Home စာအုပ်စင်
23 | 05 | 2013
Menu
သံလွင်အိပ်မက် [Latest]
သံလွင်အိပ်မက်အဟောင်းများ
Download Zawgyi
mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့158
mod_vvisit_counterမနေ့က1571
mod_vvisit_counterတစ်ပတ်အတွင်း5668
mod_vvisit_counterယခင်သတင်းပတ်က11734
mod_vvisit_counterတစ်လအတွင်3း7186
mod_vvisit_counterယခင်လက72912
mod_vvisit_counterစုစုပေါင်း2887593
Join us in Facebook
Facebook Fanbox 1.5.x.0
စာအုပ်စင်

Views : 3736    

Favoured : 75

Share

သံလွင်စာအုပ်စင်

စာအုပ်အမည်  - ဆင်းရဲခြင်းလွတ်ကင်းအောင်
စာရေးသူ        -  ကျော်ဝင်း


စာရေးဆရာ ကျော်ဝင်းက Jeffrey D Sachs ရေးသည့် The End of Poverty မှ အခန်းအချို့ကို ဘာသာပြန်ထားခြင်း ဖြစ်သည်။ Jeffrey D Sachs သည် ဘောဂဗေဒပညာရှင်တစ်ဦး ဖြစ်ပြီး နိုင်ငံတော်တော်များများ၏ စီးပွားရေးပြောင်းလဲမှု စီမံကိန်းများကို လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသူ တစ်ယောက်ဖြစ်ပြီး သူ၏ အတွေ့အကြုံများ၊ အခက်အခဲများ၊ အောင်မြင်မှုများကို တင်ပြထားခြင်း ဖြစ်သည်။ သူက နိုင်ငံများ၏ စီးပွားရေး ပြဿနာများကို ချဉ်းကပ်နည်းကို ဇနီးဖြစ်သူ ကလေးအထူးကု ဆရာဝန်၏ ကလေးကုနည်းနှင့် နှိုင်းယှဉ် တွေးဆကာ Clinical Economics ဟု အမည်ပေးခဲ့သည်။

စာရေးဆရာ ကျော်ဝင်းက “ဆင်းရဲခြင်းလွတ်ကင်းအောင်” စာအုပ်တွင် အပိုင်းလေးပိုင်းခွဲကာ အခန်း (၇) ခန်းနှင့် တင်ပြထားသည်။ ရှုခင်းဟုသော အပိုင်း၊ အခန်း (၁) ကို ကမ္ဘာ့မိသားစုရုပ်ပုံလွှာ ဟု အမည်တပ်ကာ အာဖရိက တောင်ပိုင်းရှိ မာလာဝီနိုင်ငံ၊ အာရှရှိ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ် လေးနိုင်ငံတို့ကို ဖောပြထားသည်။ အလွန်အမင်း ဆင်းရဲမွဲတေမှု၊ ဆင်းရဲမွဲတေမှု၊ သာမာန်ဆင်းရဲမွဲတေမှုနှင့် ဆင်းရဲမှုမှ လွတ်မြောက်မှုတို့ကို ထိုလေးနိုင်ငံကို ကိုယ်စားပြုကာ တင်ပြထားသည်။

သဘောတရားနှင့် လက်တွေ့ အပိုင်း၊ အခန်း(၂) တွင်မူ ဇနီးသည်၏ ရောဂါကုသပုံနှင့် စီးပွားရေးပြဿနာများကို နှိုင်းယှဉ်ထားသည်။ ကလေးတစ်ယောက် နေမကောင်းလျှင် ဇနီးသည်က လူနာကလေးကို ချဉ်းကပ်ကာ နည်းမျိုးစုံနှင့် စမ်းသပ်သည်။ နောက် ရောဂါစစ်တမ်းပြုစုပြီး လိုအပ်သော ကုထုံးကို သတ်မှတ်သည်။ အနာနှင့်ဆေးတွေ့သောအခါ လူနာတွေ ရောဂါပျောက်ကင်းကုန်သည်။ ထိုသည်ကို အခြေခံကာ စီးပွားရေးတွင် ပြဿနာကို အရင်ရှာသည်။ စီးပွားရေး စစ်တမ်းများ ပြုစုသည်။ ထို့နောက် စီမံကိန်းများ သတ်မှတ်ကာ လုပ်ကိုင်သင့်သည်ဟု သူက အဆိုပြုသည်။ သို့သော် သဘောတရားနှင့် လက်တွေ့ ကွာခြားတတ်ပုံ ကိုလည်း သူကတင်ပြထားသည်။

အတွေ့အကြုံနှင့်သင်ခန်းစာများ အပိုင်းကို အခန်းလေးခန်း ခွဲထားသည်။ ပိုလန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ တို့၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အခန်းတစ်ခုချင်း တင်ပြထားသည်။ စီးပွားရေးနှင့်အတူ၊ စီးပွားရေးကို ထိခိုက်စေ၊ အကျိုးပြုစေနိုင်သော  နိုင်ငံရေး၊ အုပ်ချူပ်မှုများ၊ခေါင်းဆောင်များ၏ စေတနာများ၊ နိုင်ငံပထ၀ီ အနေအထားများ၊ သမိုင်းဆိုင်ရာ အချက်အလက်များ၊ သဘာဝ သယံဇာတများ အကြောင်းကို ရှင်းလင်းတင်ပြထားသည်။

နောက်ဆုံး အပိုင်းကို “စိန်ခေါ်ချက်” ဟု အမည်တပ်ကာ အခန်း(၇) ကျွန်တော်တို့ မျိုးဆက်အတွက် စိန်ခေါ်ချက်ဟုတင်ပြထားသည်။ အတွေးအခေါ် အဆင့်ဆင့် ပြောင်းလဲလာပုံ၊ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်ပေါ်လာခြင်း၊ အင်တီဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်ပေါ်လာခြင်း တို့၏ ကောင်းခြင်းဆိုးခြင်းများကို တင်ပြထားသည်။ ကျွန်စနစ်ကျဆုံးခြင်း၊ ကိုလိုနီစနစ် နိဂုံးချူပ်ခြင်း၊ အသားအရောင်ခွဲခြားမှုပပျောက်ရေး လှုပ်ရှားမှုများအကြောင်းအပေါ် သူ၏အမြင်များကို ရှင်းလင်းထားလေသည်။

သယံဇာတကြွယ်ဝသော်လည်း ထိုသယံဇာတများကို နည်းပညာနှင့် မပေါင်းစည်းနိုင်အိမ်နီးချင်းနိုင်ငံများသို့ရောင်းချကာ ဆင်းရဲသထက်ဆင်းရဲလာသော၊ စီးပွားရေး လုပ်ငန်းများကို အာဏာပိုင်နှင့် နီးစပ်သူများက လက်ဝါးကြီးအုပ်စိုးထားသော၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် စားပွဲတစ်ပွဲတည်းထိုင်ကာ မဆွေးနွေးလိုသော အုပ်ချူပ်သူများ၊ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုကိုခံနေရသော၊ အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး လက်အောက်ခံဖြစ်နေသော မြန်မာနိုင်ငံအတွက် သင်ခန်းစာ များစွာကိုပေးသည့် စာအုပ်တစ်အုပ် ဖြစ်သည်။ စီးပွားရေးကို စိတ်ဝင်စားသူများ၊ NGO များတွင် လုပ်ကိုင်နေသူများ၊ လူငယ်များ ဖတ်သင့်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်လေသည်။

-------------------------------------------------------------------------------------------------
စာအုပ်အမည်  -   The Housekeeper and the Professor
စာရေးသူ        -   Yoko Ogawa (Translated by Stephen Snyder)


ဒီဝတ္ထုရဲ့ ပထမထူးခြားတဲ့အချက်ကတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ သင်္ချာပါမောက္ခဟာ အနှစ်နှစ်ဆယ်လောက်က လုပ်ခဲ့တဲ့ သင်္ချာဂဏန်းတွေ အီကွေးရှင်းတွေကို ကောင်းကောင်းသတိရနေပေမယ့် ပစ္စုပ္ပန်မှာတော့ ကိုယ်လုပ်ခဲ့တာရဲ့ မိနစ် ရှစ်ဆယ်ပိုင်းကိုပဲ သတိရနိုင်ပါတယ်။ ဒုတိယထူးခြားတဲ့အချက်ကတော့ သူဟာ ဘ၀မှာကြုံတွေ့ရတဲ့ဘယ်အရာကိုမဆို သူနှစ်သက်တဲ့ဂဏန်းတွေနဲ့ပဲ ဆက်စပ်လေ့ရှိပါတယ်။

သူနေတဲ့အိမ်ကိုထိန်းသိမ်းပေးသူအဖြစ် ကိုးယောက်မြောက် ခန့်ထားခံရတဲ့ ၀တ္ထုရဲ့ဇာတ်ကောင်အမျိုးသမီးကိုတွေ့တော့ သူမကိုပထမဆုံးမေးတဲ့မေးခွန်းဟာ သူမရဲ့ ဖိနပ်အရွယ်အစားပဲ ဖြစ်ပါတယ်။ ပါမောက္ခသတိထားမိတဲ့ အချက်က သူမရဲ့ ဖိနပ်အရွယ်အစား ၂၄ ဟာ factorial of four ဖြစ်နေတယ်ဆိုတာထက် ကျန်တာမပါရှိခဲ့ပါဖူး။ သူမရဲ့ ဆယ်နှစ်အရွယ် သားလေးကို ပါမောက္ခပေးထားတဲ့နာမည်က Root - အဲဒီကောင်လေးရဲ့ ခပ်ပြားပြားခေါင်းထိပ်ကိုမြင်တိုင်း ပါမောက္ခဟာ square root ကို သွားသတိရလို့ အဲလိုနာမည်ပေးခဲ့ပါတယ်။

ဒီစာအုပ်ရဲ့ထူးခြားတဲ့အချက်ကတော့ သင်္ချာပိုင်းဆိုင်ရာ numbering systems (prime numbers, natural numbers, etc), origin and importance of zero, Euler’s theorem, factors စတာတွေကို ဇာတ်လမ်းထဲမှာ စိတ်ဝင်စားစရာကောင်းအောင် ဖတ်သူအတွက် ဗဟုသုတလည်းတိုးအောင် ပေါ့ပေါ့ပါးပါးထည့်သွင်း ရေးသားနိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပါမောက္ခ၊ အိမ်ကိုထိန်းသိမ်းပေးသူအမျိုးသမီးနဲ့ သူ့သားတို့ကြား မေတ္တာရောင်ပြန်ဟပ်ပုံတွေကို နွေးထွေးဖွယ်ရာဖြစ်အောင် သီဖွဲ့ထားနိုင်ပါတယ်။ သူတို့သုံးဦးတို့ရဲ့ နောက်ခံဘ၀တွေအကြောင်း သူတို့နဲ့ဆက်စပ်သူတွေအကြောင်းကို လိုအပ်တဲ့နေရာတွေမှာ ဖြည့်စွက်ရေးသားထားပုံက ဇာတ်လမ်းကိုပိုမိုကျစ်လစ်သွားစေပါတယ်။

ဂျပန်နိုင်ငံရဲ့ ဂုဏ်အရှိဆုံးရသစာပေဆုကို ရရှိထားတဲ့ စာရေးဆရာမဟာ ဒီစာအုပ်မှာ ရှင်းလင်းတိုတောင်းတဲ့စာကြောင်းတွေနဲ့ တစ်ကြောင်းနဲ့တစ်ကြောင်းကြား ချိတ်ဆက်မှုတွေ ခံစားချက်တွေကို အလေးပေးထားပုံရပါတယ်။ ကောလိပ်တခုမှာ ဂျပန်ဘာသာရပ်ကိုသင်ကြားနေတဲ့ ဒီစာအုပ်ကိုဘာသာပြန်သူ Stephen Snyder ကလည်း ရိုးရှင်းထိရောက်တဲ့စကားလုံးတွေနဲ့ ဘာသာပြန်ထားတာကြောင့် ဇာတ်လမ်းရဲ့ရသကို ပိုပြောင်မြောက်စေပါတယ်။

ဒီဝတ္ထုဟာအရေးအသားပိုင်း ကောင်းရုံသာမက တတိယအရွယ်ရောက်သူတို့ရဲ့ဘ၀အစိတ်အပိုင်းကို ဖွင့်ဟပြထားသလို မေတ္တာရဲ့တန်ခိုးကြီးမားမှုကို ဖော်ကျူးထားပါတယ်။ ဒါကြောင့် ဂဏန်းတွေနဲ့ရောယှက်ထားတဲ့ ခုလိုရသ၀တ္ထုဟာ အများနဲ့မတူ တမူထူးခြားနေတယ်ဆိုတာကတော့ မလွဲဧကန်ပဲ ဖြစ်ပါတော့တယ်။
--------------------------------------------------------------------------------------------


စာအုပ်အမည်  - ဘုံဘ၀မှာဖြင့် ထက်ကြပ်မကွာ
စာရေးသူ        -  သခင်တင်မြ

သခင်တင်မြ၏ နာမည်ကြီးသော “ဘုံဘ၀မှာဖြင့်” ၏ အဆက် ဖြစ်ပါတယ်။ “ကျွန်မအကြောင်း၊ မောင့်အကြောင်း ၊ နိုင်ငံရေးနှင့် နိုင်ငံရေးခေါင်းဆောင် အချို့အကြောင်း”ဟု ရေးထားသော စာလုံးနက်နက်၊ အ၀ါရောင် နောက်ခံ အနီရောင်စာလုံး အဖြူရောင်စာလုံးများက ဤစာအုပ်သည် တော်လှန်ရေးအကြောင်း၊ နိုင်ငံရေးအကြောင်း ရေးထားသော စာအုပ်ဖြစ်သည်ဟု ထင်ရှားစေပါတယ်။ သခင်တင်မြ၏ အမှာစာတွင် အဖြူနှင့်သူတို့၏ ခိုင်မြဲသော သစ္စာရှိသော အနစ်နာခံသော သူတို့နှစ်ဦး၏ မေတ္တာကို လှစ်ခနဲ မြင်လိုက်ရပါတယ်။ ဒီအကြောင်းအရာများက ပင်လျင် စာဖတ်သူ၏ စိတ်ကို ဆွဲငင်လိုက်သော အရာများ ဖြစ်ပါတယ်။

ဤစာအုပ်ကို အခန်းပေါင်း ၁၅ ခန်းခွဲထားကာ ကွန်မြူနစ်ပါတီခေါင်းဆောင်တစ်ဦး၏ ဇနီး ဖြစ်သူ အဖြူနေရာမှ ခံစားကာ ရေးဖွဲ့ထားပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်းကို ပျင်းရိဖွယ်မရှိအောင် ပြည်သူတစ်ဦး၊ လူသားတစ်ဦး၊ ဇနီးတစ်ဦး အနေဖြင့်ရေးဖွဲထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ အခန်း(၁) အဖွင့်တွင် အဖြူ မအူပင်ထောင်အတွင်းသို့ ကျသည် နှင့် စတင်ထားကာ ထောင်တွင်းရှိ ထောင်မှူးတစ်ယောက် ဖြစ်သူ၏ မထိတရိစကားမှ သူမ၏ မောင်ကို သတိတရ လွမ်းဆွတ်ပုံနှင့် အတွေးရေယာဉ်ကြောစီးဆင်းပေးလိုက်ပုံမှာ လှလှပပ ရှိပါတယ်။ အခန်း(၄)တွင် ကျွန်တော်တို့ သိထားသော “မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေမယ်”ဆိုတဲ့ မိန့်ခွန်းကိုဟောပြောခဲ့သူ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းနှင့် ရည်းစား မခင်ကြီးတို့၏ “ချစ်ခြင်းအစ မျက်စိက” ဆိုသော ဇာတ်လမ်းတိုလေးကို မိန်းမများအုပ်စုဖွဲ့ကာ စကားပြောလေဟန်ဖြင့် ရေးဖွဲ့ထားပါတယ်။ စာဖတ်နေရင်းပင် ကိုဗဟိန်း၊ ကိုအောင်ဆန်း၊ ကိုလှရွှေ၊ ကိုမင်းကိုနိုင်၊ ကိုကျော်ကိုကို စသည့် မတရားမှုကို တော်လှန်သော စွန့်လွှတ် အနစ်နာခံ ကျောင်းသား ခေါင်းဆောင်များကို သတိရမိပါတယ်။

သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်နု စသော နိုင်ငံရေးသမားများအကြောင်း၊ ထိုအချိန်က မြန်မာပြည် နိုင်ငံရေး အခြေနေနှင့် စစ်ရေးအကြောင်း၊ ချင်းလူမျိုးတို့၏ ဓလေ့အကြောင်း၊ သိပံ္ပမောင်ဝကို သတ်သူ ဓားပြတစ်ဦး အကြောင်း၊ သာယာဝတီထောင်ဝန်ထမ်းများ၏ ရက်စက်မှုများ အကြောင်းကို ခပ်ရေးရေး တွေးဆ ရနိုင်ပါတယ်။ ယနေ့ခေတ်အခြေအနေနှင့်လည်း နှိုင်းယှဉ် ခန့်မှန်းနိုင်လေသည်။ အခန်း(၁၃) နှင့် အခန်း(၁၄) တွင် ကွန်မြူနစ်ပါတီ၏ မြေအောက်လှုပ်ရှားမှုများကို တင်ပြထားပါတယ်။  ဟောင်းနွမ်းသော်လည်း လျှို့ဝှက်လုပ်ကိုင်သူများ၏ အခြေခံနည်းများဖြစ်ပါတယ်။

အခန်း(၁၅) တွင် သခင်တင်မြ အဖမ်းခံရခြင်း၊ အဖြူ သမီးလေး မွေးခြင်းဖြင့် အဆုံးသတ်ထားပါတယ်။ သခင်တင်မြဟာ ဗိုလ်ချူပ်နေ၀င်းရဲ့ အကြံပေး အရာရှိဖြစ်ခဲ့တယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။

သမိုင်းဆိုသည်ကို ဖုံးကွယ်လေ့ရှိသော မြန်မာ့သမိုင်းအရ ဤစာအုပ်တွင်လည်း ကွန်မြူနစ်ပါတီနှင့် မြန်မာ့နိုင်ငံရေးအကြောင်း တစေ့တစောင်းကို ၁၉၆၀ ခုနှစ်အထိသာ တင်ပြထားပါတယ်။ ၁၉၆၂-၁၉၈၈ ဗိုလ်ချူပ်နေ၀င်း အုပ်ချူပ်သော မြန်မာပြည်နိုင်ငံရေးဟာ ၁၉၈၈မှ ယခုခေတ်ကာလအထိ ဆက်စပ်လျက်ရှိပါတယ်။ အမှန်ကို အမှန်ဟု မရင်ဆိုင်ရဲသူ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း သမိုင်းကို အစဖျောက်သော်လည်း ရှေ့မီနောက်မီသူများကတော့ နောင်တစ်ခေတ်တွင် သမိုင်းဝတ္ထုများသဖွယ် ရေးကြမည်သာ ဖြစ်ပါတယ်။ သမိုင်းအမှားများ၏ ရလဒ်များကို ရင်ဆိုင်ရင်း ထပ်ခါတလဲလဲ အမှားများ ကျူးလွန်နေသော လက်ရှိ ခေါင်းဆောင်များကိုလည်း နောက်တချိန်သမိုင်းက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ မြန်မာပြည်နိုင်ငံရေးကို စိတ်ဝင်စားသူများ၊ သမိုင်းကို စိတ်ဝင်စားသူများအပြင် ၀တ္ထုကောင်း ကြိုက်သူများအနေနဲ့ ဖတ်ဖြစ်အောင် ဖတ်သင့်သော သမိုင်းနောက်ခံ အတ္ထုပတ္တိဝတ္ထု ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
--------------------------------------------------------------------------------------------


စာအုပ်အမည်  - Creating a World Without Poverty
စာရေးသူ        -  Muhammad Yunus

ဆင်းရဲခြင်းကင်းသော ကမ္ဘာတစ်ခုတည်ဆောက်ခြင်းလို့ အမည်ရတဲ့ ဒီစာအုပ်ကို ရေးသူကတော့  ၂၀၀၆ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား စီးပွားရေးပညာရှင် မိုဟာမက် ယူနွတ် ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ မြန်မာအခေါ် စစ်တကောင်းမြို့မှာ ၁၉၄၀ ကမွေးဖွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာတက္ကသိုလ် ကနေ ဘောဂဗေဒပညာရပ်ဘွဲ့၊ မဟာဘွဲ့ကို ရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဗန်ဒါဘစ်တက္ကသိုလ် (Vanderbilt University)က စကော်လာရရှိပြီး Phd ဒေါက်တာဘွဲ့ကို ရရှိခဲ့ပါတယ်။ သူက Grameen Bank ကိုတည်ထောင်ခဲ့ပြီး ဆင်းရဲသားတွေကို အတိုးနည်းနည်းနဲ့ ချေးခဲ့ပါတယ်။ ဆင်းရဲသားပေါင်းများစွာ ဆင်းရဲခြင်းကနေ ရုန်းထွက်နိုင်ခဲ့တာ ကြောင့်မို့ ယူနွတ်နဲ့ Grameen Bank ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

“ဆင်းရဲသားတစ်ယောက်မှ မရှိတဲ့ ကမ္ဘာကို တည်ဆောက်လိုဖို့ စိတ်ဆန္ဒရှိတဲ့သူတွေ အတွက်” လို့ စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာရေးထားတဲ့ စာကြောင်းလေးက စာဖတ်သူကို စွဲဆောင်သွားစေတယ်။ The promise of social business ၊ The Grameen Experiment ၊ A world without poverty ဆိုပြီး အပိုင်းသုံးပိုင်း ခွဲထားပါတယ်။ ပထမ အပိုင်းမှာတော့ စီးပွားရေးပုံသဏ္ဍာန်အသစ် တစ်ခုဆိုပြီး လူမှုစီးပွားရေး (Social Business) ကိုမိတ်ဆက်ထားပါတယ်။ The Grameen Experiment မှာ Grameen Bank (Village Bank)  ရဲ့ အတွေ့အကြုံတွေကို တင်ပြထားပါတယ်။ အသေးစားငွေချေးလုပ်ငန်း အကြောင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဆင်းရဲမှုတိုက်ဖျက်ခြင်း အကြောင်းတွေကို  Grameen Bank အတွေ့အကြုံအရ ဖော်ပြထားတာ ဖြစ်တယ်။တတိယအပိုင်း A world without poverty မှာတော့ ဈေးကွက်ကို ချဲ့ခြင်း၊ အိုင်တီ နည်းပညာ၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ပုံပြောင်းနေသောကမ္ဘာကြီးအကြောင်းတွေကို ဖော်ပြထားပြီး နောက်ဆုံးမှာဆင်းရဲမွဲတေမှုကို ပြတိုက်ထဲမှာ ထားနိုင်ဖို့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။

“လူတွေ တော်တော်များများက လွတ်လပ်တဲ့ စီးပွားရေးဈေးကွက်ပုံသဏ္ဍာန်တွေက ဆင်းရဲခြင်း၊ ရောဂါထူပြောခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ လာဘ်စားမှုများပြားခြင်း၊ ဒုစရိုက်မှု များခြင်း နဲ့ လူတန်းစားမညီမျှခြင်းတွေနဲ့ မဆိုင်ဘူးလို့ ထင်ကြတယ်။ ဒါတွေဟာ အစိုးရရဲ့ အလုပ် တာဝန်လို့ သဘောထားကြတယ်။ ကိုယ်ပိုင်စီးပွားရေးတွေက ကိုယ့်တိုင်အမြတ်ရဖို့ ကို ဦးတည်စဉ်းစားကြပြီးတော့ အစိုးရအနေနဲ့ကတော့ ပြည်သူတွေအားလုံးကို ကိုယ်စားပြုထားတဲ့ အတွက်ကြောင့်မို့ ဒါတွေဟာ အစိုးရရဲ့ အလုပ်လို့ ထင်ကြပါတယ်။ ဟုတ်ပါတယ်။ ယုတ္တိကျကျ စဉ်းစားကြည့်မယ်ဆိုရင်ကတော့ အစိုးရကလုပ်သင့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့တွေ မစဉ်းစားမိတာက အစိုးရအဖွဲ့အစည်းတွေက တစ်ခုခု လုပ်ရင် အချိန်ကြန့်ကြာတတ်ပါတယ်။ မကျွမ်းကျင်မှု၊ လာဘ်စားမှုတွေ၊ ရှေးရိုးဆန်မှုတွေကို ကောင်းပါတယ်ဆိုတဲ့ ပြည်သူ့အစိုးရတွေမှာတောင် တွေ့နေရတယ်။ ဒါကြောင့် အဲဒါတွေကို တိုက်ဖျက်မယ်၊ တိုင်းပြည်စီးပွားရေးကို ပြုပြင်ချင်တယ်ဆိုရင် အစိုးရအဖွဲ့တစ်ခုတည်းနဲ့ မလုပ်နိုင်ပါဘူး။

အစိုးရရဲ့ နှောင့်နှေးမှုတွေကို စိတ်ပျက်ကြတဲ့ သူတွေက NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို အားကိုးလာကြတယ်။ NGO တွေက နာမည် အမျိုးမျိုးနဲ့ လှုပ်ရှားနေတဲ့ လူမှုကူညီရေး အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အလှူအတန်းလုပ်ခြင်းဟာ လူသားတွေရဲ့ အခြေခံလူသားဆန်တဲ့ အပြုအမူတစ်ရပ်ဖြစ်ပါတယ်။ ဘာသာတရားတွေတိုင်းမှာလည်း လိုအပ်တဲ့သူ၊ ဆင်းရဲသူတွေကိုလှူတန်းတာဟာ မြင့်မြတ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် လှူတန်းတာ တစ်ခုတည်းဟာ ဆင်းရဲခြင်းကို ပပျောက်သွားအောင် မလုပ်နိုင်ပါဘူး။ NGO တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုကတော့ ဆင်းရဲတဲ့သူတွေကို လုံလောက်အောင် သူတို့မဝေငှနိုင်ဘူးဖြစ်နေတယ်။ ချမ်းသာတဲ့ နိုင်ငံက လှူတဲ့သူတွေကိုလည်း နားလည်သင့်တယ်။ တခါမှ မမြင်ဖူးတဲ့သူတွေဆီကို လှူရတယ်၊ လှူလိုက်တဲ့ အရာတွေဟာ တကယ့်ဆင်းရဲတဲ့ သူတွေဆီကို ရောက်မရောက်ကို သူတို့တွေ စိုးရိမ်ကြတယ်ဆိုတာကိုလည်း နားလည်သင့်ပါတယ်။ ဒါကြောင့် ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဆင်းရဲမှုတွေကို NGO တွေဆီက အထောက်အပံ့တွေနဲ့တင် ပပျောက်အောင် မလုပ်နိုင်ပါဘူး။ အသေအချာ ဂရုစိုက် ကိုင်တွယ်မယ်ဆိုရင် လူမှုစီးပွားရေးလုပ်ငန်းက တကယ့်ကို ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ အဲဒီလို စီးပွားရေးလုပ်ငန်းက လူ့ပတ်ဝန်းကျင်ကို အထောက်အပံ့ဖြစ်သလို လူ့ပတ်ဝန်းကျင်ကလည်း စီးပွားရေးလုပ်ငန်းကို အထောက်အပံ့ဖြစ်ပါတယ်။ အတူတကွ တိုးတက် အောင်မြင်နိုင်ပါသလို တစ်ဦးချင်း စီးပွားရေးကိုလည်း တိုးပွားစေနိုင်ပါတယ်။

ဆင်းရဲခြင်းကင်းတဲ့ ကမ္ဘာကြီး ဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဆင်းရဲခြင်းက ဆင်းရဲသားတွေကြောင့်မို့ ဖြစ်လာတာမဟုတ်ဘဲ ကျွန်တော်တို့ ကိုယ်တိုင် ချမှတ်ခဲ့တဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေကြောင့် ဖြစ်လာတာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေး စနစ်တွေကို ပြင်လိုက်နိုင်ရင် ဆင်းရဲခြင်းက လွတ်မြောက်လာမှာပါ” လို့ ယူနွတ်က ဒီစာအုပ်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။

ဖတ်ဖြစ်အောင် ဖတ်သင့်သော စာအုပ်တစ်အုပ်ဖြစ်တာကြောင့် သံလွင်စာအုပ်စင်မှာ တင်လိုက်ပါတယ်။
Quote this article in website Favoured Print Send to friend

Users' Comments  RSS feed comment
 

Average user rating

 

No comment posted

Add your comment



mXcomment 1.0.8 © 2007-2013 - visualclinic.fr
License Creative Commons - Some rights reserved
စာအုပ်စင်

Rating 2.9/5 (16 votes)