာတ်ကို စနစ်တကျ ဖျက်ဆီးတယ်ဆိုလား”

“မသိဘူးဟယ်.. ငါတော့ ဘာမှ လေးလေးနက်နက်မတွေးဘူး။ ငါတွေးတာ သီ့လို အိမ်ကြီးအကြီးကြီးနဲ့ နေချင်တယ်၊ ကားကို ထည်လဲ စီးချင်တယ်၊ လှလှနဲ့ ကျော့ကျော့လေးနေချင်တယ်။ ဗီယက်နမ်ကို သူ့လို တစ်နှစ်ကို သုံးလေးခါလောက် ပြန်ချင်တယ်။ သူ တံငါရွာကလာတာတွေ၊ ဆင်းရဲလွန်းလို့ ပညာမသင်နိုင်လို့ အင်္ဂလိပ်စကားတောင် ကောင်းကောင်းမတတ်တာတွေထက် လောလောဆယ် သူဘယ်လိုအိမ်မျိုးမှာနေတယ်၊ ဘာကားစီးတယ်ဆိုတာကိုပဲ လူတွေက ဂရုစိုက်တာ။ သူ့ယောက်ျားကတော့ ဆိုးတယ်၊ ဆိုးဆို နင်သိတဲ့အတိုင်းလေ။ သီကလဲ ငယ်ငယ်လေးထဲက ခပ်ကြမ်းကြမ်းနဲ့ မိုက်ကန်းကန်း ယောက်ျားတွေကို ကျတတ်တာကလား”

သူတို့ စကားတွေကြားမှာ ကျွန်မ သက်ပြင်းမော တစ်ခုကို မဆီမဆိုင် ခပ်တိုးတိုးချလိုက်မိသည်။

****************

ညနေခင်းလေပြည်က ညံ့သက်စွာ တိုက်ခတ်နေသည်။ ထင်းရှုးပင်ရွက်တို့ တရှဲရှဲမြည်သံကို ကြားနေရသည်။ ဟိုင်းဝေးလမ်းမဘေးရှိ လက်ဝါးကပ်တိုင်လေးတစ်ခုရှေ့က မြေပြင်ပေါ်မှာ ပန်းစည်းအချို့ ငြိမ်သက်စွာ လှဲလျောင်းနေကြသည်။ အချို့ပန်းစည်းများက ညှိုးခြောက်သွားပြီဖြစ်သော်လည်း အချို့ကတော့ လန်းဆန်းနေဆဲ။ လက်ဝါးကပ်တိုင်ပေါ်က အမည်လေးကိုငေးမောရင်း ကျွန်မမျက်ဝန်းတွေ စိုနေသည်။ လက်ထဲက ဂန္ဓမာပန်းဖြူလေးတွေကို လက်ဝါးကပ်တိုင် ရှေ့မြေပြင်ပေါ်ကိုအသာချလိုက်ပြီး ကားဖက်ဆီသို့ ပြန်လျှောက်လာကာ ကားထဲသို့ဝင်ထိုင်လိုက်သည်။ စက်မနှိုးသေးဘဲထိုင်ငေးနေရင်း တစ်ဘက်ခုံပေါ်မှ သတင်းစာကို ခေါင်းငဲ့ကြည့်လိုက်မိသည်။ သတင်းစာရှေ့မျက်နှာစာမှာ လှပသော သီ၏ မျက်နှာလေး။ ထို့နောက် တရားမ၀င် မှောင်ခိုဂိုဏ်းသားအချင်းချင်း ကားမောင်းရင်း သေနတ်နှင့် လှမ်းပစ်သွားသည့် သတင်းများ။ သီ့ယောက်ျားကို ဒဏ်ပေးသည့်အနေနှင့် မိန်းမကိုပစ်မှတ်ထားကာ သီ ကားမောင်းလာစဉ် မျက်နှာချင်းဆိုင်မှ ပစ်သွားသည့် သတင်းများ။

မျက်ဝန်းထောင့်က မျက်ရည်စကို လက်သူကြွယ်နှင့် အသာပွတ်လိုက်သည်။ ထင်းရှုးနံ့သင်းသော ညနေခင်းလေပြည်က ကားပြတင်းပေါက်မှ ဖြတ်တိုက်လာသည်။

“တို့အကြောင်း လူတွေကို ပြောပြလိုက်ပါ”

လေပြည်ထဲမှာ စကားသံလိုလို….

သီ့အတွက် စိတ်မကောင်းစိတ်ဖြင့် ကြားမိတဲ့အသံပေပဲဟု တွေးလိုက်ပြီး နှုတ်ခမ်းထောင့်ကွေးကာ ရင်နာနာနှင့် ကိုယ့်ကိုကိုယ်ပြုံးလိုက်မိသည်။ မျက်ဝန်းတွေကတော့ ပိုပြီးစိုလာခဲ့သည်။ ကားကိုစက်နှိုးပြီး မောင်းထွက်လာခဲ့သည်။ လေထဲမှာ ထင်းရှုးရနံ့များအပြင် Oscar de la Renta ရေမွှေးနံ့ သင်းသင်းလေးကိုပါ ရှိုက်မိလိုက်လေတော့သည်။   

အိမ့်ချမ်းမြေ့
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

Display 2 of 2 comments

1. 13-08-2009 16:25

like it
မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားကပြန်ပို့ တဲ့ပိုက်ဆံ ကိုပဲမျှော်နေရတဲ့မိသားစုတွေအတော်များနေပြီနော် 
ဖတ်ပြီးတော့ စိတ်မကောင်းဘူး :sigh
Guest
ဧည့်သည်

2. 26-07-2009 18:49

ဝမ်းနည်းစရာလေး
ဖတ်သွားပြါ ပီ မလေးရေ... ဝမ်းနည်းစရာလေး...။ :sigh
Guest
sdl

Display 2 of 2 comments

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
ကဗျာတစ်ပုဒ်၏ နိဂုံး

Rating 2.6/5 (17 votes)